သင်္ကြန်ထမင်း၊ ငါးခြောက်ထောင်းကြော်












ဘာလိုလိုနဲ့ သင်္ကြန်ရောက်တော့မယ်။ အိမ်ကလူတွေကတော့ အားလုံးကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့။ မယ်တော် မားသားကတော့ တရားစခန်းဝင်မယ်တဲ့။ မယ်တော်မားသားမရှိတော့ စားရသောက်ရတဲ့ကိစ္စက ပြဿနာတစ် ခုပေါ့။ သင်္ကြန်တွင်းကြီးလေ.....သင်္ကြန်ဆိုတော့ သင်္ကြန်ထမင်း၊ ငါးခြောက်ထောင်းကြော်နဲ့ သရက်သီးပေါက်ကြော်လေး ချက်စားကြတဲ့။ သင်္ကြန်ထမင်းဆိုလိုက်မှ အရင် နှစ်တွေက သင်္ကြန်ထမင်းချက်ရင် အိမ်မှာကိုယ်ကမရှိဘူးလေ။ မယ်တော်မားသားတရားစခန်းမ၀င်ခင် သင်္ကြန် ထမင်းချက်နည်းလေး မေးထားဦးမှပဲ။

 သင်္ကြန်ထမင်း
သင်္ကြန်ထမင်းဆိုတာက သင်္ကြန်မှာလူတိုင်းစားဖူးနေကျ ထမင်းတစ်မျိုးပေါ့။ ဖယောင်းနဲ့ နံသာဖြူ သင်း သင်းလေးလည်းရှိသလို ဖယောင်းနံ့သင်းသင်းလေးနဲ့လည်း ရှိပါတယ်။ ပထမဦးဆုံး ဖယောင်းနဲ့ နံ့သာဖြူနံ့ပါတဲ့ သင်္ကြန်ထမင်းချက်ဖို့အတွက် ဒန်အိုးဖုံးသန့်သန့်လေးတစ်ခုပေါ်မှာ အိုးကြမ်းကွဲလေး ဒါမှမဟုတ် ကြွေပန်းကန် သေးသေးလေးတစ်ခုတင်မယ်။ နံ့သာဖြူလေးနည်းနည်းရယ် ဖယောင်းလေး နည်းနည်းရယ်ကို ခြစ်ထည့်လိုက် မယ်။ ပြီးရင် မီးရှို့လိုက်မယ်။ မီးတောက်တာနဲ့ ချက်ခြင်း ဒန်အိုးကို အပေါ်ကနေအုပ်လိုက်မယ်။ လေလုံဖို့တော့ လိုတာပေါ့။ 
နှစ်နာရီလောက်ကြာအောင်ထားပြီးမှ အိုးထဲကိုရေထည့်မယ်။ ဒါဆို သင်္ကြန်ထမင်းထဲထည့်မယ့် ရေ အတွက် အနံ့မွှေးမွှေးလေး အဆင်ပြေပြီ ကိုယ်လိုချင်သလောက်အနံ့ရဖို့အတွက် အိုးထဲကမွှေးတဲ့အရည်ကို ဇွန်းနဲ့ချင်ချိန်ထည့်ပေါ့။ အမေကတော့ အိုးကိုသုံးတဲ့နေရာမှာ မြေအိုးကိုသုံးတာပိုကြိုက်တယ်။ သင်္ကြန် ဆိုတော့ အတာအိုးထိုးဖို့ အိမ်တိုင်းလိုလို အတာအိုးဝယ်ကြတာပဲလေ။ အိုးလေးတစ်အိုးပို ၀ယ်လိုက်ရင် ရပြီပဲ။ အပန်းကြီးတဲ့ကိစ္စမှ မဟုတ်တာ။ နံ့သာဖြူနံ့ပါတာကို မကြိုက်တဲ့သူတွေအတွက် ဖယောင်းနံ့တစ်မျိုး  တည်းပါတဲ့ နောက်တစ်နည်းကိုပြောမယ်။ ရေတကောင်းထဲမှာ ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်မယ် ပြီးရင်အပေါ်ကနေ ရေခဲတုံးနဲ့ ပိတ်ထားလိုက်မယ်။ ရေခဲကအရည်ပျော်တဲ့ရေထဲမှာ ဖယောင်းနံ့ပါသွား တဲ့သဘောပေါ့။ အဲဒီရေကို သင်္ကြန်ထမင်းထဲ ထည့်ရုံပါပဲ။ ထမင်းကိုချက်လို့ အနေတော်ရပြီဆိုရင် စကာတစ်ခုထဲကို လောင်းထည့်၊ ပြီးရင်အပေါ်ကနေ ရေလောင်းပြီးဆေးမယ်၊ ရေခဲရေထည့်မယ်။ အနံ့အတွက်ကတော့ ခုနလုပ်ထားတဲ့အမွှေးရည်ထဲ သင့်တော်ရုံထည့်လိုက်ရင်ရပြီ။ 

 ငါးခြောက်ထောင်းကြော်
ငါးခြောက်ထောင်းကြော်အတွက်ကတော့ ငါးကွမ်းရှပ်ခြောက်က အဆင်အပြေဆုံးပဲ။ ဒါပေမဲ့ ဈေးအနေ အထား အရ ကျန်တဲ့အသားများတဲ့ငါးခြောက်ကို သုံးလည်းရပါတယ်။ ငါးခြောက်ကိုပြုတ်ပြီးရင်ထောင်း၊ ကြက်သွန်နီကို ကြော်ပြီး ဆီစစ်ထား၊ ကြက်သွန်နီကြော်တဲ့ဆီထဲကို ခုနထောင်းထားတဲ့ ငါးခြောက်ကို ထည့်ပြီး မွလာအောင် ကြော်၊ မွမွကြွပ်ကြွပ်လေးရပြီဆိုရင် ခုနကြော်ထားတဲ့ ကြက်သွန်နီကြော်လေး ထည့်မွှေလိုက်ရုံပါပဲ။ သရက်သီး ပေါက်ကြော်ဖို့အတွက်ကတော့ သရက်သီးစိမ်းကို ဓားလေးနဲ့ပေါက်ကြာ ရင်တော့ ခြစ်လိုက်ပေါ့။ ငရုတ်သီး ခွဲခြမ်းကို ကြက်သွန်ဖြူနီနဲ့ရောထောင်းပြီးဆီသတ် ကျက်ပြီဆိုရင် စိမ်းစားငါးပိလေး နည်းနည်းပါထည့်ဆီသတ်၊ နနွင်းမှုန့်လေးနည်းနည်းပါထည့်၊ ခုနပေါက်ထားတဲ့ သရက်သီးလေးတွေထည့်ကြော်လိုက်ရုံပါပဲ။ သရက်သီး လေးတွေနူးလို့ အချဉ်ထွက်လာပြီး ချဉ်ချဉ်စပ်စပ်လေးရပြီဆိုရင် သရက်ပေါက်ကြော်တစ်ပွဲကတော့ အဆင် ပြေပါပြီ။ ဒါဆိုရင် နံသာဖြူနဲ့ ဖယောင်းနံ့လေးသင်းနေတဲ့ မော်လမြိုင်သင်္ကြန်ထမင်းလေးရယ်၊ ငါးခြောက် ထောင်းကြော်မွမွလေးရယ် သရက်သီးပေါက်ကြော်ချဉ်ချဉ်စပ်စပ်လေးရယ်နဲ့ဆိုတော့ ကောင်းမှကောင်းပေါ့။
အဲ အခုမှသတိရတယ်။ အဲဒီနေ့မှာ ဘာသွားရည်စာလုပ်စားကြမလဲဆိုတာကို…

သွားရည်စာဝိုင်းဖွဲ့လုပ်စားကြတာကလည်း သင်္ကြန်ရဲ့သင်္ကေတတစ်ခုပဲလေ။ ဒီနှစ်အတွက် ကိုတော့ မုန့်လုံးကြီး အုန်းနို့ဆမ်းလေးစဉ်းစားထားတယ်။
မုန့်သားအတွက်က ကောက်ညှင်းမှုန့်လေးချိုး၊ ဆန်မှုန့်တစ်ချိုးကိုရေထည့်ပြီး မုန့်သားကိုညက်နေ အောင်နယ်ထားမယ်။ သင်္ကြန်မှာလုပ်စားတာဆိုတော့ သင်္ကြန်ပုံရိပ်လေးထင်ဟပ်လာအောင် မုန့်သားထဲကို Food Colour အ၀ါရောင်လေးထည့်မယ်။ ဒါမှသင်္ကြန်ပုံရိပ်ဖြစ်တဲ့ ပိတောက်ပန်းရဲ့ အရောင်လေးဖြစ် သွားတာ ပေါ့။ သာကူအစိမ်းရောင်လေးသုံးမယ်။ ပိတောက်ရွက်လေး ကိုယ်စားပြုပေါ့။ မုန့်လုံးကြီးထဲ ထည့်ဖို့ အဆာ အတွက်ကိုတော့ ထန်းလျက်အညိုလေးကို မြေပဲလေးနဲ့ရောထောင်းထားလိုက်မယ်။ မုန်ွှသားထဲကိုထောင်းထား တဲ့ အဆာလေးထည့်ပြီးလုံး ရေနွေးဆူဆူမှာထည့်ပြီးပြုတ် ရေပေါ် ပေါ်လာရင်ကျက်ပြီဆိုတော့ ဆယ်ပြီး ရေစစ် ထား၊ သာကူလေးလည်း ရေနွေးဆူဆူလေးထဲထည့်ပြုတ် မျက်ဆံလေးတွေပျောက်ပြီဆိုရင် ဇကာထဲလောင်း ထည့်ပြီး ရေစစ်ထား အုန်းနို့ကိုတော့ ဆူရုံလေးပဲကြို၊ သကြားရည်ကြိုထားတာလေးနဲ့ရောပြီး အအေးခံထား၊ မုန့်လုံးကြီးနဲ့သာကူထဲကို အုန်းနို့နဲ့ သကြားရည်ရောထားတာလေးတွေထည့် အေးအောင်ရေခဲလေးလည်းထည့် ချင်ထည့်ပေါ့။ ဒါဆိုရင်တော့ မုန့်လုံးကြီးအုန်းနို့ဆမ်းလေး ရပါပြီ။ 

နှစ်သစ်သင်္ကြန်မှာ အားလုံးပျော်ရွှင်စွာနဲ့ လှူနိုင်တန်းနိုင်ပျော် နိုင်ပါးနိုင်ကြပါစေ။ မင်္ဂလာရှိတဲ့ နှစ်သစ် ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment