ကား ….. ကြောက်ပါတယ်ဆိုမှ






 
တစ်စုံတစ်ယောက်မှာ ကားစီးရတာကို ၀န်ထုတ်ဝန်ပိုးဖြစ်နေတဲ့ ခံစားချက်မျိုးရှိနေပြီဆိုရင် မြန်မြန် ဆန်ဆန် မောင်းထုတ်ပစ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီခံစားချက်က ကားနဲ့မဖြစ်မနေသွားရမယ့် ခရီးစဉ်တိုင်းမှာ ကိုယ့်ကိုအကြီးအကျယ်ဒုက္ခပေးလာနိုင်လို့ပါပဲ။ ကားစီးနေတဲ့အချိန်အတွင်းမှာ ခေါင်းတွေ မူးနောက်နေတာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ အော့အန်တာမျိုး ဖြစ်နေကျလူမျိုးတွေအနေနဲ့ ဒီဒုက္ခတွေကနေ ဘယ်လိုရုန်းထွက်ရမယ်ဆိုတဲ့ နည်းလမ်းကောင်းလေး ပေးချင်ပါတယ်။ ဒီနည်းလမ်းတွေကိုသာ လိုက်နာပြီး ကားနဲ့သွားရမယ့် ခရီးစဉ်မတိုင်ခင် ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့မယ်ဆိုရင် ခရီးစဉ်တစ်လျှောက်လုံးကို သက်သောင့်သက်သာနဲ့ စိတ်လက်ချမ်းသာစွာ ဖြတ်သန်းနိုင်မှာ မလွဲပါဘူး။ ဒီနည်းလမ်းကောင်းလေး တွေကတော့ …..။

ဘာကြောင့်ဖြစ်လဲသိထားရမယ်။
ပထမဆုံးအနေနဲ့ ကားစီးရတာကြောက်တဲ့ရောဂါ ဘာကြောင့်ဖြစ်တတ်သလဲဆိုတာ သိထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါက စိတ်ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ကားပေါ်ရောက်နေတဲ့အချိန်အတွင်း ကိုယ် မြင်တွေ့နေရတဲ့ မြင်ကွင်းနဲ့ စိတ်ထဲကခံစားချက် မတိုက်ဆိုင်တဲ့အခါ ဒါမျိုးဖြစ်တတ်တယ်ဆိုတာ နား လည်ထားဖို့ လိုအပ်မှာပါ။ ဆိုလိုတာကတော့ ကားထဲမှာကိုယ်ရောက်နေတဲ့အချိန်အတွင်း အသိစိတ်က ကားထဲမှာပဲရှိနေတယ်ဆိုတဲ့ အမှတ်သညာကိုပြနေပေမယ့် အပြင်ပတ်ဝန်းကျင်က လှုပ်ရှားနေတဲ့ အခြေ အနေတွေ၊ ပြောင်းလဲနေတဲ့အသံတွေက အသိစိတ်ရဲ့ အမှတ်သညာကိုထွေပြားသွားလောက်အောင် အရောင်အသွေးစုံအောင် တရိပ်ရိပ်ပြောင်းလဲလာတဲ့အခါ မတူညီတဲ့အခြေအနေတစ်ခုရဲ့ ပွတ်တိုက်မှုနောက်မှာ အခုလို မူးနောက်ရီဝေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို ကိုယ်မြင်တာနဲ့ ခံစားရတဲ့အခြေအနေနှစ်ရပ်ရဲ့ တွန်းတိုက်မှု ပဋိက္ခကို စိတ်မှတ်က အလိုက်သင့်မတုံ့ပြန်နိုင်တဲ့အခါ ကိုယ့်စိတ်ထဲမှာ အဆိပ်အတောက်တွေ ဖြစ်ပြီး ဒီလိုကားမူးတာတွေ၊ ကားကြောက်တဲ့ရောဂါမျိုးတွေ ဖြစ်လာတော့တာပါ။

လေကာမှန်ကိုပဲကြည့်နေပါ
ကားစီးနေတဲ့အချိန်အတွင်း ဘေးပတ်ဝန်းကျင်ကို ကြည့်နေမယ့်အစား ကားရှေ့က လေကာမှန်ကိုပဲ ကြည့်နေသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း အနီးအနားမှာရှိနေတဲ့ သစ်ပင်တွေအစား ကိုယ်နဲ့ ခပ်ဝေးဝေး မှာရှိနေတဲ့ ရှုမျှော်ခင်းတွေကိုပဲကြည့်နေသင့်တာပါ။ ဒီလိုပြောရတာကတော့ မငြိမ်မသက်ဖြစ်နေတဲ့ မြင်ကွင်းတွေက ကိုယ့်ကိုပိုခေါင်းမူးလာစေတာကြောင့် လှုပ်ရှားမှုမရှိသလောက်နည်းတဲ့ လေကာမှန် ရှေ့ကမြင်ကွင်းတွေ၊ အဝေးတစ်နေရာမှာရှိနေတဲ့ ရှုခင်းတွေကို ကြည့်ခိုင်းရတာဖြစ်ပါတယ်။ နောက်ထပ် သတိထားရမယ့် အချက်တစ်ချက်ကတော့ ကားမူးတတ်သူတွေအနေနဲ့ ကားမောင်းနေတဲ့အချိန်အတွင်း ကား ထဲမှာ ဖဲရိုက်တာ၊ စာဖတ်တာမျိုးတွေမလုပ်ဖို့ပါ။ ပြီးရင် ကားညာဖက်ကို ဖျက်ကနဲကြည့်လိုက်၊ ဘယ်ဘက်ကို ဖျက်ကနဲကြည့် လိုက်လုပ်နေတဲ့ အကျင့်ကိုလည်း ပြင်ထားသင့်ပါတယ်။

ရှေ့ကခုံမှာထိုင်
အဓိကကတော့ ကိုယ့်ကားနဲ့ ကိုယ်ခရီးသွားနေသူတွေအနေနဲ့ လုပ်နိုင်ပါတယ်။ ကိုယ်က ကားမူး တတ်သူတစ်ယောက်ဖြစ်နေရင် နောက်ခန်းမှာထိုင်မယ့်အစား ကားမောင်းတဲ့သူဘေးကထိုင်ခုံမှာ ထိုင် လိုက်သင့်တာပါ။ ကားမောင်းတဲ့ သူအတော်များများဟာ လမ်းကိုအာရုံစိုက်နေရတာကြောင့် ကားမူးတာ ဖြစ်ခဲပါတယ်။ ကိုယ်က ရှေ့ခန်းမှာထိုင်လိုက်တဲ့အခါ တရိပ်ရိပ်ဖြတ်ပြေးနေတဲ့ဘေးနားက အရာတွေအစား တည်ငြိမ်နေတဲ့လမ်းမကို မြင်တွေ့ရမှာကြောင့် ခေါင်းမူးသက်သာနိုင်သလို ကားရှေ့ခန်းက နောက်နေရာတွေ ထက် ကားဆောင့်တဲ့ဒဏ်လျော့နည်းလို့ ကားမူးလာမယ့်အန္တရာယ်ကို အတိုင်းအတာအတော်များများ လျော့ချ နိုင်မှာပါ။ ဒီလိုနည်းလမ်းတွေနဲ့မှ ကိုယ်ကကားမူးတာကိုလျော့မချနိုင်သေးဘူးဆိုရင်တော့ ကိုယ်ကိုယ်တိုင် ကားမောင်းနေတယ်ဆိုတဲ့ စိတ်မျိုးသွင်းကြည့်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် စိတ်ပြောင်းသွားနိုင်လို့ အော့ချင်၊ အန်ချင်စိတ်တွေကို မောင်းထုတ်လိုက်နိုင်မှာပါ။

မျက်စိမှိတ်ထားပါ
တရိပ်ရိပ်ဖြတ်ပြေးနေတဲ့အရာတွေက ကိုယ့်ကိုမူးဝေလာစေတာကြောင့် အကောင်းဆုံးကာကွယ်နည်း တွေထဲကတစ်ခုကတော့ မျက်စိမှိတ်ထားဖို့ပဲဖြစ်ပါတယ်။ မျက်စိမှိတ်ထားတာဟာ မျက်လုံးထဲကတစ်ဆင့် စိတ်ထဲဝင်ရောက်မယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးမှာဖြစ်လို့ ဖြစ်နိုင်ရင် အိပ်ပျော်သွားအောင် တောင် ကြိုးစားသင့်တာပါ။ အိပ်ပျော်သွားခြင်းအားဖြင့် ကိုယ့်စိတ်ထဲမှာစွဲနေတဲ့ ကားမူးလာတော့မလားဆိုတဲ့ အတွေးကိုလည်း မောင်းထုတ်ပြီးသားဖြစ်နေမှာမို့ ဖြစ်နိုင်ရင် အိပ်ပျော်သွားအောင်အိပ်သင့်ပါတယ်။

ပြတင်းပေါက်တွေဖွင့်ထားပါ
တချို့က လှောင်ပိတ်နေပြီး လေကောင်းလေသန့်မရတဲ့ အခြေအနေမျိုးမှာ ကားမူးတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်အနီးအနားမှာရှိနေတဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားခြင်းနဲ့လည်း ကားမူးတဲ့ဒဏ်ကို အတိုင်း အတာတစ်ခုအထိ လျော့ချနိုင်မှာပါ။ ပြတင်းပေါက်ကို ဖွင့်လိုက်လို့ဝင်လာမယ့်  အနံ့အသက် ကင်းပြီး အေးမြလှတဲ့လေက ကားမူးလို့ ခေါင်းထဲငြီးစီစီဖြစ်နေတာကို ပျောက်ကင်းသွားအောင် ကုစားပေး နိုင်ပါတယ်။ ကိုယ့်ကြောင့် တခြားလူတွေအနှောင့်အယှက်ဖြစ်မှာစိုးလို့ ပြတင်းပေါက်ကိုအပြည့် ဖွင့်လို့ မရရင်လည်း နည်းနည်းဖြစ်ဖြစ် မှန်လှပ်လိုက်ပြီး စိမ့်ဝင်လာမယ့် လေနုအေးကို အရအမိရှုလိုက်သင့်တာပါ။ နောက်ဆုံးတစ် ချက်ကတော့ အနံ့အသက်တွေ ထွက်တတ်တဲ့စားစရာတွေ၊ အရာဝတ္ထုတွေ သယ်ဆောင်မသွားဖို့ဘဲ ဖြစ်ပါတယ်။

အနားယူပါ
ကားကို ခဏရပ်လိုက်ပါ။ ပြီးရင်အောက်ကိုဆင်းပြီးလမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ် တာမျိုးနဲ့လည်း ကားမူးတဲ့ဒဏ်ကို လျော့ချနိုင်ပါတယ်။ ကိုယ်ကားရပ်လိုက်တဲ့နေရာနဲ့ အနီးအနားမှာ သစ်ရိပ်ဝါးရိပ်ကောင်းကောင်းတွေ ရှိနေမယ်ဆိုရင် အဲဒီအောက်အထိသွားပြီး အသက်ရှုလေ့ကျင့်ခန်းကို ခဏဖြစ်ဖြစ်ခပ်ပြင်းပြင်း ပြုလုပ်သင့်ပါတယ်။ လေကောင်းလေသန့်တွေ အစာအိမ်ထဲရောက်သွားတဲ့အထိ ပါးစပ်နဲ့ ခပ်ပြင်းပြင်းရှုထည့်၊ ပြီးမှ ပြန်ထုတ်။ ဒါမျိုးလေးလုပ်ပေးသင့်ပါတယ်။ ကားမူးတတ်သူတစ်ယောက် အနေနဲ့ ခရီးဝေးသွားရတော့မယ်ဆိုရင် ကားကိုမကြာခဏရပ်ခိုင်းပြီး အခုလိုလုပ်ပေးရပါလိမ့်မယ်။

တစ်ခုခုဆောင်ထား
ကားပေါ်ရောက်ရင် ကိုယ်ကအကျင့်ဖောက်တတ်ကြောင်းသိနေပြီဆိုရင် ခရီးမသွားခင်ကတည်းက ဒီအန္တရာယ်ကို ကာကွယ်ဖို့ တစ်ခုခုဆောင်ထားသင့်ပါတယ်။ ဂျင်းအမြစ်က ကားမူးတာတွေကို လျော့ချပေး နိုင်လို့ ခရီးသွားတဲ့အခါ ဂျင်းမြစ်ကလေးဆောင်ထားနိုင်ရင်လည်း မဆိုးပါဘူး။ ဒီလိုမှမဟုတ်ရင်လည်း ခရီးစဉ် မစခင်ကတည်းက ဂျင်းကိုအခြေခံထုတ်လုပ်ထားတဲ့ မုန့်တစ်ခုခုဖြစ်ဖြစ် ကြိုစားထားရပါလိမ့်မယ်။ ဂျင်းက ကားမူးတတ်တာအပြင် နောက်ဆက်တွဲအဖြစ်လိုက်လာမယ့် အော့အန်တာတွေကိုပါ ကြိုတင်ကာကွယ် ပေးနိုင်လို့ သူ့ကိုဆောင်ထားနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်မှာပါ။

တရားမှတ်ပါ (ဒါမှမဟုတ်) သီချင်းနားထောင်ပါ
ကိုယ့်စိတ်ကို ပြန်ရှုတာ၊ ဝေဒနာကို ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ စိတ်အစွဲခဏဖယ်ပြီး အော်… ငါအခုဒီလိုဖြစ်နေပါလားဆိုပြီး ပြန်ရှုနိုင်ရင်လည်း ကားမူးတဲ့ဒဏ်ကို လျော့ချနိုင်မှာဖြစ်ပါတယ်။ ဒါက ဘာသာ ရေးလုပ်ဖို့ တစ်ဖက်သတ်ဖိအားပေးနေတာမဟုတ်ပါဘူး စိတ်လေ့ကျင့်ခန်းဖြစ်လို့ အတွင်းကျကျ လိုက်စား နိုင်မယ်ဆိုရင် ဒီထက်မကတဲ့ ဒုက္ခအစိုင်အခဲတွေကိုတောင် ချေဖျက်ပေးနိုင်စွမ်းရှိတယ်ဆိုတာ တွေ့ရမှာပါ။ ကားမူးတာကိုလျော့ချဖို့ ဒီနည်းလမ်းကိုမသုံးချင်ဘူးဆိုရင်တော့ နောက်ထပ်တစ်နည်းက သီချင်းနားထောင်ဖို့ ပါ။ စိတ်အပြောင်းအလဲတွေကြောင့် ကားမူးတာကို လျော့ပါးသွားစေနိုင်တဲ့ ရည်ရွယ်လိုရင်းကြောင့် ဖြစ်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment