အနုပညာမြောက်တဲ့ကား တစ်စီးဖြစ်လာစေဖို့








ကိုယ်စီးနေတဲ့ကားလေးကို ဒီဇိုင်းအဆန်းနဲ့လန်းနေအောင် တန်ဆာဆင်ဖို့များ အစီအစဉ်ရှိနေပြီ လား။ ဒီလိုအစီအစဉ်ရှိနေပြီဆိုရင်တော့ ပထမဆုံးအခြေခံအချက်တွေကအစ ဂရုတစိုက်ပြုလုပ်နိုင်ဖို့ လို အပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကားတစ်စီးကို တန်ဆာဆင်တဲ့နေရာမှာ ပုံမကျ၊ ပန်းမကျဖြစ်ခဲ့ရင် ကိုယ့် ကားက တစ်ဖက် လူကို မဆွဲဆောင်နိုင်မယ့်အပြင် အများအမြင်မှာ ရယ်စရာကြီးတောင်ဖြစ်နေနိုင် တာကြောင့်ပါပဲ။ ဒါကြောင့် ကားကို ကိုယ်တိုင်တန်ဆာဆင်တော့မယ်ဆိုရင် အချိန်ယူပြီးမှ သေချာ လုပ်ဆောင်သင့်သလို ကိုယ့်ကိုယ်ကိုယ် စိတ်မချဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့သူတွေဆီ အပ်နှံထားသင့်ပါ တယ်။ ဒီနေရာမှာ ဘယ်လိုစတစ်ကာမျိုးတွေ၊ ဒီဇိုင်းတွေနဲ့ ကားကိုတန်ဆာဆင်သင့်သလဲဆိုရင်တော့ …

အကြိုက်ဆုံးကိုသာ ရွေးချယ်ပါ။
လူငယ်အတော်များများက ကားကိုစတစ်ကာကပ်တော့မယ်ဆိုရင် ကိုယ်တကယ်နှစ်နှစ်ခြိုက်ခြိုက် ကြိုက်နှစ်သက်တာထက် ပေါ်ပြူလာဖြစ်တာကိုပဲ အလွယ်တကူရွေးချယ်ကြလေ့ရှိပါတယ်။ အမှန်မှာက ဒီလို မဖြစ်သင့်ပါဘူး။ ကိုယ်ဝါသနာပါတာ၊ စိတ်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်စွဲလန်းနေတာမျိုးကိုပဲ ကိုယ့်ကားမှာ အလှ ဆင်သင့်တာပါ။ ပေါ်ပြူလာဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ်တကယ်မကြိုက်ဘဲ ရွေးချယ်မိရင် သိပ်မကြာခင် မှာပဲ ဒီလိုလုပ်မိတာမှားလေခြင်းဆိုတဲ့ အတွေးမျိုးဝင်လာတတ်လို့ဖြစ်ပါတယ်။

ပုံကြမ်းဆွဲပါ
ပထမဆုံး ဘယ်နေရာမှာ ဒီဇိုင်းထွင်မလဲဆိုတာ အရင်ရွေးချယ်ပါ။ ပြီးရင် အဲဒီရွေးချယ်ထားတဲ့ နေရာမှာ ပုံကြမ်းဆွဲရပါလိမ့်မယ်။ ဒီလိုပုံကြမ်းဆွဲဖို့ စီစဉ်ဆဲအဆင့်မှာတော့ ကိုယ့်ရဲ့ဖန်တီးမှုက အရိုင်း ဆန်ချင်ဆန်နေပါစေ သိပ်ဂရုစိုက်နေစရာမလိုပါဘူး။ ပြီးတော့ ကိုယ်အသုံးပြုလိုတဲ့အရောင်နဲ့ ကိုယ့်ကားက လိုက်၊ မလိုက်လျာထားသင့်ပါတယ်။ ပုံကြမ်းတင်ကြည့်မယ်။ အရောင်တွေတွေးကြည့်မယ်။ အားလုံးအဆင်ပြေမယ်ဆိုရင်တော့ လုပ်ငန်းစလို့ရပါပြီ။

အများနဲ့မတူအောင် ဖန်တီးရမယ်။
လူအာရုံစိုက်မှုကို သိမ်းကြုံးရယူနိုင်ဖို့ ကိုယ့်ရဲ့ဒီဇိုင်းက သူများတွေနဲ့မတူဘဲ သီးခြားကွဲထွက်နေ တာမျိုး ဖန်တီးရပါလိမ့်မယ်။ သမာရိုးကျ ကားဘော်ဒီမှာ အရုပ်လှကပ်ထားတာမျိုးတွေက ရိုးလွန်းပါတယ်။ ဒါကြောင့် ကိုယ့်စတစ်ကာက ဘေးကကြည့်လိုက်တဲ့အခါ ကားပေါ်ကကြွတက်နေတာမျိုး၊ ကုန်ကား အစိတ်အပိုင်းတွေနဲ့ လိုက်ဖက်နေအောင် ဖန်တီးထားတာမျိုးဆိုရင် ပိုပြီးတော့နေရာကျမှာပါ။

မီးလုံးတွေနဲ့ တန်ဆာဆင်မယ်။
တချို့ကားဝါသနာရှင်တွေကတော့ သူတို့ကားတွေကို စတစ်ကာနဲ့ဒီဇိုင်းဖန်တီးတာမမျိုးမလုပ်ဘဲ မီးနဲ့အလှဆင်တာမျိုးလုပ်တတ်ကြပါတယ်။ ဒီလိုဒီဇိုင်းဆင်တာလည်း တစ်မျိုးတော့ကောင်းပါတယ်။ အကြောင်းကတော့ ကားဘော်ဒီဘေးမှာ စတစ်ကာကပ်ပြီး အလှဆင်တာဟာ ရံဖန်ရံခါမှာ ဆေးသားကို ထိခိုက်စေတတ်တာကြောင့်ပါပဲ။ ဒါကြောင့် နီယွန်မီးရောင် ဖြူ၊နီ၊ပြာ၊၀ါ မီးရောင်စုံလေးတွေနဲ့ တချို့က သူတို့ကားကို အလှဆင်တတ်တာပါ။ ဒီလို မီးလုံးလေးတွေနဲ့ တန်ဆာဆင်တာမျိုးဟာ ညဘက်အပြင် ထွက်လျှောက်လည်ရတာကို ပိုကြိုက်နှစ်သက်တဲ့ လူငယ်တွေအတွက် ပိုပြီးသင့်တော်ပါတယ်။ ကိုယ့်ကားက လှပတဲ့မီးရောင်စုံတွေကြားထဲမှာ ကြွကြွရွရွဖြစ်နေမှာကြောင့်ပါပဲ။

သတိပြုရမယ့်အချက်တွေ
လူငယ်ဆန်တာကို တန်ဆာဆင်တာပြဿနာတစ်ရပ်မဟုတ်ပေမယ့် ကိုယ်နေထိုင်ရာဝန်းကျင်က ဥပဒေတွေက ဘယ်လိုအခြေအနေရှိလဲဆိုတာကိုတော့ နည်းနည်းစနည်းနာဖို့ လိုအပ်ပါတယ်။ အကြောင်း ကတော့ ကားဘော်ဒီပေါ်မှာ စတစ်ကာကပ်တာ ပြဿနာတစ်ရပ်မဟုတ်ပေမယ့် မီးလုံးတွေပေါ်မှာ ကာလာ ပါတဲ့စတစ်ကာတွေတပ်ဆင်တာ၊ လေကာမှန်အပါအ၀င်၊ မှန်တွေကိုအနက်ရောင် စတစ်ကာ တင်တာ၊ လိုင်စင် နံပါတ်ပြားကို ဒီဇိုင်းဖန်တီးထားတာစတဲ့အချက်တွေကို တချို့နေရာတွေမှာ ခွင့်မပြုတာကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုဒီဇိုင်းဖန်တီးထားတဲ့ကားတွေကို ရေဆေးတော့မယ်ဆိုရင် လည်း စတစ်ကာတွေကွာကျမသွား အောင် ဂရုစိုက်ရပါလိမ့်မယ်။ ဒါမှကိုယ့်ကားကအများအမြင်မှာ ခန့်ခန့်ညားညားရှိနေမှာပါ။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment