ရာသီစာလေးချက်လိုက်၊
စားချင်တာလေးချက်လိုက်နဲ့ တော်တော်လေးတော့အဆင်ပြေနေတယ်။ မိုးတွင်းဆိုစားရတာ အဆင်အပြေဆုံးနဲ့
အကြိုက်ဆုံးက ၀ါးမျှစ်လက် လက်ဆတ်ဆတ်လေးတွေစားရတာပဲ။ မျှစ်က အစာလည်းဆေး၊ ဆေးလည်းအစာထဲမှာပါတယ်ဆိုတော့
စားလို့အရမ်းအဆင်ပြေတယ်။ မျှစ်က တွဲချင် တာတော်တော်များများနဲ့လည်း တွဲချက်လို့အဆင်ပြေတယ်မလား။
အရည်သောက်၊ အကြော်၊ ချဉ်ဟင်း၊ ဆီပြန်ဟင်း၊ တို့စရာ အားလုံးလုပ်စားလို့ရသလို အချဉ်ထည့်လည်းရတာပဲ။
မျှစ်ချဉ်တွေထဲမှာတော့ မော်လမြိုင် ဘက်ကလာတဲ့မျှစ်ချဉ်ကို အကြိုက်ဆုံးပဲ။ လုံးဝကိုရင့်တာမပါဘူး။
စားလို့ကောင်းမှကောင်းပဲလေ။ မျှစ်ခြောက် ဆိုလည်း မိုးကုတ်ဘက်ကလာတဲ့မျှစ်ခြောက်လေးတွေ ဆို
တကူးတကတောင်မှာစားနေရသေးတယ်။ မျှစ်အကြောင်းပြောနေတာလည်း များနေပြီဆိုတော့ ချက် မယ့်ဘက်လေးလှည့်လိုက်ရအောင်။
ဒီတစ်ပတ်တော့ မယ်တော်မားသားနဲ့ နှစ်ယောက်စလုံးကြိုက်တဲ့ ၀က်သားနဲ့မျှစ်ကိုအချိုချက်ရမယ်။
ပြီးတော့ မယ်တော်မားသား စားချင်တယ်ဆိုတဲ့ ဗုံလုံသီးလေးနဲ့ချက်မယ်။ ပြီးတော့ ကြက်ခြေထောက်ဟင်းချိုလေးတစ်ခွက်
ချက်လိုက်မယ်။ ဒီလောက်ဆိုရင်တော့ ဒီတစ်ပတ်ပိတ်ရက်လေးမှာ စားကောင်းမှာ အသေအချာပဲပေါ့။
ဝက်သားမျှစ်အချိုချက်
ဝက်သားနဲ့ချက်မယ့်မျှစ်ကိုတော့
ဝါးပိုးမျှစ်အဖျားပိုင်းလေးတွေ ရွေးထားတယ်။ မျှစ်ဖျားလေးတွေ ကိုရေစင်စင်ဆေးပြီး ရေနွေးဆူဆူလေးနဲ့
ခဏစိမ်ထားလိုက်မယ်။ ၀က်သားကိုတော့ သုံးထပ်သားနဲ့ပဲချက် လိုက်မယ်။ ၀က်သားအချိုချက်ရင်
ထုံးစံအတိုင်း ၀က်သားကို ငံပြာရည်အကြည်၊ ဆား၊ ကြက်သားမှုန့်နဲ့ နယ်ပြီး နှပ်ထားလိုက်မယ်။
ချက်မယ့်အိုးထဲကို သကြားဖြန့်ထည့်ပြီးအပူပေးမယ်။ သကြားကဆူလာပြီး အညိုရောင် သန်းလာတာနဲ့
ခုနနှပ်ထားတဲ့ ၀က်သားကိုထည့်ပြီး နာနာလေးရေခန်းတဲ့အထိလုံးလိုက်မယ်။ ပြီးမှ ရေနည်း နည်းချင်းထည့်ပြီး
နူးတဲ့အထိတည်မယ်။ ၀က်သားနူးလာခါနီးပြီဆိုမှ ခုနက ရေနွေးစိမ်ထား တဲ့မျှစ်လေးကို ရေညှစ်အနေတော်လေးတွေစိပ်ပြီး
ထည့်လိုက်မယ်။ ပိုမွှေးသွားအောင် ကြက်သွန်ဖြူလေး လည်း လေးငါးတက် လောက် ဓါးပြားရိုက်ထည့်လိုက်မယ်။
အရသာလည်းစိတ်ကြိုက်ရပြီဆိုရင် ခဏအအေးခံထား၊ ဆယ်မိနစ် လောက် အအေးခံလိုက်ရင် ၀က်သားက
အဆီတွေအပြင်ကိုတက်လာရော။ အဲ့အဆီတွေကို ခပ်နိုင်သလောက် သေချာလေးခပ်ထုတ် ပစ်လိုက်တာပေါ့။
ဝက်သားကိုအချိုချက်တိုင်း ဒီနည်းကို ဘာကြောင့်သုံးရသလဲဆိုတော့ စချက်ကတည်းက ဆီထည့်စရာလည်းမလိုသလို
ချက်ပြီးသွားရင်လည်း ၀က်သားထဲကဆီတွေက သူ့ဘာသာ သူထွက် လာတော့ ကိုယ်စားတဲ့အထဲ အဆီပါတာနည်းသွားတာကို
သဘောကျလို့ပါ။ ကျန်းမာရေးအတွက် ကောင်းတာလည်းပါတာပေါ့နော်။
ဗုံလုံသီးအစာသွပ်
ဗုံလုံသီးအစာသွပ်ဖို့အတွက်ကတော့
ဗုံလုံသီးနုနုကို လက်လေးသစ်လောက်ပိုင်း၊ ဗုံလုံသီးနုနုလေး ဆို အစေ့လေးတွေဖယ်စရာ မလိုပါဘူး။
ကျန်နေတဲ့အခေါင်းလေးထဲကို အစာလေးသွပ်လိုက်ရုံပါပဲ။ အဆာက တော့ ကြက်သွန်နီ၊ ငရုတ်သီးအရောင်တင်မှုန့်ထောင်းထားတာကို
ဆီသတ် ပုဇွန်လေးအခွံခွာပြီး လက်နဲ့ ဖြစ်ထားတာလေးထည့် နနွင်းမှုန့်နဲ့ပုဇွန်ငံပြာရည်ပါထည့်
ဆီသတ်လိုက်ရင် ဗုံလုံသီးထဲထည့်ဖို့ အဆာရပါပြီ။ ခဏအအေးခံပြီး ဗုံလုံသီးထဲဝင်သလောက် အဆာသွပ်ပြီးရင်
ခုနကအဆာချက်ထားတဲ့ ဆီလေးထဲ ဗုံလုံသီး အဆာသွပ်ထားတာလေးတွေထည့်ပြီး ရေလေးနည်းနည်းနဲ့ ဗုံလုံသီးကျက်တဲ့ အထိ တည်ထားရုံပါပဲ။
ဗုံလုံသီး လည်းကျက် ရေခန်းပြီး ဆီလေးလည်းပြန် အရသာလေးလည်း စိတ်ကြိုက် ရပြီဆိုရင် အပေါ်ကနေ
ငရုတ်သီးစိမ်း လေးအုပ်လိုက်တော့ ပိုမွှေးသွားတာပေါ့။
ကြက်ခြေထောက်ဟင်းချို
ကြက်ခြေထောက်ဟင်းချိုအတွက်ကတော့
CP ကြက်ခြေထောက်ကိုရေသေချာဆေးပြီးရင် ရေခြောက်အောင်သုတ်လိုက်မယ်။ ဆီထဲကိုကျက်တယ်ဆိုရုံ
အရင်ကြော်လိုက်မယ်။ ကြော်တဲ့အခါမှာ အရမ်းဆီစင်တဲ့အတွက် အဖုံးလေးတော့ အုပ်ကြော်နော်။
ကြော်ပြီးသွားရင် ဆီစစ်ပြီး ရေနွေးဆူဆူထဲ ထည့်ပြုတ်လိုက်ရုံပါပဲ။ ဒီအတိုင်း ပြုတ်တာနဲ့
စားရတာ အရသာတော်တော်လေးကွာတဲ့အတွက် ဆီပူအ စင်ခံပြီး ကြော်လိုက်ရတာပါ။ အရသာ၊ အရောင်နဲ့
အနံ့အတွက်ကတော့ ပဲငံပြာရည်အနောက်နည်းနည်း၊ ခရုဆီ၊ သကြား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်နဲ့
ကြက်သွန်ဖြူလေးငါးတက်လောက် ဓါးပြားရိုက် ထည့် လိုက်ပေါ့ နော်။
သောက်ခါနီးမှ ကြက်သွန်မြိတ်ပါးပါးလှီးထားတာလေးထည့်သောက်လိုက်ရင်
ပိုအဆင်ပြေတာပေါ့။ အချိုသောက်ရတာမကြိုက်လည်း ငရုတ်သီးစိမ်း ဓါးပြားရိုက်လေးနဲ့ သံပုရာရည်လေး
ညှစ်ထည့်လိုက် ရင်တော့ ချဉ်စပ်လေးဖြစ်သွားတာပေါ့။ ချဉ်စပ်လေးသောက်မယ်ဆိုရင်တော့ ဟင်းရည်ထဲကို
ငရုတ်ကောင်း မှုန့် မထည့် ထားရင် ပိုကောင်းလိမ့်မယ်။ မလိုက်ဖက်လို့ပါ။ ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ဖြစ်လိုက် တယ်။
နောက်တစ် ပတ်မှ နောက်တစ်ပွဲချက်ကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment