အမေကဒီတစ်ပတ်နားရက်မှာ
အေးအေးဆေးဆေး ဘာချက်စားမလဲတဲ့။ ပထမဆုံးခေါင်းထဲ ဖျက်ကနဲ ၀င်လာ မိတာက ကြက်သားကို ရခိုင်သုပ်လေး
သုပ်စားချင်မိတယ်။ သူနဲ့တွဲမယ့်ဟင်းကို စဉ်းစားပြန်တော့ ကြက်သား သုပ်ရင်ပိုမယ့် ကြက်ရိုးကိုသုံးပြီး
အရည်သောက်တစ်ပွဲချက်လိုက်မယ်ပေါ့။ ဒါဆိုအကုန်အကျ လည်း သက်သာ သွားမယ်။ ဆီပြန်ဟင်းကတော့
မစားရတာကြာနေတဲ့ ၀က်ဦးနှောက်ကို ဆီပြန်အချိုလေး ပဲချက်တော့မယ်။ နားရက်မှာကို စားချင်တာလေးစားပြီး
အနားယူရတာအကောင်းဆုံးပဲ။
တစ်ခါတစ်လေတော့လည်း အပြင်လေး ဘာလေးထွက်ပြီး အပြင်စာလေး စား၊
ရုပ်ရှင်လေး ဘာလေးကြည့် အဆင်ပြေတာပေါ့။ ဒါပေမဲ့ အပြင်စာစားဖို့ ဆိုရင် ဆိုင်ရွေးရတာနဲ့တင်
တစ်ခါတစ်လေ တော်တော်စိတ်ကုန် မိတယ်။ သန့်ရှင်းရဲ့လား၊ လက်ရာကောင်း ရဲ့လား၊ ထိုင်လို့အဆင်ပြေရဲ့လား၊
ရွေးရသေးတယ်လေ။ အဲဒါတွေ ရွေးပြီးထိုင်ခါမှ ဆက်ဆံရေးမကောင်းတဲ့ ဆိုင်ထိုင်မိရင် ပိုတောင်ဆိုးသေး
စာအုပ်တစ်အုပ်ထဲမှာ ဖတ်မိထားတာပြန်သတိရမိတယ်။
ကမ္ဘာပေါ်က အတော်ဆုံးစားဖိုမှူးက အကောင်းဆုံးအရာတွေသုံးပြီး
ချက်ထားတဲ့ဟင်းပွဲပဲဖြစ်ပါစေ လာချတဲ့ သူက မကြည် မသာနဲ့ ပြောဆိုဆက်ဆံတာမျိုးပဲဖြစ်ဖြစ်
စိတ်မရှည်တဲ့ပုံစံမျိုးနဲ့ ဆောင့်ချသွားတာပဲဖြစ်ဖြစ် အဲဒီလို အဖြစ်မျိုး ကြုံခဲ့ရရင်
စားရတာဘယ်လိုမှ အဆင်မပြေတော့ဘူးတဲ့။ အဲဒီစကားက လုံးဝလက်ခံစရာ ပါ။ တစ်ချို့ဆိုင်တွေ က
ရှိသေးတယ်။ ဟင်းလျာစာရင်း ကြည့်နေတာ နည်းနည်းကြာလာတာနဲ့ စိတ်မရှည် တဲ့ပုံစံမျိုးဖြစ်လာတယ်
လေ။ ဘာပဲဖြစ်ဖြစ်လေ ကိုယ့်ဆိုင်မှာလာစားတဲ့စားသုံးသူက သူကြိုက်တာသူရွေး ချယ်ရမှာပဲမလား။
အလကား စားတာမှ မဟုတ်တာပဲ။
မြန်မာပြည်ကလူတော်တော်များများကတော့ ဒါမျိုးတော်တော်အတွေ့အကြုံရှိပြီး
တော်တော်လည်း သည်းခံနိုင်ကြပါတယ်။ အိမ်ကလူတွေကတော့ အိမ်မှာလုပ်စားဖို့ ခက်ခဲတဲ့အရာမျိုးမှပဲ
အပြင် မှာစားဖြစ်ပါတယ်။ အိမ်မှာဆိုရင် ဘယ်လောက်ပဲကြေးများများ လုံးဝမငြီးညူတဲ့ မယ်တော်မားသားက
စီမံပေး တာကိုး။ အဲဒီတော့ အမေ့ရဲ့စေတနာတွေနဲ့ပြည့်နေတဲ့ ထမင်းဝိုင်းကတော့ ဘယ်တော့မှမရိုးဘူးပေါ့။ စကားပြောတာတွေများနေပြီဆိုတော့
ချက်ရေးပြုတ်ရေး စကြရအောင်လား။
ဝက်ဦးနှောက်ဆီပြန်ဟင်း
ဆီပြန်ဟင်းအနေနဲ့ချက်မယ့်
ဝက်ဦးနှောက်ဆီပြန်ကတော့ လွယ်ပါတယ်။ ၀က်ဦးနှောက်ကိုရေနဲ့ သေချာဆေးပြီး အရွယ်တော်တုံး။
ဆားရယ်၊ ကြက်သားမှုန့်လေးရယ် သင့်ရုံထည့်ပြီး နယ်ထားလိုက်ပေါ့။ ကြက်သွန်ဖြူတစ်တက်လောက်ရယ်၊
ချင်းနည်းနည်းရယ်၊ ငြုပ်ကောင်းစေ့ ဆယ်စေ့လောက်ရော ထောင်း ထား။ ကြက်သွန်နီဥကြီး တစ်ဥလောက်ကို
မထူမပါးလှီးပြီး အရင်ကြော်ပြီး ဆီစစ်၊ ကြက်သွန် နီကြော်တဲ့ ဆီထဲကို ခုန က ထောင်းထားတဲ့
ကြက်သွန်ဖြူ၊ ချင်း၊ ငြုပ်ကောင်းအရောကို ဆီသတ်၊ မွှေးလာပြီဆိုရင် ၀က်ဦးနှောက်ထည့်၊ မွှေပြီး
ရေလည်းနည်းနည်းထည့်၊ ကြက်သွန်နီကြော်လေး လည်းပြန်ထည့်၊ အရသာမြည်းကြည့်လို့ အနေတော်ပြီ
ဆီလည်းပြန်လာပြီဆိုရင် ချလို့ရပါပြီ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငြုပ်ကောင်းထည့်ထားတော့
အရမ်း လည်း မအီတော့ဘဲ မွှေးမွှေးလေးနဲ့ စားကောင်းမှာသေချာ ပါတယ်။
ကြက်သားရခိုင်သုပ်
ကြက်သားသုပ်ဖို့အတွက်ကတော့ ကြက်ရင်ပုံသားကိုပဲသုံးမယ်ဗျာ။
အသားများတဲ့ CP ကြက်ရင်ပုံ နှစ်ဆယ်သားလောက်ဆိုရပါပြီ။ အသားတွေချည်း သီးသန့်ယူပါပြီ။
အရိုးကိုတော့ ဟင်းချိုချက်ဖို့ ဖယ်ထား လိုက်မယ်လေ။ အသားကို ဆားလေးနည်းနည်းထည့်ပြီး
ရေနွေးဆူဆူထဲမှာ ငါးမိနစ်လောက် ပြုတ်ပါ့မယ်။ ပြီးရင် အနေတော်လေးတုံးထားပါ။ သုပ်မယ့်အဆာအတွက်ကတော့
ကြက်သွန်ဖြူနှစ်တက်၊ ငြုပ်ကောင်းစေ့ ဆယ့်ငါးစေ့ စိမ်းစားငါးပိနည်းနည်း၊ ငြုပ်သီးစိမ်း
ဆယ်တောင့်၊ ခရမ်းသီးစိမ်း သုံးလုံးလောက်အစေ့ထုတ် ပါးပါး လှီးထားတာရယ်ကိုထောင်းပြီး
ခုနကြက်သားလှီးထားတဲ့အထဲ ထည့်နယ်ရုံပါပဲ။ အရသာလိုရင်တော့ ကြက်သား မှုန့်လေးလိုက်ပေးလိုက်ပေါ့။
ချိုချိုချဉ်ချဉ်၊ စပ်စပ်မွှေးမွှေးလေးဖြစ်အောင် ပျားရည်လေးနည်းနည်းပါ ထည့်ပေး လိုက်ရင်
ပိုကောင်းတာပေါ့။ ငြုပ်ကောင်းနဲ့ ပျားရည်နဲ့ပါနေတော့ ဗိုက်နာမှာလည်း မပူရတော့ဘူးပေါ့။
အားလုံး ok ပြီဆိုရင် နံနံပင်လေးလှီးထားတာ ထည့်နယ်လိုက်ရုံပေါ့။
ရာသီပေါ် ဟင်းရွက်စုံကြော်
အသီးအရွက်လေးလည်းပါအောင်
အရွက်စုံလေးကိုပဲ ဟင်းလေးတစ်ပွဲလောက်တော့ ထည့်လိုက်
မယ်။ ရာသီပေါ် ပတက်စာလေးကို ကန်ဇွန်းရွက်လေးရယ်၊ ချဉ်ပေါင်ရွက်လေးရယ်နဲ့ ချက်ပစ်လိုက်မယ်။
ထည့်မယ့်ဟင်းရွက်လေးတွေ
ချွေပြီးရေစင်အောင်စစ်ထား ကြက်သွန်နီဥလက်တစ်ဥလောက်လောက်ကို မထူမပါးလှီးပြီး ဆီသတ်၊
စိမ်းနံ့ပျောက်ရင် ခုနကချွေထားတဲ့ အရွက်လေးတွေထည့် ကျက်ကာနီးမှ ငရုတ်သီး စိမ်းလေးအုပ်လိုက်
အဲဒါဆို ရာသီပေါ် ပတက်စာနံ မွှေးမွှေးလေးနဲ့ ဟင်းလေးတစ်ခွက် အဆင်ပြေပြီပေါ့။
ကြက်ရိုးသီးရွက်စုံဟင်းချို
ကြက်ရိုးသီးရွက်စုံဟင်းချိုအတွက်ကတော့ ထုံးစံအတိုင်း ကြက်ရိုးမြုပ်ရုံ ရေနွေးဆူဆူတည်ပြီး မိနစ် ၀က်လောက် ကြက်ရိုးထည့်မွှေပေးပြီး သွန်ပစ်လိုက်ပေါ့။ ဒါမှ အညှီလည်းသက်သာ အချွဲလည်း စင်မှာပေါ့။ ပြီးရင် ကြက်ရိုးကိုဆားလေးနည်းနည်းထည့်ပြီး ပြုတ်ထား၊ ကြက်ရိုးနူးခါနီးရင် ပြောင်းဖူးထည့်ပေါ့။ ပြောင်းဖူး ထည့်လိုက်တော့ အရသာလည်းပိုလေးပြီး ဟင်းရည်လည်း ပိုချိုတာပေါ့နော်။ ကျန်တာကတော့ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီလောက်ပဲထည့်ရင် ရပါပြီ။ ကိုယ်ကြိုက်တဲ့အသီးအရွက်ရှိလည်း ထပ်ထည့်ပေါ့။ အရသာကတော့ ဆား၊ သကြား၊ ကြက်သားမှုန့် သင့်ရုံထည့်လိုက်ရုံပါပဲ။ အားလုံး အိုကေ ပြီဆိုရင် နှမ်းဆီ မွှေးလေး လက်ဖက်စားဇွန်းတစ်ဇွန်းလောက်ထည့် တရုတ်နံနံလေးအုပ်လိုက်ရုံပဲလေ။ ဒါဆိုရင်တော့ ငွေကုန်ကြေးကျသိပ်မများဘဲ အရသာစုံစုံလင်လင်ရှိတဲ့ မိသားစုထမင်းဝိုင်းတစ်ဝိုင်းဖြစ်ပြီပေါ့။ နောက်တစ်ပတ် မှပြန်ဆုံကြတာပေါ့ …။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment