ပထမဦးဆုံးအနေနဲ့
ဒီတစ်ပတ်မှာတော့ ကြက်သောက်ဆမ်း (မာန်အောင်ချက်)ကို စတင် မိတ်ဆက် လိုက်ပါတယ်။ မာန်အောင်ချက်လို့ပြောရတာကတော့
မာန်အောင်ကျွန်း(ခ) မိန်းမလှကျွန်း (ခ) မေယ၀တီ ကျွန်း ကို အလည်ရောက်တုန်းက စားခဲ့ဖူးတဲ့ဟင်းလေးမို့ပါ။
မာန်အောင်ကျွန်းကို အလည်သွားတဲ့အချိန်က အခုလို ဆောင်းဦးရာသီမျိုးမှာပါ။ ရောက်တဲ့အချိန်ကလည်းရာသီပြောင်းပြီးကာစ
ရေပြောင်းမြေပြောင်း ကလည်းဖြစ်ပြန် ခရီးကလည်းပန်းဆိုတော့ လူကနေမကောင်းဖြစ်ချင်နေတာပေါ့ဗျာ။
ညနေထမင်းစားချိန်ရောက်လို့ ထမင်းစား ဖို့ခေါ်တော့ လူတကယ် မစားချင်ဘူးဖြစ်နေတယ်။ ထမင်းဝိုင်းရောက်တုန်း
ဟင်းတွေလည်း အများကြီး ဘယ် ဟင်းစားရမှန်း မသိဖြစ်နေတုန်း သူငယ်ချင်းက ကြက်သောက်ဆမ်းကို
အချဉ်ဘယ်လောက်ထည့်ပေးရမလဲ ဆိုတော့ နည်းနည်းတော့အံသြသွားတယ်။ နံနံပင်ကောထည့်မှာလားတဲ့။
စားဖူးနေကျ ကြက်သောက်ဆမ်းက ဆင်ခရမ်းသီးရယ် အာပူရွက်ရယ်၊ ငြုပ်သီးစိမ်းရယ် တစ်ခါတည်းထည့်
ချက်ထားတာကိုး။ အရသာက တခါ တည်းစပ်ထားပြီးသားလေ အခုဟင်းကကျတော့ အချဉ်ကိုသံပရာသီပြောင်းသုံးထားတယ်။
အာပူရွက်အစား နံနံပင်ဆိုတော့ နည်းနည်းတော့ မြည်းကြည့်ချင်စိတ်ပေါက်သွားတယ်။ မြည်းကြည့်ပြီးတော့လည်း
နည်းနည်း မဟုတ်ဘဲ များများစားဖြစ်သွားတာပေါ့ဗျာ။ စားပြီးတော့ နေမကောင်းဖြစ်ချင်နေတာ
လူက မလန်းတာလေး တွေလည်းပျောက်ရော ဒါနဲ့စားဖိုမှူးပြီးပြီ။ ချက်နည်းလေးတော့ မေးရတာပေါ့။
တိုင်းရင်းသားတို့ရဲ့ ဟင်းဖြစ်တဲ့ အတိုင်း ပကာသနမပါပေမယ့် စားလို့ကတော့အရမ်းကောင်းတဲ့ဟင်းလေးပေါ့။
ချက်နည်းကလည်း အရမ်း လွယ်ပါတယ်။ ဆင်ခရမ်းချဉ်သီးတို့ အာပူရွက်တို့စားနေကျမဟုတ်တဲ့အ တွက်
ကျွန်တော်တို့လည်း အဆင်ပြေ ပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကတော့ ကြက်သား(ဗမာ) ၂၅ကျပ် သား၊
ရခိုင်ပုဇွန်ငါးပိ အနည်းငယ်၊ ငြုပ်သီး ၂၅/၃၀ တောင့်၊ နံနံပင်၊ သံပုရာသီး၊ ကြက်သွန်ဖြူ၊
နနွင်းမှုန့် တို့ပဲလိုပါတယ်။ ပုဇွန်ငါးပိလက်တစ်ဆစ်လောက် ကို မီးနည်းနည်းပြထားပါ။ ကြက်သွန်ဖြူ
(ရှမ်း)လေး၊ ငါးတက်လောက်ခွာထားပါ။ ငြုပ်သီးစိမ်းကို အညှာခြွေပြီး ရေ ဆေးထားပါ။
ကြက်သားကို
အနေတော်တုံးထားပါ။ ပထမဦးဆုံး ငြုပ်သီးစိမ်းကိုထောင်းပါ။ ပြီးရင် ကြက်သွန် ဖြူထည့်ထောင်းပါ။
မီးပြထားတဲ့ ငါးပိပါထည့်ထောင်းပါ။ ထောင်းလို့အနေတော်ရရင် ကြက်သားထဲ ထည့် နယ် ပါ။ နနွင်းမှုန့်နဲ့ကြက်သားသင့်ရုံထည့်ပြီး
တစ်ခါတည်းနယ်ပါ။ ဆီစားပွဲတင်တစ်ဇွန်းလောက်ပါထည့်ပါ။ ဆယ်မိနစ်လောက် ကြာအောင်နှပ်ထားပြီးရင်
မီးဖိုပေါ်တင်ပြီး ဆီစိမ်းနံ့ပျောက်တဲ့အထိ လုံးချက်ချက်ပါ။ ဆီစိမ်းနံ့ပျောက်ပြီဆိုရင်
ရေထည့်ပြီး နူးအောင်တည်ပါ။ ကြက်သားနူးပြီဆိုရင် ကြက်သောက်ဆမ်း ဆိုတဲ့ အတိုင်း သောက်လို့လည်းရအောင်
ဆမ်းလို့လည်းရအောင် ရေပမာဏကိုတော့ နည်းနည်း များရပါမယ်။ စားခါနီးမှာ ဟင်းပူပူလေးထဲကို
သံပရာသီးနှစ်သက်သလောက်ညှစ်ထည့်ပြီး နံနံပင်လေးအုပ်လိုက်ပါ။ ဒါဆိုရင် တော့ထိုင်မှိုင်တွေးတောတာတွေ
ပျောက်ပြီးလန်းဆန်းသွားစေမယ့် ကြက်သောက်ဆမ်း (မာန်အောင်ချက်) ဟင်းလေးတစ်ခွက်ရပါပြီ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment