မဖြစ်မနေသွားရတော့မယ့်
ခရီးစဉ်တစ်ခုမှာ ကလေးငယ်တွေပါဝင်နေလို့ စိတ်ညစ်နေပါသလား။ ခရီးကလည်း မသွားမဖြစ်သွားရမယ်။
ကိုယ်နဲ့အတူခေါ်သွားမှရမယ့် ကလေးတွေကလည်း ခရီးဝေးသွားရင် ကားပေါ်မှာ ဂဂျီဂဂျောင်နဲ့ ဂျီကျတတ်သူတွေဖြစ်နေမယ်ဆိုရင်
အတော်လေးအဆင်မပြေဖြစ်နေမှာ သေချာပါ တယ်။ ဒီတော့ ကိုယ့်အနေနဲ့ သူ့ရဲ့အလိုမကျမှုတွေကို
ချွေးသိပ်ပေးတတ်ဖို့ လိုအပ်ပါတယ်။ ရှည်လျားလွန်း လှတဲ့ခရီးစဉ်တစ်လျှောက် သူ့ရဲ့အာရုံစိုက်မှုတွေကို
ပျင်းစရာကောင်းတဲ့ခရီးစဉ်ပေါ် ကျရောက်မနေအောင် ဆွဲဆောင်ထားနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုပြုလုပ်ပေးနိုင်မယ်ဆိုရင်တော့
ကိုယ့်ရဲ့ ခရီးစဉ်ဟာ သက်သောင့် သက်သာရှိနေမှာ မလွဲပါဘူး။ တကယ်လို့ ကလေးတွေကို ဒီလိုအခြေအနေမျိုး
ရောက်လာအောင် ဘယ်လို စည်းရုံးရမယ်ဆိုတာ မသိဖြစ်နေရင်တော့ နည်းလမ်းကောင်းလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။
ဦးနှောက်မုန်တိုင်းဆင်ခိုင်းထားပါ။
တကယ်လို့
ကားပေါ်မှာထိုင်နေရတာအချိန်ကြာလာတဲ့အတွက် ကလေးက
ဆူဆူပူပူလုပ်လာပြီ ဆိုရင် သူတို့ကိုငြိမ်သွားအောင်ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေထဲကတစ်ခုကတော့
ဦးနှောက် မုန်တိုင်း ဆင်ခိုင်းထားတာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သမာရိုးကျနည်းနည်းဆန်ပေမယ့်
ထိရောက် တဲ့နေရာမှာ အတော်လေးသာသွားလို့ စမ်းကြည့်သင့်တာပါ။ အဲဒါကတော့ ကလေးငယ်ကို ဘယ်နေရာ ဆီသွားနေတဲ့
အကြောင်း ဖွင့်ပြောလိုက်ခြင်းဖြစ်ပြီး ခရီးကဘယ်လောက်ဝေးကြောင်း ဟိုရောက်ရင် ဘာတွေလုပ်နိုင်မယ်ဆို
တဲ့အကြောင်း အသိပေးထားသင့်တာဖြစ်ပါတယ်။ ဒီနည်းလမ်းက ရုတ်တရက် ကြည့်လိုက်ရင် အပေါ်ယံဆန်
ပေမယ့် ကလေးငယ်တွေရဲ့ ဦးနှောက်ထဲမှာ ဟိုရောက်ရင်ဘာတွေ လုပ်နိုင်မယ်။ ဘယ်လိုပျော်စရာကောင်းတာ
မျိုးတွေနဲ့ကြုံရမယ်။ သူငယ်ချင်းအသစ် ဘယ်လောက် ရနိုင်မယ်ဆိုတဲ့အတွေးမျိုးတွေ ရိုက်ထည့်ပြီးသားဖြစ်နေ
မှာဖြစ်လို့ စိတ်ကူးမျိုးစုံနဲ့ ဦးနှောက်မုန်တိုင်းဆင်ရင်း အလုပ်ဖြစ်သွားဖို့ သေချာနေတာပါ။
ပစ္စည်းအစုံထည့်သွားပါ
ကိုယ်ပိုင်ကားနဲ့ခရီးသွားနိုင်တဲ့သူတွေ
မဖြစ်မနေပြုလုပ်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပထမဆုံး အိတ်အကြီးကြီးတစ်လုံး လိုအပ်မှာပါ။
အဆင်ပြေပြီဆိုရင်တော့ ကလေးနဲ့ပတ်သက်တဲ့ မရှိမဖြစ် အသုံး အဆောင်တွေ အတော်များများကို
တစ်ပါတည်းသယ်ဆောင် သွားရမှာဖြစ်ပါတယ်။ သူကြိုက်တဲ့ အစား အစာတွေ၊ အပျော်ယမကာတွေအပါအ၀င်
ကစားစရာအရုပ်၊ အရုပ်တွေအတွက် ဘက်ထရီအပို၊ ကာတွန်း စာအုပ်စတဲ့ သူတို့အာရုံလွှဲထားနိုင်လောက်တဲ့
ပစ္စည်းအားလုံးကို သယ်ဆောင်သွားနိုင်မယ်ဆိုရင် အလဟသ ဖြစ်လာစရာမရှိပါဘူး။ ကလေးဆိုတာ အာရုံအပြောင်းအလဲမြန်ဆန်တာကြောင့်
သူ့စိတ်ပြောင်းလဲမှုနောက်ကို အမီလိုက်နိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားနိုင်ဖို့ လိုအပ်ပါတယ်။
ရန်မဖြစ်စေနဲ့
ကိုယ့်မှာ
ကလေးနှစ်ယောက်ဖြစ်နေရင် သူတို့ချင်းတစ်ယောက်ကိုတစ်ယောက် အဖော်ပြုနိုင်ပေမယ့် ခရီးစဉ်တစ်လျောက်
ရန်မဖြစ်အောင် ထိန်းကျောင်းထားနိုင်ဖို့တော့ လိုအပ်ပါတယ်။ ဒီလိုကလေးနှစ်ယောက် ရှိသူတွေအနေနဲ့
နောက်ထပ်ပြုလုပ်သင့်တဲ့အချက်တစ်ချက်ကတော့ ခရီးမထွက်ခင်ကတည်းက သူတို့ကို ဒီခရီးစဉ်အကြောင်း
အသိပေးထားပြီး သူတို့စိတ်ကြိုက်ပစ္စည်းတွေ ကိုယ်တိုင်ထုပ်ပိုးဖို့ ခွင့်ပြုပေးထားဖို့ပါ။
ကိုယ့် အတွက်အဆင်ပြေလောက်မယ့် အိတ်တစ်လုံးကိုရွေးချယ်ပြီး သူတို့ကိုစိတ်ကြိုက်ထုပ်ပိုးခွင့်ပေးထားသင့်တာ
ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ မိဘလုပ်သူအနေနဲ့ ကလေးငယ်တွေကို ကစားစရာ ၅ ခု သယ်ရင် စာအုပ်
တစ်အုပ်တော့ပါအောင် ထည့်ယူလာသင့်ကြောင်း တိုက်တွန်းသင့်ပါတယ်။ ကလေးတွေကို တိုင်တိုင်ပင်ပင်
ညှိနှိုင်းဆောင်ရွက်တတ်တဲ့ အကျင့်မွေးမြူပေးထားခြင်းက ရန်ဖြစ်တဲ့အန္တရာယ်ကိုကြိုတင်ကာကွယ်ပြီးသား
လည်း ဖြစ်နေစေမှာပါ။
ဂိမ်းကစားခွင့်ပြုပါ
အချိန်တိုင်းနီးပါး
မျက်နှာနဲ့သံမှိုစွဲထားသလို ဂိမ်းကစားနေခြင်းဟာ ကလေးငယ်တွေအတွက် ကောင်း မွန်တဲ့ အလေ့အထမဟုတ်လို့
တားမြစ်သင့်ပေမယ့် ဒီနေရာမျိုးမှာတော့ ခွင့်လွှတ်ပေးသင့်ပါတယ်။ ခရီးက ရှည်လျားလာတဲ့အခါ
လူကြီးတွေအနေနဲ့တောင် တစ်ခါတရံပျင်းရိငြီးငွေ့တဲ့အခြေအနေဆိုးမျိုးကနေ ရုန်းမထွက်နိုင်ဖြစ်တတ်ကြပါတယ်။
ဒါကြောင့် ကားပေါ်မှာ ပျင်းရိလာလို့ ဂျီကျလာတဲ့ ကလေးတစ်ဦးကို သူ့စိတ်ကြိုက်ဂိမ်း ကစားခွင့်ပြုထားခြင်းက
ခရီးမိုင်တွေကို ကျုံ့သွားစေသလို အချိန်ဘယ်လိုကုန်သွားမှန်းပါ မသိအောင် ဖြစ်သွားစေမှာဖြစ်တဲ့အတွက်
နှစ်ဦးနှစ်ဖက်အဆင်ပြေစေမှာဖြစ်ပါတယ်။
အနားယူချိန်ပေးပါ
ကားပေါ်မှာနေထိုင်ရတာ
အချိန်ကြာမြင့်လာတဲ့ အရွယ်ရောက်ပြီးတဲ့သူတွေတောင် ပင်ပန်းလာတတ် ကြပါတယ်။ ဒါကြောင့်
ကလေးငယ်တွေ ပင်ပန်းလာတဲ့အခါ အစာစားချိန်တန်တဲ့အခါ သူတို့အတွက် ခဏ ဖြစ်ဖြစ် ခရီးတစ်ထောက်နားပေးဖို့
မမေ့လျော့သင့်ပါဘူး။ ဒီနေရာမှာကလေးက ခဏနားဖို့တိုက်တွန်းမိချိန်မှာ သူတို့ကို အပြစ်မတင်မိဖို့လိုအပ်ပါတယ်။
ကားပေါ်ကဆင်းပြီး သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ပေးလိုက်ခြင်းက သူတို့ကိုလန်းဆန်းသွားစေသလို
ခွန်အားသစ်တွေလည်းဖြစ်စေပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment