မိန်းကလေးအသုံးအဆောင် Concealer










မိန်းကလေးတစ်ယောက်ရဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ Concealer ဆိုတာ မရှိမဖြစ် ပစ္စည်း တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အလှအပကို အရူးအမူးမြတ်နိုးတဲ့ မိန်းကလေးတွေ၊ မျက်နှာပြင် ပေါ်မှာ အပြစ်အနာအဆာရှိတဲ့ မိန်းကလေးတွေအတွက်ပေါ့။ Concealer ဆိုတာ မျက်နှာပြင်ပေါ်မှာ အပြစ်အနာ ဆာ တွေကို ဖုံးကွယ်ပေးတဲ့ မိတ်ကပ်သားတစ်မျိုးဖြစ်ပါတယ်။ ခုလို Cosmetics ပစ္စည်းတွေ နိုင်ငံမျိုးစုံက ဝင်လာတဲ့အထဲမှာ Concealer ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပစ္စည်းအမျိုးအစားက ကြည့်ရှုရတာ လွယ်ကူပါတယ်။ ဒါပေမဲ့ ကိုယ့်အသားအရေအတွက် အသုံးပြုမယ့် Concealer ရွေးချယ်ဖို့ကတော့ ခက်ခဲရှုပ်ထွေးလှပါတယ်။ ဘယ်လို Concealer ကို ဘယ်လိုအသုံးပြုမလဲဆိုတာ လေ့လာကြည့်ကြရအောင် …

Concealer အမျိုးအစားရွေးချယ်ခြင်း
Concealer တွေရဲ့ အပျစ်အကျဲပေါ်မူတည်ပြီး သူတို့ရဲ့အသုံးဝင်ပုံတွေကလည်း ကွာခြားကြပါ တယ်။ ဥပမာပြောရရင် ဝက်ခြံ၊ အမည်းစက်တွေကို ဖုံးကွယ်ဖို့ဆိုရင်တော့ တောက်ပတဲ့ Crystal အမှုန်လေးတွေပါဝင်တဲ့ Concealer ထက် ထူထဲပျစ်နှစ်နေတဲ့ Concealer က အကောင်းဆုံးဖြစ်ပါတယ်။ မျက်လုံးတစ်ဝိုက် အရေးအကြောင်းတွေနဲ့ မျက်ကွင်းညိုခြင်းကို ဖုံးကွယ်ဖို့အတွက်ဆိုရင်တော့ ရေဓာတ် မြင့်မားစွာပါဝင်ပြီး အသားအရေကို တောက်ပစေတဲ့ Concealer က အကောင်းဆုံးဖြစ်ပါတယ်။

သေးငယ်လှတဲ့ အစက်အပြောက်လေးတွေကို ဖုံးကွယ်ပေးနိုင်တဲ့ Concealer Pencil
Concealer Pencil တွေကတော့ အများအားဖြင့် ဖယောင်း၊ ခရင်မ်အခြေခံတဲ့ အမျိုးအစား တွေဖြစ်ပါတယ်။ သေးငယ်လှတဲ့ အစက်အပြောက်လေးတွေကို ဖုံးကွယ်ပေးဖို့အတွက် အကောင်းဆုံးဖြစ်ပါ တယ်။ ဒါ့အပြင် အလှအပအတွက်ခြယ်သရ ကျဉ်းမြောင်းလှတဲ့ မျက်ခုံးအောက်အရေပြားကို အထူးအသားပေး ဖော်ပြဖို့အတွက် Concealer ဖြစ်ပါတယ်။

မိတ်ကပ်ပါးပါးနဲ့ လှလိုသူများအတွက် Pen Concealer
Pen Concealer အများစုကိုတော့ မိတ်ကပ်ပါးလျားစွာ လိမ်းခြယ်လိုတဲ့ အမျိုးသမီးများအတွက် ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လိမ်းခြယ်ရာမှာ ပျော့ပျောင်းလွယ်ကူတဲ့အတွက် အသားအရောင် မညီမညာဖြစ်ခြင်းကို ကာကွယ်ပေးပြီး အသားအရေကို တောက်ပစေပါတယ်။ ပါးရိုး၊ နှာတံ၊ T-Zone တွေကို အသားပေးခြယ်သရာမှာ အသုံးဝင်တဲ့ Concealer အမျိုးအစားဖြစ်ပါတယ်။
ဝက်ခြံနဲ့ အမာရွတ်တွေကို ဖုံးကွယ်ပေးနိုင်တဲ့ Stick Concealer
Stick Concealer ကတော့ ထူထဲပျစ်နှစ်တဲ့ အမျိုးအစားဖြစ်ပြီး သူတို့အများစုမှာ အသားအရေ ယားယံခြင်းကို သက်သာစေတဲ့ဂုဏ်သတ္တိပါဝင်တဲ့အတွက် ဝက်ခြံ၊ ဒဏ်ရာတွေကို ဖုံးကွယ်ရာမှာ အကောင်းဆုံး ဖြစ်ပါတယ်။ အထူးသတိပြုရမှာကတော့ Stick Concealer အသုံးပြုမယ်ဆိုရင် Two-Way Cake, Powder Cake တို့ကို အသုံးမပြုမိဖို့ပါဘဲ။ အသားအရေပေါ်က မိတ်ကပ်သားကို ပိုမိုထူထဲစေပြီး မျက်နှာပြင်ကို မညီမညာဖြစ်စေတတ်ပါတယ်။ Translucent ပေါင်ဒါလိုမျိုး ပေါ့ပါးလှတဲ့ ပေါင်ဒါအမျိုးအစား အသုံးပြုပေးခြင်းက မျက်နှာပြင်ကို ညီညာသပ်ရပ်လှပစေပါတယ်။

မျက်လုံးတစ်ဝိုက် အရေးအကြောင်းများအတွက် Liquid Concealer
Liquid Concealer ကတော့ အသုံးပြုရာမှာ လွယ်ကူပေါ့ပါးလှပါတယ်။ အရည်အမျိုးအစား ဖြစ်တဲ့အပြင် ရေဓာတ်ပါဝင်တဲ့အတွက် မျက်လုံးအောက်တစ်ဝိုက်ကို ဖုံးဖိပေးရာမှာ အကောင်းဆုံးဖြစ်ပါတယ်။

Concealer တွေလည်း အရောင်အသွေးမျိုးစုံခွဲခြားထားပါတယ်
စိတ်ရှုပ်သွားမလားမသိဘူး။ Make Up ကော၊ Powder တွေကအစ အရောင်မျိုးစုံခွဲခြားထားပြီး အခု Concealer ပါ အရောင်တွေခွဲထားတယ်ဆိုလို့။ ဒီလိုပါ၊ မျက်နှာပေါ်က အနီရောင်အစက် အပြောက်တွေ၊ အနီရောင်ကွက်တွေကို ဖုံးကွယ်ပေးဖို့အတွက် အစိမ်းရောင်သမ်းနေတဲ့ Concealer ကိုထုတ်လုပ်ထားပါတယ်။ အဝါရောင်၊ ရွှေရောင်သမ်းနေတဲ့ Concealer ကတော့ မျက်ကွင်းညိုခြင်းကို ဖုံးဖိပေးဖို့ဖြစ်ပါတယ်။ တကယ်လို့ Concealer အရောင်က မက်မွန်သီးအရောင်လေး သမ်းနေတယ် ဆိုရင်တော့ မျက်ကွင်းညိုခြင်း၊ မျက်လုံးတစ်ဝိုက် အရေးအကြောင်းတွေကို ဖုံးကာပေးပြီး အသားအရေကို ညိုညိုစိုစိုလေးဖြစ်နေစေဖို့ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

Concealer သုံးတဲ့အခါ သတိထားရမယ့်အချက်တွေက
ညီညာပြီး အပြစ်ကင်းစင်တဲ့ မျက်နှာပြင်လေးကို ရရှိစေဖို့အတွက် Concealer သုံးတဲ့အခါ မီးအလင်းရောင်ထက် နေ့အလင်းရောင်ကို ပိုပြီးအသုံးပြုပေးပါ။ အသားအရေမညီညာဖြစ်နေတဲ့နေရာမှာပဲ အသုံးပြုရမှာဖြစ်ပါတယ်။ ဘရပ်ရှ် ဒါမှမဟုတ် လက်ထိပ်ကလေးဖြင့် သေချာစွာပွတ်ပေးပါ။ Concealer အသုံးပြုပြီးတဲ့အခါမှာ Powder, Two Way အသုံးပြုတာထက် Translucent Powder အသုံးပြုပေးတာက မျက်နှာပြင်ကို ပိုပြီးညီညာတောက်ပစေပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment