အစွန်းအထင်းကင်းတဲ့ ကားကူရှင်ဖြစ်ဖို့ဆိုရင် …..









ကားတစ်စီးအတွင်းပိုင်းကို သန့်ရှင်းနေအောင် အမြဲထိန်းသိမ်းထားခြင်းက ကားအပြင်ဘက် ရုပ်ထွက် ကောင်းနေအောင် ပြုပြင်နေသလိုနဲ့ ထပ်တူအရေးပါတဲ့အရာ တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကားနဲ့ သွားရမယ့်ခရီးစဉ်တိုင်းမှာ ကိုယ်ကမဖြစ်မနေကားအတွင်းပိုင်းက လိုက်ပါရမှာကြောင့်ပါပဲ။ ဒီတော့ ကိုယ်နဲ့ အနီးကပ်ဆုံးထိတွေ့နေမယ့် ကားထိုင်ခုံတွေ၊ ကူရှင်တွေကို သန့်ရှင်းနေအောင် ထားမယ် ဆိုရင် ကိုယ့်ကျန်းမာ ရေးအတွက်သာမက စိတ်ငြိမ်းချမ်းနေစေဖို့ပါ အထောက်အကူကောင်းတွေ ရရှိလာစေ မှာမလွဲပါဘူး။ အဲဒီတော့ ကားကူရှင်တွေကို သန့်ရှင်းနေအောင်ထားဖို့နဲ့ အကယ်၍ညစ်ပတ်နေမယ်ဆိုရင် ဘယ်လိုသန့်ရှင်းသွားအောင် လုပ်ဖို့ဆိုတဲ့ နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

အစွန်းချွတ်ဆေးများသုံးပါ
အစွန်းချွတ်ဆေးဆိုတဲ့နေရာမှာ အမျိုးမျိုးရှိတာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ အစွန်းချွတ်ဆေး သုံးမယ်ဆိုတဲ့နေရာမှာ ပထမဆုံးသတိပြုရမှာကတော့ ဒီဆေးက ကိုယ့်ကူရှင်တွေကို ပျက်ဆီးသွားနိုင်ချေ ရှိ၊ မရှိ အရင်စစ်ဆေးသင့်တယ်ဆိုတဲ့အချက်ပါ။ ဒါကြောင့် တန်ဖိုးကြီးကိုယ့်ကားကူရှင်ပေါ်မှာတင်နေတဲ့အစွန်း တွေကို ချွတ်ဆေးနဲ့ဖျက်တော့မယ်ဆိုရင် အရင်ဆုံး ဒီချွတ်ဆေးကို အခြားနေရာတစ်ခုမှာ အရင်စမ်းသတ် ကြည့်သင့်ပါတယ်။ ဒါမှဒီဆေးရဲ့ ပြင်းအားဘယ်လောက်ရှိလည်း သိနိုင်မှာဖြစ်ပြီး ကိုယ့်ကူရှင်ပျက်ဆီး သွားနိုင်ချေ ရှိ၊ မရှိ ချိန်ဆနိုင်မှာ ဖြစ်ပါတယ်။

ဖျက်ရခက်တဲ့ အစွန်းအထင်းဖြစ်နေလား
စွန်းထင်းနေတဲ့အရာက ဖျက်ရခက်ခဲမယ့်ပုံမျိုးပေါ်နေရင်တော့ ချွတ်ဆေးပမာဏကို သတိလွတ်မခံဘဲ ဂရုစိုက်ပြီးသုံးရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ လက်လွန်သွားရင် ကူရှင်အသားတွေကိုဆေးစားပြီး ပျက်ဆီးသွား နိုင်တာောကာင့်ပဲဖြစ်ပါတယ်။ အရင်ဆုံး ကူရှင်နဲ့ အသားချင်းတူတဲ့အရာတစ်ခုပေါ်မှာ ဒီဆေးကိုစမ်းသုံးကြည့်ပါ။ အဆင်ပြေပြီဆိုရင်တော့ ကူရှင်ပေါ်ကစွန်းထင်းနေတဲ့နေရာပေါ်မှာ ဆေးကို စက္ကန့် ၃၀ လောက်တင်ထားပြီး အပေါ်က တစ်ခုခုနဲ့ သုတ်ပစ်လိုက်ရင် စွန်းထင်းနေတဲ့အရာ ပျောက်သွားနိုင်ပါတယ်။

မှင်တွေစွန်းနေရင်တော့
တကယ်လို့ ကိုယ့်ကားကူရှင်ပေါ်မှာ စွန်းထင်းနေတာက မှင်တွေဖြစ်နေမယ်ဆိုရင်တော့ ဖျက်ပစ်ရတာ သိပ်ပြီးအပန်းကြီးစရာမရှိပါဘူး။ မှင်စွန်းတာက ဖျက်ပစ်ရတာလွယ်ကူသလို Hair Spray ဒါမှမဟုတ် အရက်ပျံ ကို ရေနဲ့ရောပြီး အ၀တ်စတစ်ခုနဲ့ သုတ်လိုက်ရင် ဒီအစွန်းအထင်းက ပျောက်သွားနိုင်တာပါ။ ဒါပေမဲ့ တစ်ချက် ဂရုစိုက်ရမှာက ဒီလိုအ၀တ်စနဲ့သုတ်တဲ့နေရာမှာ အရမ်းလောဘမကြီးဖို့ ဖြစ်ပါတယ်။ အစွန်းအထင်းတွေ ပျောက်လိုဇောနဲ့ အရမ်းကာရော ပွတ်တိုက်လိုက်ရင် အညစ်အကြေးတွေ ဘေးကိုပျံသွားနိုင်တာကြောင့် ဖြစ်ပါတယ်။

ဆီကြေးတွေစွန်းနေတာလား
စက်ဆီတွေ၊ ဆီကြေးတွေ စွန်းနေတာဆိုရင်တော့ ပြန်ဖျက်ဖို့ နည်းနည်းခက်ခဲတတ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာတော့ အခြားနည်းလမ်းတစ်ခု အသုံးပြုရတော့မှာဖြစ်ပါတယ်။ အတော်များများကတော့ ကားကူရှင် တွေပေါ်မှာ အထူးသဖြင့် ကူရှင်ပေါ်ကဆီကွက်တွေ အရမ်းထင်ရှားနေရင်၊ ဆီကြေးတွေစွန်းထင်းနေတယ် ဆိုရင် တင်ဒါကိုသုံးတတ်ကြတာပါ။ အများစုက ကားကူရှင်ပေါ်မှာ နှုတ်ခမ်းနီတွေ၊ စားစရာသောက်စရာတွေက ဆီတွေစွန်းထင်းနေရင်တောင် တင်ဒါကိုအသုံးပြုတတ်ကြတာဖြစ်ပါတယ်။ ပထမဆုံးတင်ဒါကို ရေနဲ့အတူရောရ ပါလိမ့်မယ်။ ပြီးရင်တော့ နူးညံ့တဲ့ဝါဂွမ်းစတစ်စကိုယူပြီး ဒီရေထဲကိုစိမ်လိုက်ရမှာဖြစ်ပါတယ်။ ၀ါဂွမ်းစကို ရေနဲ့တင်ဒါရောထားတဲ့အထဲမှာစိမ်ပြီးပြီဆိုရင်တော့ အစွန်းအထင်းတွေကို ဒီအ၀တ်စလေးသုတ်လိုက်ရင် နေရာ ကျမှာပါ။ ဒီအဆင့်တွေလုပ်ပြီးရင်တော့ ဆီစွန်းထားတဲ့နေရာပေါ်မှာ ဆားနည်းနည်းဖြူးပြီး တစ်ညအိပ်လောက် ဒီအတိုင်းထားလိုက်ရပါလိမ့်မယ်။ ဆီကြေးတွေ စွန်းထင်းနေတာအတွက်ကတော့ ဒီနည်းက အလုပ်ဖြစ်လှတဲ့ နည်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ တင်ဒါတွေကို အခြားနေရာတွေနဲ့ မထိတွေ့စေဖို့တော့ ဂရုစိုက်ရပါ လိမ့်မယ်။

ကော်ဖီဖိတ်ကျရင်
ကားပေါ်မှာသွားလာရင်း ကော်ဖီတွေ ကူရှင်တွေပေါ် ဖိတ်ကျတာမျိုးက စွန်းထင်းသွားမှာမကြောက် ရဘဲ အလွယ်တကူသန့်ရှင်းသွားအောင် လုပ်လို့ရတယ်ဆိုပေမယ့် ဒီကပ်စေးစေးအရာကြီးကလည်း ကားအတွင်းမှာရှိနေသူတွေကို အတော်လေးဒုက္ခပေးတတ်တာပါ။ အထူးသဖြင့် ကိုယ်နဲ့အတူ ရေ၊ ရေနွေး စတဲ့အရာတွေ ပါမလာနိုင်တဲ့အခါ ပိုပြီးဆိုးရွားနေမှာပါ။ ဒါကြောင့် ရေသန့်ဘူးတစ်ဘူးလောက်တော့ ကားထဲမှာ ဆောင်ထားသင့်ပါတယ်။ ကော်ဖီတွေထိုင်ခုံပေါ်ဖိတ်ကျတဲ့အခါ အ၀တ်တစ်ခုကိုရေစွတ်ပြီး သုတ်ပစ်လိုက်နိုင် သလို ရေနဲ့တိုက်ရိုက်ဆေးလိုက်မှ ကားပေါ်မှာသက်သောင့်သက်သာ ရှိနေနိုင်မှာကြောင့်ပါပဲ။
အကယ်၍ ကားထဲမှာတစ်ယောက်ယောက် အော့အန်တာဆိုရင်လည်း ရေကိုပဲမဖြစ်မနေ အားကိုးရပါ လိမ့်မယ်။ ကားမူးလို့အန်တဲ့အခါ အခြားအစွန်းအထင်းတွေဖယ်ရှားတာထက် ပိုပြီးအရေးတကြီး ဆောင်ရွက် သင့်တာကတော့ ဒီအန်ဖတ်တွေကို အချိန်ဆိုင်းမနေဘဲ ချက်ချင်းဖယ်ရှားပစ်ဖို့ပါ။ အကြောင်းကတော့ ဒီလို ချက်ချင်းမလုပ်ရင် ကားကူရှင်ကိုစွန်းထင်းသွားစေရုံတင်မကဘဲ ကားထဲမှာ ရှိနေတဲ့လူအားလုံး အနံ့အသက်ဆိုး တွေနဲ့ နှစ်ပါးသွားရမှာမို့ပဲဖြစ်ပါတယ်။
Share on Google Plus

0 comments:

Post a Comment