ဝက်သားတညင်းသီးနှပ်၊ ချဉ်ပေါင်ကန်စွန်းရွက်ချဉ်ဟင်း၊ ဂွေးချိုသီးငပိကြော်












 ရာသီပေါ်တညင်းသီးတွေတွေ့ပြန်တော့လည်း မစားရမနေနိုင်ဘူးဖြစ်ပြန်ရော။ ဘယ်လောက်ပဲ မစား သင့်တဲ့အစားအစာဆိုပေမယ့် တစ်ခါတလေတော့လည်း စားလိုက်မယ်စိတ်ကူးတယ်။ မယ်တော် မားသားနဲ့ ညှိလိုက်တော့ စားချင်လည်း တစ်ခါတလေစားတာပဲ ဒီလောက်တော့လည်း ဆိုးမယ်မထင်ပါဘူး။ သေချာလေး လုပ်စားကြတာပေါ့။ စားမယ့်အတူတူတော့ မထူးပါဘူး။ ၀က်သားနဲ့ပဲ နှပ်စားလိုက်ကြ တာပေါ့ ဆိုတော့ ဒီတစ်ပတ်နားရက်မှာ အဓိကဟင်းကို ၀က်သားတညင်းသီးနှပ်ချက်မယ်။ အရည်သောက်ကတော့ ချဉ်ပေါင် ရွက်နဲ့လယ်ကန်စွန်းရွက်လေးကို အရည်သောက် ချဉ်ချဉ်လေးချက်မယ်။ လယ်ကန်စွန်းလေး ပါတော့ တညင်း သီးအဆိပ်လေးလည်း ပြေတာပေါ့နော်။ ငပိကြော်နဲ့တို့စရာလေးလည်းစားချင်တော့ ရာသီပေါ်ဂွေးချိုသီးနဲ့ရခိုင် ပုဇွန်ငပိလေးကို ငရုတ်သီးစိမ်းလေးနဲ့ ချဉ်ချဉ်စပ်စပ်လေးကြော်မယ် စိတ်ကူးတယ်။ မယ်တော်မားသားက လည်း အေးကောင်းသားပဲ။ မနက်ဖြန်ချက်ကြတာပေါ့ဆိုတော့ အားလုံးအဆင်ပြေတာပေါ့။ မနက်ဖက် မယ်တော်မားသား ဈေးကနေပြန်လာတော့ အစုံအလင်ပါလာပြီမို့ ချက်ကြတာပေါ့နော်။

ဝက်သားတညင်းသီးနှပ်
ဝက်သားကိုတော့သုံးထပ်သားပဲ ၀ယ်လာလိုက်တယ်။ မယ်တော်မားသားနဲ့ အိမ်သားတွေက ၀က်သားဆို အဆီကိုပိုကြိုက်တာကိုး။ ဆွေမျိုးတို့ကတော့ နှစ်သက်ရာ အသားနဲ့ချက်ပေါ့။ ၀က်သားကိုပဲ ငံပြာရည် အကြည်နဲ့ ကြက်သားမှုန့်လေးသင့်ရုံထည့်ပြီး နယ်ထားလိုက်မယ်။ တညင်းသီးကိုတော့ ထန်း လျက်ခဲလေး ထည့်ပြီး ပြုတ်ထားလိုက်မယ်။ ဆယ်မိနစ်လောက်တစ်ခါ ရေတော့လဲပေးရမှာပေါ့နော်။ ဒါမှ တညင်းသီးထဲမှာ ပါတဲ့အဆိပ်လည်း ထွက်သင့်သလောက် ထွက်သွားရအောင်ပေါ့။ ဆယ်မိနစ်တစ်ခါနဲ့ သုံးခါလောက်ရေလဲပေး ရင် တညင်းသီးက တစ်ဝက်လောက်တော့နူးပါပြီ။ တညင်းသီးကိုအခွံခွာပြီး နည်းနည်းလေးပုံမပျက်အောင် ထိန်း ပြီး ထုထားလိုက်မယ်။ 

ဒါမှ အရသာက ၀က်သားထဲဝင်ပြီး စားလို့ပိုကောင်းမှာလေ။ ခုန နှပ်ထားတဲ့ဝက်သားကို အိုးထဲ ဘာမှမထည့်ပဲ သူ့ချည်းထည့်ပြီး လုံးလိုက်မယ်။ လုံးရေလေးခန်းလို့ သူ့အဆီလေးနဲ့ သူပြန်လာပြီဆိုမှ ခုနအသင့်ပြင်ထားတဲ့ တညင်းသီးလေးထည့်ပြီး ၀က်သားရော တညင်းသီးပါ နူးအောင်တည်ထား လိုက် မယ်။ အဆိပ်လည်းပြေ အရသာလည်း ပိုလေးသွားအောင် ကျောက်ပန်းတောင်းထန်းလျက်ခဲ အညိုလေး တစ်ခဲ လောက်ပါ ဟင်းထဲထည့်ချက်လိုက်မယ်။ ပိုမွှေးသွားအောင် ကြက်သွန်ဖြူလေးပါထည့်လိုက်မယ်။ ဒီလောက် ဆိုရင်တော့ တညင်းသီးကလည်း စားလို့ရလောက်ပါပြီ။ ဟိုတုန်းက ကျန်းမာရေး အသိမရှိ ခင်တုန်းကတော့ ၀က် သားလုံးပြီဆိုတာနဲ့ တညင်းသီးကိုလည်း အစိမ်းအတိုင်းပဲအခွံခွာ နည်းနည်းထုပြီး ရောချက်လိုက်တာပဲ။ ၀က်သားလည်းနူး တညင်းသီးလည်းနူးပေါ့နော်။ အခုကတော့ အဲလိုချက် မစားရဲတော့ဘူး။

ချဉ်ပေါင်ကန်စွန်းရွက်ချဉ်ဟင်း
ဝက်သားတညင်းသီးနှပ်တစ်ပွဲရပြီဆိုတော့ ချဉ်ပေါင်ကန်စွန်းရွက်ချဉ်ဟင်းလေး ဆက်ချက်လိုက်ရ အောင် ချဉ်ပေါင်ရွက်နဲ့ လယ်ကန်စွန်းရွက်လေးတွေကိုခြွေပြီး ရေစင်အောင်ဆေး ရေစစ်ထားလိုက်မယ်။ ပုစွန်လေး လေးငါးကောင်ကို အခွံခွာပြီး မညက်တညက်လေးလက်နဲ့ ချေထားလိုက်မယ်။ ကြက်သွန်နီ တစ်ဥလောက်ကို ခပ်ထူထူလေးလှီးထားမယ်။ ဒယ်အိုးထဲကို ဆီလေးထည့် ဆီကျက်ရင် ကြက်သွန်နီထည့် ကြက်သွန်နီစိမ်းနံ့ပျောက်ပြီဆိုရင် ခုနကချေထားတဲ့ပုဇွန်လေးရယ်၊ ပုဇွန်ငံပြာရည်လေးရယ်၊ နနွင်းမမှုန့် လေးနည်းနည်းပါထည့်ပြီးလုံး ချဉ်ပေါင်နဲ့ကန်ဇွန်းရွက်ခြွေထားတာပါ ထည့်လုံးလိုက်ပေါ့။ ပြီးမှ ရေထည့်ပြီး ဆူလာရင် အရသာမြည်းကြည့် ချဉ်ပေါင်ရွက်ကအချဉ်လေးထွက်လာလို့ အရသာအဆင်ပြေပြီဆိုရင် မွှေးသွား အောင် ငရုတ်သီးစိမ်းလေးထည့်အုပ်လိုက်ရင် ပိုစားလို့ကောင်းတာပေါ့။

ဂွေးချိုသီးငပိကြော်
ဂွေးချိုသီးငပိကြော်အတွက်ကတော့ ကြက်သွန်နီတစ်ဥလောက်နဲ့ ကြက်သွန်ဖြူငါးတက်လောက်ကို မညက်တစ်ညက်လေးထောင်းထား ဂွေးချိုသီးကို စိန်ခလုပ်လေးနဲ့ တိုက်ထားလိုက်ပေါ့။ အစပ်လေးလည်းပါ အောင် ငရုတ်သီးစိမ်းလေးလည်းထည့်မှာဆိုတော့ ငရုတ်သီးစိမ်းကိုလည်း ခပ်ထူထူလေးလှီးထား။ ပုဇွန် ခြောက်လေးလည်းထည့်မှာဆိုတော့ ထောင်းထားလိုက်မယ်။ အိုးထဲဆီထည့်ပြီး ဆီကျက်တာနဲ့ ခုနထောင်း ထား တဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူထည့်ဆီသတ် ကြက်သွန်ဖြူနီလေးကျက်လို့ မွှေးလာပြီဆိုမှ နနွင်း မှုန့်လေး နည်းနည်းထည့် ခုနထောင်းထားတဲ့ ပုဇွန်ခြောက်မှုန့်လေးပါထည့်လိုက်မယ်။ ပြီးမှ စိန်ခလုပ်နဲ့ တိုက်ထားတဲ့ ဂွေးချိုသီးထည့်လိုက်မယ်။ ဂွေးချိုသီးလေးနူးပြီး အချဉ်ထွက်လာပြီဆိုမှ ရခိုင်ပုဇွန် ငပိလေးကို သင့်ရုံထည့်လိုက် မယ်။ ဆီလေးပြန်လာပြီဆိုမှ ခုနလှီးထားတဲ့ ငရုတ်သီးစိမ်းလေးတွေ အုပ်လိုက်မယ်။ ဒါဆိုရင်တော့ ဂွေးချိုသီး ငပိကြော်ချဉ်ချဉ်စပ်စပ်လေးရပြီပေါ့။

တို့စရာအတွက်ကတော့ တညင်းသီးနံ့လေးပျောက်အောင် သခွားသီးကတော့မပါမဖြစ်မို့ သခွား သီးနုနုလေးတွေ မယ်တော်မားသားက ၀ယ်လာတယ်။ လယ်ကန်စွန်းရွက်လေးလည်း ရေနွေးဖျောတို့ဖို့ ၀ယ်လာတယ်လေ။ အဲ့တော့ ပိုအဆင်ပြေတာပေါ့။ အဆိပ်လည်းပြေတာပေါ့။ ကျန်တာကတော့ အဆင်ပြေ တာ ကြိုက်တာ တို့ကြတာပေါ့နော်။ ဒီတစ်ပတ်နားရက်မှာတော့ သူ့ရာသီရောက်တိုင်း ကြိုက်တဲ့သူတွေအ တွက် မစားပဲမနေနိုင်တဲ့ တညင်းသီးကိုဝက်သားနဲ့ နှပ်တဲ့ဟင်းလေးနဲ့ သူနဲ့လိုက်ဖက်မယ့်အတွဲအစပ်လေးနဲ့ ချက်ဖြစ် လိုက်တယ်။ နောက်တစ်ပတ်မှ ဆွေမျိုးတို့နဲ့ပြန်ဆုံပြီး နောက်တစ်မျိုးချက်ကြတာပေါ့နော်။
အားလုံးအဆင်ပြေပျော်ရွင်ကြပါစေ။

Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


 
Share on Google Plus

0 comments:

Post a Comment