ကြက်ကြော်သုပ်၊ အသီးအရွက်စုံ ငါးဖယ်လုံးဟင်းချို၊ ကြက်ဥ မဆလာကြော်











ရာသီဥတုကလည်းပူတော့ နားရက်လေးမှာ ဟင်းတစ်ခါချက်ဖို့အရေး တော်တော်တွေးယူရတယ်။ မယ်တော်မားသားကတော့ ငါက ငါးရက်လုံးလုံးစီစဉ်ပြီး ချက်ထားတာ နားရက်ကတော့ ကိုယ့်ဟာကို စဉ်းစားတဲ့။ ဈေးးကတော့ ချက်ချင်တာပြော သွားဝယ်ပေးမယ် ပြောတော့လည်း စဉ်းစားလို့ရတာလေးပဲ ချက်တော့မယ်။ ရာသီဥတုနဲ့လည်း ကိုက်ညီ၊ စားလို့သောက်လို့လည်း အဆင်ပြေအောင်ကြိုးစားပြီးတော့ ချက်မယ်။

ကြက်ကြော်သုပ်
ကြက်ကြော်သုပ်ကိုတော့ မြန်မာစတိုင်လေးသုပ်တာပေါ့။ ကြက်ကြော်သုပ်ဖို့အတွက်ကတော့ CP ကြက်ရင်ပုံ နှစ်ဆယ်သားလောက်ကို အသားထုတ်ပြီး ရဲရဲလေးရအောင် ကြော်လိုက်မယ်။ မြန်မာစတိုင် ဆိုတော့ သီးသန့် Sauce စပ်စရာမလိုတော့ဘူးပေါ့။ ကြက်သွန်နီဆီချက်လေးရယ်၊ ခရမ်းချဉ်သီးရယ်၊ ဂေါ်ဖီအနုလေး ပါးပါးလှီးထားတာလည်းနည်းနည်းထည့်မယ်။ အချဉ်အတွက်ကတော့ သံပုရာသီးပဲသုံး တာပေါ့။ အစပ်အတွက် ကိုတော့ ငရုတ်သီးလှော်မှုန့် သုံးမယ်။ မွှေးမွှေးလေးဖြစ်အောင် ရှောက်ရွက်နုလေး လည်း ရိတ်ရိတ်လေး လှီးထည့်လိုက်တာပေါ့။ ကြက်ကြော်လေးကို လက်နဲ့ပဲနွင်ထားလိုက်မယ်။ ဒါမှ လှီးတာထက်စာရင် အရသာ ပိုဝင်တာပေါ့။ ဂေါ်ဖီနုနဲ့ကြက်သွန်နီပါးပါးလှီးထားတာရယ်၊ ခရမ်းချဉ်သီးနဲ့ ရှောက်ရွက်လှီးထားတာရယ်ကို အရင်ဆုံး သမအောင်ခပ်ဖွဖွလေးနယ်မယ်။ အရသာအတွက် ပုဇွန်ငံပြာရည်၊ သံပုရာရည်၊ ငရုတ်သီးလှော်မှုန့် အချိုအတွက်ကတော့ ပျားရည်လေးနည်းနည်း ထည့်နယ်လိုက်မယ်။ အရသာက ချိုချဉ်ငံစပ်လည်းဖြစ်၊ ရှောက်ရွက်နံ့မွှေးမွှေးလေးလည်းဖြစ်ပြီဆိုမှ ခုနကနွင်ထားတဲ့ ကြက်ကြော်လေးနဲ့ ကြက်သွန်နီ ဆီချက်လေး ထည့်လိုက်မယ်။ ဒါဆိုရင်တော့ မြန်မာစတိုင် ကြက်ကြော်သုပ် ချိုချဉ်ငံစပ်လေးတစ်ပွဲ  အဆင်ပြေပြီပေါ့။

အသီးအရွက်စုံငါးဖယ်လုံး ဟင်းချို
အသီးအရွက်စုံငါးဖယ်လုံးဟင်းချိုကိုတော့ တရုတ်နံနံပင်လေးအုပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတုပူပြီး နေမထိထိုင်မသာ အချိန်မျိုးဆိုတော့ တရုတ်နံနံရဲ့အာနိသင်က အာရုံကြောကို အားပေး တယ်လေ။ ငါးဖယ်လုံးကတော့ ဈေးမှာဝယ်တဲ့ငါးဖယ်ခြစ်ပဲဖြစ်ဖြစ်၊ အသင့်စားငါးဖယ်လုံးပဲဖြစ်ဖြစ် သုံးလို့ ရပါတယ်။ အသီးအရွက်ကိုတော့ စုံစုံလေးထည့်မယ်။ မှို၊ ပြောင်းဖူးသေး၊ မုန်လာဥနီ၊ မုန်ညင်းထုပ်၊ ရွှေပဲသီး အဲဒီလောက်ဆို လိုအပ်တဲ့အာဟာရပြည့်စုံလောက်ပါပြီ။ ဒီဟင်းချိုက မယ်တော်မားသားက အာရုံကြော အား နည်းတတ်တဲ့သူမို့ များများချက် တိုက်နေကျလေ။ မယ်တော်မားသားအတွက်ဆိုရင်တော့ တရုတ်နံနံ များများ လေးနဲ့ပေါ့။ ဆေးလည်း အစာ၊ အစာလည်း ဆေးဖြစ်တဲ့ ဟင်းချိုတစ်ခွက်ပေါ့။ စကားစပ်တုန်း ပြောလိုက်ဦးမယ်။ ရာသီဥတုပြောင်းလို့ ဖျားချင်နာချင်ဖြစ်တာမျိုးကို ကာကွယ်ဖို့အတွက် ဆိုရင်တော့ ငါးဖယ်လုံးအစား ကြက်သား အရေခွံများတဲ့အပိုင်းနဲ့ ချက်လိုက်ရုံပါပဲ။ ချင်းလေးတော့ ထပ်ထည့်ပေးရ တာပေါ့။ ဟင်းချိုချက်ဖို့အတွက်တော့ ပထမဆုံး ဆီနည်းနည်းကိုအပူပေးပြီး ကြက်သွန်ဖြူဓားပြား ရိုက်စဉ်း  ထားတာကို အရင်ဆီသတ်မယ်။ ပြီးရင်တော့ ကြက်ပြုတ်ရည်၊  ကြက်ပြုတ်ရည်မရှိရင်လည်း ရေနွေးအဖြူ ကို ထည့်မယ့်အစာနဲ့ မှန်းပြီးထည့် လိုက်။ အရသာအတွက်ကတော့ ဆား၊ သကြား၊ ကြက်သားမှုန့်ပဲသုံးပါ မယ်။  အရသာအဆင်ပြေပြီဆိုရင် ချက်ရ တာကြာတဲ့ ပြောင်းဖူးသေးနဲ့ မှိုကိုအရင်ထည့်မယ်။ ပြီးရင် ကျန်တဲ့အသီးအရွက်တွေ ဆက်ထည့်မယ်။ ငါးဖယ်လုံးထည့်မယ်။ နောက်ဆုံးမှ တရုတ်နံနံထည့်မယ်။ နှမ်းဆီမွှေးလေး ကြိုက်ရင်လည်းထပ်ထည့်ပေါ့။ ဒီလောက်ဆိုရင်တော့ အနံ့အရသာနဲ့ပြည့်စုံပြီး အာဟာရလည်းဖြစ်တဲ့ အသီးအရွက်စုံငါးဖယ်လုံး ဟင်းချို တစ်ခွက်ရလောက်ပါပြီ။

ကြက်ဥမဆလာကြော်
ကြက်ဥမဆလာကြော်ဖို့အတွက်ကတော့ ခရမ်းချဉ်ဦး၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ပြောင်းဖူး သေးကို ခပ်သေးသေးလေးတွေ အရင်လှီးထားမယ်။ ကြက်ဥနှစ်လုံးလောက်ကို ကြေအောင်ခေါက် လိုက်ပြီးမှ မဆလာ၊ ဆား၊ သကြား၊ ပုဇွန်ခြောက်မှုန့် ထည့်မွှေမယ်။ ပြီးရင် ခုနလှီးထားတဲ့ အသီး အရွက်တွေပါ တစ်ခါ တည်း ထည့်မွှေလိုက်မယ်။ မီးအေးအေးလေးနဲ့ ကြော်ပါ့မယ်။ ဒါမှထည့်ထားတာ အသီးအရွက်လေးတွေ ကျက်အောင်ပါ။
ဒီတစ်ပတ်အတွက်ကတော့ ကြက်ကြော်သုပ်၊ သီးရွက်စုံငါးဖယ်လုံးဟင်းချို၊ ကြက်ဥမဆလာကြော် လေးနဲ့ ရာသီဥတုပူနေတဲ့အချိန် မိသားစုထမင်းဝိုင်းမှာ စားလို့အဆင်ပြေကြဖို့ မျှော်လင့်ပါတယ်။ နောက် တစ်ပတ်မှ ခပ်ဆန်းဆန်းလေးတွေ တွေးပြီးချက်ကြတာပေါ့။
Royal


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment