ရာသီလေးက
နေပူလိုက်မိုး ရွာလိုက်နဲ့ မိုးရာသီထဲရောက်ဖို့ အချက်ကလေးကပြလာပြီ လူတွေ လည်း မိုးမျှော်သလို
ဖားတွေကလည်းမိုးခေါ်နေကျပြီ။ ညဘက်ဆို ဖားအော်သံတွေတော်တော်ကြားနေရပြီ။ မယ်တော် မားသားကို
အမေရေ ဖားတွေတောင်အော်နေကြပြီနော်လို့ပြောတော့ အိမ်ကလူတွေအကြောင်း နောကျေနေတဲ့ အမေက
နင်ဖားသားစားချင်ပြီမလား။ ဖားအော်တာတွေဘာတွေ လုပ်မနေနဲ့ မနက်ဈေးသွား ရင် ငါဖားဝယ်ခဲ့
မယ်တဲ့။ ဖားသားကိုချက်စားရင် အကောင်းဆုံးက ကင်ပွန်းချဉ်ရွက်လေး ငရုတ်သီး ခွဲခြမ်းလေးနဲ့ချဉ်စပ်လေး
ကြော်တာပဲ ကျန်တာကတော့ မယ်တော်မားသားပဲ ဈေးထဲကနေ အဆင်ပြေတာ ၀ယ်ခဲ့ပေးမှာပေါ့။
နယ်မှာနေတုန်းကတော့
မိုးလေးတစ်ပြိုက်နှစ်ပြိုက်လောက်ရွာတာနဲ့ ဖားတွေကအော်ပြီလေ။ အဲဒီလို အချိန် မျိုးဆို
ဖားရိုက်ထွက်ရတဲ့ လူတွေနဲ့။ ကင်ပွန်းချဉ်ရွက်လေးနဲ့ ငရုတ်သီးခွဲခြမ်းလေးနဲ့ ခပ်ခြောက်
ခြောက်လေးကြော်။ အဲဒီဟင်းလေးနဲ့ဆွဲလိုက်ရရင် ကျန်တဲ့ဟင်းတောင်မလိုတော့ဘူး။ စားလို့
ကောင်းမှ ကောင်းပဲ။ မယ်တော်မားသားဈေးကပြန်လာတော့ ဖားလေးတွေရလာတယ်။ အခုကမိုးက သိပ်မရွာသေးတော့
ဖားကလည်းကြီးကြီးမရသေးဘူးနဲ့တူပါတယ်။
အရံဟင်းကိုတော့
ငါးကြင်းခေါင်းတွေလတ်တာနဲ့ မုန်လာဥလေးနဲ့ ချဉ်ဟင်းချက်စားရအောင် ၀ယ်ခဲ့ တယ်တဲ့။ ပဲထောပတ်လေးတွေလည်း
လတ်တာနဲ့ အချိုလေးနှပ်စားချင်လို့ ၀ယ်လာသေးတယ်ဆိုတော့ ဟင်းပွဲ လေးကတော့ စုံသွားပြီပေါ့နော်။
ပထမဦးဆုံးဝယ်လာတဲ့ ဖားသားလေးတွေကို မန်ကျည်းသီးနဲ့ ဆားနဲ့ အရင် နယ်ဆေးလိုက်မယ်။ ဒါမှ
အကျိအချွဲလေးတွေလည်းကုန် သန့်လည်းသန့် အညှီလည်းသက် သာသွားတာပေါ့။ ပြီးရင် ရေနွေးဖျော
အရေခွံခွာမယ်။ တချို့ကတော့ အရေခွံပါစားကြပေမယ့် အိမ်က လူတွေကတော့ မစားရဲလို့ ခွာပစ်လိုက်မယ်။
ပြီးရင် နုပ်နုပ်စင်း ပုဇွန်ငံပြာရည်လေးနဲ့နယ်ပြီး
နှပ်ထားလိုက်မယ်။ ငရုတ်သီးခွဲခြမ်းလေးကို ကြက် သွန်ဖြူ ကြက်သွန်န်ီနဲ့ရောထောင်း။ အိုးထဲဆီထည့်လို့
ဆီကျက်ရင် ခုနထောင်းထားတဲ့ ငရုတ်သီးနဲ့ ကြက် သွန်ဖြူနီကို နနွင်းမှုန့်လေးပါထည့်ပြီး
ဆီသတ်မယ်။ ဆီသတ်လို့ကျက်ပြီဆိုရင် ဖားသားနှပ်ထားတာကို ထည့်ပြီး နာနာလုံး။ ပြီးရင် ရေထည့်ပြီး
နူးအောင်တည်ထား နူးခါနီးလို့ ဆီမပြန့်တပြန်ဖြစ်လာပြီဆိုမှ ကင်ပွန်း ချဉ်ရွက်တွေခြွေပြီး
ရေစင်စင်ဆေး။ ရေစစ်ထားတဲ့ ကင်ပွန်းချဉ်ရွက်ထည့် ခပ်ခြောက်ခြောက်လေးဖြစ်လာတဲ့ အထိမီး
ပြင်းပြင်းလေးနဲ့ မြန်မြန်လေးကြော်လိုက်မယ်။ ကင်ပွန်းချည်ရွက် ချဉ်ချဉ်လေး ငရုတ်သီးခွဲခြမ်း
စပ်စပ် လေးနဲ့ ဖားသားကင်ပွန်းချဉ်ရွက်ကြော်လေးတစ်ခွက်တော့ အဆင်ပြေသွားပြီပေါ့။
မုန်လာဥနဲ့ငါးခေါင်းချဉ်ဟင်းချက်ဖို့ကတော့
မယ်တော်မားသားက ထုံးစံအတိုင်းငါးခေါင်းတွေကို အညှီ ပြင်းမှာစိုးလို့ ကျက်ရုံလေးကြော်ထားပေးတယ်။
မုန်လာဥလေးတွေလည်း လှီးထားပြီးသားဆိုတော့ ချက်ရုံပဲပေါ့။ ကြက်သွန်နီဥလတ်လေး တစ်ဥလောက်ကို
ခပ်ထူထူလေးလှီးပြီး ဆီသတ်လိုက်မယ်။ ပြီးရင် နနွင်းမှုန့်နဲ့ ပုဇွန်ငံ ပြာရည်လေးပါထည့်ဆီသတ်။
ခုနက ကျက်ရုံကြော်ထားတဲ့ ငါးခေါင်းနဲ့ မုန်လာဥပါ ထည့်ပြီးလုံးလိုက်။ လုံးပြီးတာ နဲ့ ရေလေးသင့်ရုံထည့်ပြီး
မုန်လာဥလေးနူး၊ ငါးခေါင်းကလည်း အချိုရည် ထွက်လာတဲ့အထိ တည်ထားလိုက် မယ်။ ဖားသားက ချဉ်စပ်လေးဆိုတော့
မုန်လာဥငါးခေါင်းချဉ်ဟင်းကို အရမ်းကြီးချဉ်စပ်မချက်တော့ဘူး။ မန်ကျည်းသီးမှည့်အရည်လေး
ချဉ်ရုံလေးထည့် ငရုတ်သီးစိမ်းလေး လေးငါးဆယ်တောင့် ဓားပြားရိုက်ထားတာ လေး နဲ့ နံနံပင်လှီးထားတာလေးအုပ်လိုက်ရင်
မုန်လာဥငါးခေါင်းချဉ်ဟင်း မွှေးမွှေးလေးတစ်ခွက်ရပြီပေါ့။
ပဲထောပတ်နှပ်ဖို့ကတော့
လွယ်ပါတယ်။ ပဲထောပတ်လေးတွေ အခွံခွာရေဆေးပြီးစစ်ထား။ ကြက်သွန် ဖြူတစ်တက်လောက်နဲ့ ဂျင်းလေးနည်းနည်းထောင်းထား၊
ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး အရင်ကြော် ဆီစစ် ထား။ ကြက်သွန်နီကြော်ထားတဲ့ဆီကို
ခုနထောင်းထားတဲ့ဂျင်းနဲ့ ကြက်သွန်ဖြူလေးရယ် နနွင်းမှုန့်လေးရယ် ထည့် ဆီသတ်၊ ဆီသတ်လို့မွှေးလာပြီဆိုရင်
ရေစစ်ထားတဲ့ပဲထောပတ်လေးထည့်ပြီး စိမ်းနံ့ပျောက်အောင် နာနာ လေးလုံးပေး ဆားလေးပါသင့်ရုံထည့်၊
ရေထည့်ပြီး နူးလာအောင်တည်။ နူးလည်းနူး ဆီလေးလည်းပြန်သလို ဖြစ်လာပြီဆိုရင် ပဲထောပတ်နှပ်ချိုချိုဆိမ့်ဆိမ့်လေးတစ်ခွက်ရပြီပေါ့။
ခုနကြော်ထားတဲ့ကြက်သွန်နီကြော်လေးအပေါ်က
ဖြူးပေးလိုက်တော့ ပိုလည်းမွှေး ဟင်းပွဲလေးလည်း ပိုစားချင်စရာဖြစ်သွားတာပေါ့။ ဒီတစ်ပတ်ပိတ်ရက်ကတော့
တောဟင်းလေးတွေပဲ ချက်စားဖြစ်လိုက်တယ်။ တစ်ခါတလေလည်း ပုံစံခွက်နဲ့ချက်ထားသလိုမျိုးဖြစ်နေတဲ့
ဟင်းပွဲတွေကနေ တောဟင်းလေးတွေပြောင်း စားရတာပိုပြီး ထမင်းစားမြိန်တယ်။
ကဲ
ဆွေမျိုးတွေလည်း မိသားစုထမင်းဝိုင်းလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စားလို့မြိန်ကြပါစေဆုတောင်း
ပေးလိုက်ပါတယ်။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ကြတာပေါ့နော်။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment