ကားဖျူး(စ်)ကို အလွယ်တကူလဲနိုင်မယ့် နည်းလမ်း(၈)ခု











ကားတစ်စီး ပြဿနာတစ်ခုခုဖြစ်ပြီး စက်ချို့ယွင်းပြီဆိုရင် စက်ဆရာဆီပြေးဖို့လိုအပ်ပေမယ့် တချို့ အခြေအနေမျိုးတွေမှာဆိုရင်တော့ ကိုယ့်ဟာကိုယ်ပြုပြင်ယူလိုက်လို့ရတာတွေလည်းရှိပါတယ်။ ကားနဲ့ အတိုင်း အတာတစ်ခုအထိ ထိတွေ့ထားခဲ့ဖူးတဲ့ အတွေ့အကြုံတချို့ရယ်၊ အင်ဂျင်ပိုင်းနဲ့ပတ်သက်ပြီး သိရှိနားလည် ထားတဲ့ ဗဟုသုတရယ် ပေါင်းစပ်လိုက်ရင် မက္ကင်းနစ်တစ်ယောက်လောက်အဆင့်နဲ့ ကား တစ်စီးကိုပြုပြင်နိုင်မှာ ပါ။ လိုအပ်တာကတော့ လူတိုင်းတိကျသေချာတဲ့ ကားပြင်သမားတစ်ယောက်ဖြစ်နိုင် တယ်ဆိုတဲ့အသိ ရှိထားဖို့ ပါပဲ။ ဒီတစ်ပတ်မှာတော့ ကားနဲ့ပတ်သက်သူတိုင်းသိထားဖို့ လိုအပ်မယ့် ဖျူး(စ်) လဲနည်းလေးတွေနဲ့ မိတ်ဆက် ပေးပါမယ်။

ဘယ်နေရာမှာရှိလဲသိအောင် အရင်လုပ်
ပထမဆုံးအရေးတကြီးလုပ်ထားဖို့ လိုအပ်တာကတော့ ဖျူး(စ်) ကို ဘယ်အနားမှာဆင်ထားလဲ ဆိုတာ သိအောင်ကြိုးစားဖို့ပါပဲ။ မသေချာရင် လမ်းညွှန်စာအုပ်ထဲကို ကြည့်ပါ။ အများစုကတော့ လက်ကိုင် ဘီးအောက် မှာ ရှိနေကြတာ များပါတယ်။

စနစ်တကျဖြုတ်တတ်ပါစေ
နေရာသိပြီဆိုရင်တော့ ကာဗာကိုစနစ်တကျဖြုတ်ရပါလိမ့်မယ်။ အတွင်းပိုင်းမှာတော့ အရောင်တွေ၊ ကိန်းဂဏန်းတွေနဲ့ဖော်ပြထားတဲ့ လျှပ်စီးလမ်းကြောင်းတွေအပြင် ဖျူး(စ်)အသီးသီးရဲ့ ပါဝါအတိုင်းအတာတွေ ကို ဖော်ပြပေးထားတာ တွေ့ရပါလိမ့်မယ်။ ဒါတွေကိုလေ့လာပြီး မှတ်သားထားဖို့ လိုအပ်ပါတယ်။

ပျက်ဆီးနေတဲ့ ဖျူး(စ်)ကို ဖြုတ်ပါ
ဖျူး(စ်)ဟာပျက်ဆီးနေပြီဆိုရင်တော့ အတွင်းပိုင်းတွေမဲနေတတ်ပါတယ်။ ဒါမှမဟုတ်ရင် သတ္ထုအပိုင်း အစလေးက ကြေမွနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဖြုတ်ပြီးအသစ်လဲရတော့မှာဖြစ်ပါတယ်။ ဖျူး(စ်)ထည့်ထားတဲ့အထိုင်က အတွင်းပိုင်းမှာဖြစ်တာကြောင့် အလင်းရောင်ရမယ့်အရာတစ်ခုခုရဲ့ အကူအညီနဲ့ ပြုပြင်မှုပြုလုပ်ရင် ပိုအဆင်ပြေပါလိမ့်မယ်။

ဂရုတစိုက်ပြုလုပ်ဖို့ ဂရုပြုပါ
တချို့အခြေအနေတွေမှာ လက်ချည်းသက်သက်ပြုလုပ်နိုင်ပေမယ့် တစ်ခါတလေ အကူကိရိယာ တွေအကူအညီနဲ့ ဖျူး(စ်)လဲလှယ်ရတာမျိုးတွေလည်းရှိပါတယ်။ အရေးကြီးဆုံးကတော့ ဂရုတစိုက်ကိုင် တွယ်နိုင်ဖို့ပါပဲ။ ဖျူး(စ်)တွေဟာအလွယ်တကူ ပျက်စီးတတ်တဲ့အမျိုးအစားတွေဖြစ်တာကြောင့် ကွဲကြေမသွားဖို့ လိုအပ်ပါတယ်။ မကောင်းတဲ့ဖျူး(စ်)ကိုဖြုတ်နေချိန်အတွင်း ကွဲသွားရင် ပိုပြီးခက်ခဲတဲ့အခြေအနေမျိုးတွေလည်း ဖြစ်လာတတ်လို့ပါ။

နေရာတကျဖြစ်အောင် သတိထားပါ
ဖျူး(စ်)တပ်ဆင်တာဟာ ခက်ခဲတဲ့အလုပ်တစ်ခုမဟုတ်လို့ အလွယ်တကူလုပ်မိတတ်ပါတယ်။            အမြန်ပြီးလိုစိတ်နဲ့ အလွယ်တကူလုပ်လိုက်တာဟာ နှစ်ခါပြန်လုပ်ဖို့ရဲ့ လမ်းစတစ်ခုဖြစ်တာကြောင့် တစ်ခါ တည်းပြီးအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ အစကတည်းကသေချာအောင် လုပ်သင့်ပါတယ်။ သတ်မှတ်ထား တဲ့ဖျူး(စ်)ကို နေရာတကျတပ်ဆင်နိုင်ဖို့ ပထမဆုံးသေသေချာချာအမှတ်အသား လုပ်ထားသင့်တာပါ။ တပ်ဆင်ရမယ့်အထိုင်နဲ့ ဖျူးစ်ကို နေရာလွဲတပ်မိရင် ၀ါယာရိန်းပိုင်းမှာ အကြီးအကျယ်ပြဿနာတတ်တတ်လို့ အစကတည်းက သေချာမှုရှိဖို့လိုအပ်တယ်လို့ဆိုရတာဖြစ်ပါတယ်။

ဖျူး(စ်)အပို ဆောင်ထားသင့်ပါတယ်
ဖျူးဘောက်စ်ထဲမှာ ဖျူး(စ်) အပိုတွေအမြဲတမ်း အရန်သင့်ဆောင်ထားသင့်ပါတယ်။ ဒီအစိတ်အပိုင်းက ကားကိုအချိန်မရွေးဒုက္ခပေးနိုင်စွမ်းရှိလို့ ပေါ့ဆမနေသင့်ပါဘူး။ တကယ်လို့ မတော်တဆမှုတစ်ခုခုဖြစ်ရင် သိပ်အရေးမပါတဲ့ အစိတ်အပိုင်းက ဖျူး(စ်)ကိုဖြုတ်ပြီး အရေးပါတဲ့နေရာမှာအစားထိုးအသုံးပြုနိုင်ပေမယ့် ဒါက ယာယီလောက်ပဲ အလုပ်ဖြစ်မှာပါ။ ဥပမာ - Power Window အတွက် ဖျူး(စ်)ပျက်သွားရင် Wiper က ဖျူး(စ်)နဲ့ အစားထိုးအသုံးပြုနိုင်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဖျူး(စ်)အပိုတွေကို အရန်သင့်ဆောင်ထားနိုင်ဖို့ပါပဲ။

အလုပ်ဖြစ်မဖြစ်စစ်ဆေးပါ
ဖျူး(စ်)အဟောင်းကိုဖြုတ် အသစ်လဲပြီးပြီဆိုရင်တော့ လျှပ်စစ်လိုင်းတွေအလုပ်ပြန်လုပ်လား သိရ အောင် ကားထဲဝင်ပြီး စစ်ဆေးဖို့ပဲ လိုတော့တာပါ။ စစ်ဆေးမှုပြုလုပ်တဲ့နေရာမှာ ကားအတွင်းပိုင်းက အစိတ် အပိုင်းတွေအားလုံး အလုပ်လုပ်နေသလား၊ ဘာတွေချို့ယွင်းနေသလဲဆိုတာ သေချာစစ်ဆေးရပါလိမ့်မယ်။

အဆင်မပြေရင် လုပ်ရမယ့် နောက်ဆုံးအဆင့်
အကုန်နေရာ ကျပြီထင်လို့ စက်နှိုးကြည့်မှ အသေတပ်ထားတဲ့ ဖျူး(စ်)ပါထပ်လောင်သွားရင်တော့ ဒါဟာနောက်ဆုံးလုပ်စရာတစ်ခုပဲ ကျန်တော့တယ်ဆိုတာကို အချက်ပြလိုက်တာပါပဲ။ အဲဒါကတော့ ကျွမ်း ကျင်တဲ့စက်ပြင်ဆရာဆီသွားဖို့ဖြစ်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment