ဒီတစ်ပတ်နားရက်တော့
ချက်ရတာလည်းလွယ် ထမင်းစားလို့လည်းကောင်းမယ့် ဟင်းပွဲအတွဲ အစပ် လေးပဲရွေးထားတယ်။ မယ်တော်မားသားကလည်း
ဒူးနာနေတယ်ဆိုတော့ မယ်တော်မားသား အတွက် ရုံးပတီသီးကြော်တစ်ပွဲ ထည့်ပေးထားတယ်။ ဒီတစ်ပတ်တော့
အမေ့ဈေးခြင်းလေးကိုင်ပြီး ကိုယ့် ဖာသာဈေး လစ်ရတဲ့ ရက်သတ္တပတ်ပေါ့။ အမေကဒူးနာနေတယ်ဆိုတော့
ဈေးသွားဖို့အဆင်မပြေဘူးလေ။ ရုံးပတီသီးနဲ့ ကြက်ဥကြော်က အားလည်းဖြစ် ဒူးနာတာအတွက်လည်းဆင်ပြေတယ်။
ချက်ရတာလည်း လွယ်မှလွယ်ပဲလေ။ ကြက်ဥကိုတော့ အိမ်ကြက်ဥလေးသုံးရင် ပိုအဟာရဖြစ်တာပေါ့။
ပုဇွန်ကြော်မယ် ဆိုတော့ လွယ်လွယ်ကူကူ အချိုလေးပဲကြော်လိုက်မယ်။ ကြက်သွန်နီအနှစ် များများလေးနဲ့ပေါ့။
သခွားသီးလည်းသုပ်မှာဆိုတော့ ပုဇွန် လေးငါးကောင်လောက်တော့ ဖယ်ထားလိုက်မယ်။ ပုဇွန်လှော်လေးနဲ့
သခွားသီးလေးသုပ်တော့ ပိုစားလို့ ကောင်းတာပေါ့။
ပုဇွန်အချိုကြော်
ပုဇွန်အချိုကြော်ကိုတော့
ပုဇွန်လေးတွေအခွံခွာ ပုဇွန်ငံပြာရည်လေးနဲ့နယ်ပြီး ခဏနှပ်ထားမယ်။ ပုဇွန်လေးနှပ်ထားတဲ့အချိန်မှာ
ကြက်သွန်နီမထူမပါး လှီးထားတာလေးတွေကို နည်းနည်းနွမ်းသွားတဲ့အထိ ကြော်လိုက်မယ်။ ညှီမှာစိုးရင်တော့
ကြက်သွန်နီကြော်နွမ်းပြီဆိုရင် နနွင်းမှုန့်လေးပါနည်းနည်း ထည့် လိုက်ပေါ့။ ပြီးရင် ခုနနှပ်ထားတဲ့
ပုဇွန်တွေထည့်လိုက်ပြီး ကြော်ရုံပဲလေ။ ကြက်သွန်နီကြော်နဲ့ ပုဇွန်က ထွက်လာတဲ့ အနှစ် လေးတွေပေါင်းပြီးဖြစ်လာတဲ့
ဟင်းအနှစ်ကလည်း ထမင်းနဲ့နယ်စားရင် ကောင်း မှကောင်းပဲလေ။ အဲဒါကြောင့် ပုဇွန်ကြော်ပြီဆိုရင်
ကြက်သွန်နီများများထည့်တယ်။ ဈေးကြီးတဲ့ပုဇွန်လည်း အကုန်သက်သာ စားလို့လည်း အဆင်ပြေ
ချွေတာရာလည်းရောက်တာပေါ့။
သခွားသီးသုပ်
သခွားသီးသုပ်ဖို့အတွက်ကတော့
ခုနကပုဇွန်ကြော်ဖို့ထဲက ဖယ်ထားတဲ့ ပုဇွန်လေးငါးကောင် ကို လှော်လိုက်မယ်။ အသုပ်ထဲထည့်မယ့်
ငရုတ်သီးစိမ်းကိုလည်း လှော်လိုက်မယ်။ ဒါဆိုရင် ငရုတ်သီးစိမ်းက ပိုလည်းမွှေး ဗိုက်နာတာလည်းသက်သာတာပေါ့။
သခွားသီးကိုတော့ သခွားသီးနုနုလေးတွေ ရွေးထားတယ်။ လူများများစားမယ်ဆိုရင် သခွားသီးကြီးကြီးတွေကို
အလယ်ကောင်ကအစေ့တွေထုတ်ပြီး သုပ်ကြတာများ တယ်လေ။ အခုကတော့ အလယ်ကအစေ့လေးတွေမရင့်သေးတဲ့
သခွားသီးပေါက်စလေးတွေကို ရေစင်စင် ဆေးပြီး ခြစ်လိုက်မယ်။ အခွံလေးတွေပါလည်း ကိစ္စမရှိဘူး။
စိမ်းစိမ်းလေးနဲ့ ပိုတောင်လှသေးတာပဲ။ သခွားသီး နုနုလေးတွေဆိုတော့ အလယ်ကအစေ့လေးတွေကလည်း
မရင့်သေးလို့ ထည့်ထားတော့ ပိုလည်းချို အရည် လည်းပိုများတော့ ချိုချဉ်ငံစပ်မွှေး အရည်လေးခပ်သောက်ချင်လည်းရသေးတယ်လေ။
စိမ်းစားငါးပိလေးလည်း နည်းနည်း မီးလေးကင်ပြီး အသုပ်ထဲထည့်သုပ်မယ်။ ခုနကလှော်ထားတဲ့
ပုဇွန်နဲ့ ငရုတ်သီးစိမ်းလေးကို မညက် တညက်လေးထောင်း သခွားသီးခြစ်ထားတဲ့အထဲထည့်နယ်။ မီးကင်ထားတဲ့စိမ်းစားငါးပိလေးနည်းနည်းပါထည့်
အရသာပိုလေးတာပေါ့။ အရသာက ချိုချဉ်ငံစပ်လေးရပြီဆိုရင် မွှေးမွှေးလေးဖြစ်အောင် ပင်စိမ်းလေးအုပ်လိုက်
မယ်။ ဒါဆိုရင်တော့ သခွားသီးသုပ်လေးက အဆင်ပြေလောက်ပါတယ်နော်။
ရုံးပတီသီးကြက်ဥကြော်
ရုံးပတီသီးကြက်ဥကြော်ကတော့
လွယ်ပါတယ်။ ရုံးပတီသီးကို မလှီးခင်ရေစင်စင်ဆေး လှီးပြီးမှဆေး လို့ ကအဆင်မပြေဘူးလေ။ အချွဲတွေထွက်လာပြီး
ဟင်းကအရမ်းချွဲပြီး စားရတာအဆင်မပြေတော့ဘူးဗျ။ ရုံးပတီသီးလေးတွေ ခပ်ထူထူလေးတစောင်းလှီး၊
ကြက်သွန်နီဥလေးလည်း ခပ်ထူထူလေးလှီး၊ ကြက်သွန်လေး အရင်ဆီသတ် ဆီသတ်တဲ့အထဲ ကြက်သားမှုန့်လေးပါ
တစ်ခါထဲထည့်လိုက်ရင်တော့ ပိုမွှေးတာပေါ့။ ပြီးရင် ရုံးပတီသီးထည့် ရုံးပတီသီးလေးနူးခါနီးတာနဲ့ ကြက်ဥလေးဖောက်ထည့်ပြီး
ခပ်ဖြေးဖြေးကြက်ဥအရမ်းကြေ မသွားအောင် မွှေပေးလိုက်ပေါ့။ ရုံးပတီသီးကိုတော့ အရမ်းမနူးစေနဲ့ပေါ့။
သူက ခပ်စိမ်းစိမ်းမှ ကြွပ်ကြွပ်လေးနဲ့ စားကောင်းတာလေ။ ဒီတစ်ပတ်ကတော့ ပုဇွန်အချိုကြော်၊
သခွားသီးသုပ်၊ ရုံးပတီသီးကြက်ဥကြော် ဟင်းပွဲ အတွဲအစပ်လေးနဲ့ အကုန်အကျလည်းသိပ်မများ
ချက်ရတာလည်းလွယ် စားလို့လည်း အဆင်ပြေမယ့် မိသားစုထမင်းဝိုင်းလေး ဖြစ်ကြပါစေလို့ ဆုတောင်းရင်း
နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ကြတာပေါ့။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment