ပုဇွန်ချိုချဉ်ကြော်(ထိုင်းစတိုင်)၊ ပြောင်းဖူးကြော်၊ မရမ်းသီးပတက်စာဟင်းချို












အသားတွေကြီးပဲစားနေရတာ ရက်ဆက်လာပြီဆိုတော့ ဒီတစ်ပတ်တော့ အဓိကဟင်းကို ပုဇွန်ချိုချဉ် ကြော်ကို ထိုင်းစတိုင်လေး ရွေးထားတယ်။ လိုက်ဖက်မယ့် အရံဟင်းကိုတော့ ပြောင်းဖူးကြော်နဲ့ အရည်သောက် အတွက်ကတော့ ရာသီစာမရမ်းသီးနဲ့ ပတက်စာဟင်းချိုတစ်ခွက်ချက်လိုက်မယ်။ မယ်တော်မားသား ပြောလေ့ ရှိတာက ရာသီစာလေးတွေက သူ့ရာသီနဲ့သူပေါ်မှ စားရတာ ကျန်းမာရေးအတွက်လည်းကောင်းတယ်တဲ့။ ပုဇွန်ချိုချဉ်ကြော်ကို ထိုင်းစတိုင်ကြော်မယ်ဆိုလို့ အရမ်းကြီးခက်တယ်တော့ မထင်လိုက်နဲ့ဦး။ အရင် ပုဇွန် မွေးတုန်းက ပုဇွန်ဖော်ပြီဆိုရင် ထိုင်းတွေကိုရောင်းတာများတယ်။ သူတို့ကလည်း ပုဇွန်ကန်ဖော်ပြီဆိုရင် တစ်ညလုံးပုဇွန်ကန်မှာလာစောင့်ရင်းနဲ့ ဖော်ပြီးကာစ ပုဇွန်လတ်လတ်ဆတ်ဆတ်ကို သူတို့ ဖာသာ သူတို့ကြော်စားကြတယ်လေ။ တစ်ခုရှိတာက ပုဇွန်မွေးတာနဲ့ပတ်သက်တဲ့ ပုဇွန်ပညာရှင်တော်တော်များများက ပုဇွန်ခေါင်းကိုမစားကြဘူး။ ပုဇွန်မှာအဓိကရောဂါဖြစ်တာက ပုဇွန်ရဲ့ခေါင်းပိုင်းမှာရှိတဲ့ အသည်းမှာဖြစ်တာ များ တာကိုး။ ထိုင်းလူမျိုးတော်တော်များများကလည်း ပုဇွန်ကိုခေါင်းပိုင်းမစားဘူးလေ။
မြန်မာတွေကတော့ ပုဇွန်ဆီပြန်လေးချက်ရင် ခေါင်းမှာပါတဲ့ အနှစ်လေးရဲနေမှ ကြိုက်ကြတာကိုး။ ပုဇွန် ဆီတောင် လုပ်စားကြသေးတယ်မလား။ အခုကြော်မယ့် ပုဇွန်ချိုချဉ်ကြော်မှာလည်း ပုဇွန်ကိုခေါင်းနဲ့အဆီ လုံးဝ မထည့်ဘူးနော်။ ပွားနေတာလည်းများပြီဆိုတော့ ချက်ရေးပြုတ်ရေးစလိုက်ကြရအောင်လား။

ပုဇွန်ချိုချဉ်ကြော်
ပုဇွန်အလတ်စား အစိတ်သားလောက်ကို ခေါင်းဖြုတ်အခွံခွာ ကျောခွဲပြီး ပုဇွန်ရဲ့ ချေးကြောင်းကို ထုတ် လိုက်မယ်။ အခွံခွာတဲ့နေရာမှာ ပုဇွန်ရဲ့အမြီးဖျားက အခွံလေးတော့ချန်ထားလိုက်မယ်။ ဒါမှချက်တဲ့အခါ ပိုလှ အောင်လို့ပါ။ အခွံခွာပြီးတဲ့ပုဇွန်ကို ငံပြာရည်နဲ့နယ်ပြီး ခဏနှပ်ထားလိုက်မယ်။ ကြက်သွန်နီဥသုံးဥလောက်ကို အခွံခွာပြီး အကွင်းလေးတွေလှီးထား ခရမ်းချဉ်သီးနှစ်လုံးလောက်ကိုလည်း အကွင်းလေးတွေလှီးထား ငရုတ် သီးစိမ်း ဆယ်တောင့်လောက်ကိုလည်း ခပ်ကြီးကြီးလေးလှီးထား။ သံပုရာသီးတစ်လုံးလောက်လည်း ကြိုပြီး အရည်ညှစ်ထား ကော်မှုန့်လေးလည်း အဆင်သင့်အရည်ဖျော်ထားလိုက်မယ်လေ။ ဒါဆို ပုဇွန်ချိုချဉ်ကြော်ဖို့ အဆင်သင့်ဖြစ်ပြီပေါ့။ အိုးထဲကိုဆီထည့်ပြီး ဆီပူလာတာနဲ့ ခုနကလှီးထားတဲ့ ကြက်သွန်နီကွင်းလေးတွေထည့် ဆီသတ်မယ်။ စိမ်းနံ့ပျောက်တာနဲ့ ပုဇွန်ထည့်မယ်။ သံပုရာရည်နဲ့ သကြားထည့်မယ်။ အပေါ့အငံအတွက် က တော့ ထုံးစံအတိုင်း ကြက်သားမှုန့်လိုက်တာပေါ့။ အရသာမြည်းလို့ အချိုအချဉ် အပေါ့အငံ အိုကေပြီဆိုရင် ငရုတ်သီးစိမ်းလှီး ထားတာထည့်မယ်။ ကော်မှုန့်ဖျော်ထားတာလေးထည့်ပြီး မွှေပေးလိုက်မယ်ဆိုရင် ချိုချိုချဉ်ချဉ် ပုဇွန်ကြော်လေးရပြီပေါ့။ နံနံပင်ကြိုက်ရင် နံနံပင်လေးပါအုပ်လိုက်ပေါ့။ ဒါဆို ပိုမွှေးသွားတာပေါ့နော်။

ပြောင်းဖူးကြော်
ပြောင်းဖူးကြော်ကတော့ လွယ်ပါတယ်။ ပြောင်းဖူး သုံးဖူးလောက်ကိုမထူမပါးလှီး ကြက်သွန်နီဥလတ် နှစ်ဥလောက်ကိုလည်း မထူမပါးလေးလှီးပြီး အရင်ကြော်လိုက်မယ်။ ပြီးရင် ဆယ်ပြီး ဆီစစ်ထားလိုက်မယ်။ ကြက်သွန်နီကြော်ထားတဲ့ဆီထဲကို ကြက်သားမှုန့် စားပွဲတင်ဇွန်းတစ်ဝက်လောက် အရင်ထည့်ပြီးမွှေလိုက်မယ်။ ဒါဆို ကြက်သားမှုန့်ကို ဆီသတ်လိုက်တဲ့သဘောဖြစ်ပြီး မွှေးလည်းပိုမွှေးတာပေါ့။ ပြီးတာနဲ့ ခုနလှီးထားတဲ့ ပြောင်းဖူးထည့်ပြီး မွှေးလာတဲ့အထိ လုံးပေးလိုက်မယ်။ ရေနွေးလေး မမြုပ်တမြုပ်ထည့်ပြီး မီးအေးအေးလေးနဲ့ ရေခန်းပြီးဆီပြန်လာတဲ့အထိထားလိုက်မယ်။ အပေါ့အငံအတွက်ကတော့ ဆားထည့်တာ ပိုအဆင်ပြေပါတယ်။ ရေခန်းလို့ ဆီပြန်လာပြီဆိုရင် အပေါ်ကနေ ကြက်သွန်နီကြော်လေးဖြူးပေးလိုက်ရင် ပြောင်းဖူးကြော်ချိုချိုလေး အိုကေပြီပေါ့။

မရမ်းသီးပတက်စာဟင်းချို
မရမ်းသီးနဲ့ပတက်စာဟင်းချိုအတွက်ကတော့ မရမ်းသီးလေး ငါးလုံးခြောက်လုံးလောက်ကို ထက်ခြမ်း ခြမ်းပြီး အစေ့ထုတ်ထားမယ်။ ပတက်စာလေးတွေကိုကြမ်းတာလေးတွေဖယ်ထုတ်ပြီး ရေစင်အောင်ဆေးထား လိုက် တာပေါ့။ ကြက်သွန်နီဥလတ် တစ်ဥလောက်ကို ခပ်ထူထူလေးလှီးပြီး ဆီအရင်သတ်မယ်။ ကြက်သွန်နီ စမ်းနံ့ ပျောက်တာနဲ့ ပုဇွန်ခြောက်မှုန့်လေးရယ် ငံပြာရည်လေးရယ်ပါ တစ်ခါတည်းထည့်ဆီသတ်လိုက်မယ်။ ပြီးရင် မရမ်းသီးပါထည့်ပြီး လုံးလိုက်တာပေါ့။ ဒါဆိုမရမ်းသီးက အချဉ်ထွက်တာပိုမြန်တာပေါ့။ ရေထည့်ပြီး ဆူလာရင် အပေါ့အငံအချဉ်မြည်းကြည့်လို့ စိတ်ကြိုက်ရပြီဆိုရင် ပတက်စာလေးထည့်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ပုဇွန်ချိုချဉ်ကြော် ထိုင်းစတိုင်လေးရယ်၊ ပြောင်းဖူးကြော်ချိုချိုလေးရယ်နဲ့ လိုက်ဖက်မယ့် ရာသီစာ မရမ်းသီး ပုတက်စာဟင်းချိုလေး တစ်ခွက်ရပြီပေါ့။ ဒီအပတ်နားရက်မှာ ဒီလောက်ဆို အဆင်ပြေလောက်မယ် ထင်ပါ တယ်။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ကြတာပေါ့။
Share on Google Plus

0 comments:

Post a Comment