ကြက်သားဂွေးတောက်ရွက်ထုပ်၊ ရုံးပတီသီးချဉ်ပေါင်ရွက်ဟင်းလှော်၊ ကျောက်ဖရုံသီးကြော်ချက်












ဒီတစ်ပတ်နားရက်မှာ နည်းနည်းတော့အလုပ်ရှုပ်နေပေမယ့် မစားရတာကြာနေတဲ့ ကြက်သား ဂွေးတောက်ရွက်ထုပ်လေးစားချင်လာလို့ အဲဒါကိုပဲအဓိကဟင်းအနေနဲ့ ရွေးလိုက်တယ်။ မယ်တော်မားသား ကလည်း ဒီဟင်းဆို ကြိုက်မှကြိုက်ပဲလေ။ ကျန်တဲ့ ဟင်းရံကိုတော့ ရုံးပတီသီးနဲ့ ချဉ်ပေါင်ရွက်ကို ဟင်းလှော် လေးချက်မယ်၊ ကျောက်ဖရုံသီးကိုလည်း ကြော်ချက်လေးချက်မယ်ပေါ့။ ဒါမှ အရသာစုံစုံလင်လင်လေးဖြစ် သွား အောင်ပါ။ ဂွေးတောက်ရွက်ကိုတော့ အသားများများရတဲ့ CP ကြက်ရင်ပုံပဲရွေးလိုက်တယ်။ 

အသားကြီးပဲ အဆာသွပ်မှာဆိုတော့ အသားများတာရွေးရတာပေါ့။ ဒါမျိုးကတော့ မယ်တော်မား သားက ကျွမ်းတယ်လေ။ မယ်တော်မားသားဈေးကပြန်လာတော့ မှာလိုက်တာအားလုံးပါလာတယ်လေ။ အရံဟင်းနှစ်ပွဲအတွက် ဟင်းခတ် လုပ်ဖို့ ပုဇွန်လေးတောင်ပါလာသေးတယ်။

ကြက်သားဂွေးတောက်ရွက်ထုပ်
ပထမဦးဆုံးဂွေးတောက်ရွက်ကို အရွက်လိုက်ခြွေ ရေစင်စင်ဆေးပြီး ရေစစ်ထားလိုက်မယ်။ ကြက် ရင်ပုံ သားကို အရိုးထုတ်ပြီးအသားကြီးပဲ သီးသန့်စဉ်းထားလိုက်မယ်။ ပြီးမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုထောင်းပြီး ဆီသတ်လိုက်မယ်။ ဆီသတ်လို့စိမ်းနံ့ပျောက်ရင် ပုဇွန်ငံပြာရည်ပါထည့်ဆီသတ်မယ်။ ပြီးမှ စဉ်းထားတဲ့ ကြက် သားကို ထည့်လုံးမယ်။ ရေလေးနည်းနည်းထည့်ပြီး နူးပြီးရေခန်းတဲ့အထိတည် လိုက် မယ်။ ရေလည်းခန်းနူး လည်း နူးပြီ၊ အရသာလည်းအဆင်ပြေပြီဆိုရင် အပေါ်ကနေကော်မှုန့်လေး နည်း နည်းဖြူးပြီး မွှေပေးလိုက်မယ်။ ဒါမှဂွေးတောက်ရွက်ထဲထည့်တဲ့အခါ ပိုအဆင်ပြေတာပေါ့။ ကြက်သားကို ခနအအေးခံထားတဲ့အချိန်မှာ ဂွေးတောက်ရွက်ကို ကတော့လေးတွေလုပ်ထားလိုက်မယ်။ သွားကြားထိုးတံ သန့်သန့်လေးတွေသုံးပြီးလုပ်ရင် လွယ်ပါတယ်။ ပြီးမှ အအေးခံထားတဲ့ကြက်သားကိုထည့်၊ သွားကြားထိုးတံလေးသုံးပြီး ပြန်ပိတ်လိုက်မယ်။ 

အားလုံးပြီးပြီဆိုရင် အဆာလေးနည်းနည်းချန်ထားတဲ့အထဲကို ကြက်သားဂွေးတောက်ရွက် ထုပ်လေးတွေထည့် ရေလေးနည်းနည်းထည့်ပြီး ဂွေးတောက်ရွက်ကလေးတွေနူးတဲ့အထိ ပြန်တည်လိုက် မယ်။ အကြာကြီးတော့ တည်စရာမလိုပါဘူး။ သုံးမိနစ်နဲ့ငါးမိနစ်ကြားဆို နူးပါတယ်။ ပြီးပြီဆိုရင်တော့ အရသာလည်းရှိ၊ အမြင်လည်း ဆန်း၊ ကျန်းမာရေးနဲ့လည်း ညီတဲ့ ကြက်သားဂွေးတောက်ရွက် ထုပ်ဟင်း တစ်ပွဲတော့ အဆင်ပြေပြီပေါ့။

ရုံးပတီသီးနဲ့ ချဉ်ပေါင်ရွက်ဟင်းလှော်
ရုံးပတီသီးနဲ့ချဉ်ပေါင်ရွက်ဟင်း လှော်ကတော့လွယ်ပါတယ်။ ချဉ်ပေါင်ရွက်လေးတွေခြွေ ရေစင်စင် ဆေးပြီးစစ်ထား၊ ရုံးပတီသီးကိုရေစင်စင်ဆေးပြီးမှ လိုချင်တဲ့ပုံလှီး၊ ကြက်သွန်နီတစ်ဥလောက်မထူမပါး လှီးထားတာကိုဆီအရင်သတ်၊ စိမ်းနံ့ပျောက်ပြီဆိုရင် ဟင်းခတ်ထည့်မယ်။ ပုဇွန်ရယ်၊ နနွင်းမှုန့်နည်းနည်း ရယ်၊ ပုဇွန်ငံပြာရည်ရယ်ထည့်ပြီးလုံး၊ ရုံးပတီသီးအရင်ထည့်။ ရုံးပတီသီးက တစ်ဝက်လောက်ကျက်ပြီဆိုမှ ချဉ်ပေါင်ရွက်ထည့် ချဉ်ပေါင်ရွက်ကနူးလို့ အချဉ်ထွက်လာပြီဆိုရင် အရသာအပေါ့အငံမြည်း၊ ချဉ်ချဉ်လေး ဖြစ်ပြီဆိုမှ ပိုလည်းမွှေးချဉ်စပ်လေးလည်းဖြစ်အောင် ငရုတ်သီးစိမ်းလေး မထူမပါးလှီးပြီးအုပ်လိုက်ရုံပါပဲ။

ကျောက်ဖရုံသီးကြော်ချက်
ကျောက်ဖရုံသီးကြော်ချက်အတွက်ကတော့ ကျောက်ဖရုံသီးကိုရေစင်စင်ဆေး၊ အနေတော်လေးတွေ တုံးပြီး ရေပြန်စစ်ထားလိုက်မယ်။ ထုံးစံအတိုင်း ကြက်သွန်နီလေးဆီသတ်ပြီး ပုဇွန်လေးရယ်၊ နနွင်းမှုန့်လေး ရယ်၊ ပုဇွန်ငံပြာရည်လေးရယ်ပါထည့်ဆီသတ် ပြီးမှ ကျောက်ဖရုံသီးထည့်ပြီး ခပ်နာနာလေးလုံးလိုက်မယ်။ ကျောက်ဖရုံသီးလည်းနူး၊ အရသာလေးလည်း အဆင်ပြေ၊ သောက်လို့လည်းရ ဆမ်းစားလို့လည်းရတဲ့ ဟင်းရည် လေးလည်းကျန်တဲ့အနေဆိုရင် ကျောက်ဖရုံသီးကြော်ချက်ဟင်းတစ်ပွဲရပါပြီ။

ဒီတစ်ပတ်အတွက်ကတော့ အစာလည်းဆေး ဆေးလည်းအစာဖြစ်အောင် အရသာစုံစုံလေးနဲ့ စားလို့လည်းကောင်းအောင် ချက်ဖြစ်လိုက်တယ်။ ဆွေမျိုးတို့လည်း မိသားစုထမင်းဝိုင်းလေးမှာ ဒီဟင်းပွဲ အတွဲအစပ်လေးနဲ့ စားလို့အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ပတ်မှ နောက်တစ်မျိုး ချက်ကြတာပေါ့။

Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment