ကြက်သားငရုတ်စိမ်းဆီပြန်၊ မရမ်းသီးငါးနီတူအချိုသုပ်၊ ပဲကြာဇံဟင်းချို











ဟင်းပွဲတစ်ပွဲချက်ဖို့ပြင်ရင် သူနဲ့လိုက်မယ့် ဟင်းပွဲအတွဲအစပ်လေးတွေစဉ်းစားရတာ ပျော်စရာတစ် ခု  ပါပဲ။ ကိုယ်တွဲစပ်လိုက်တဲ့ဟင်းပွဲ အတွဲအစပ်တစ်စုံက စားလို့တော်တော်အဆင်ပြေတယ်ဆိုရင် ချက်ရ ပြုတ်ရ တာ အမောပြေသွားတာပေါ့။ အစားအသောက်ချက်ရင်လည်း ခံတွင်းမြိန်ဖို့ အာဟာရဖြစ်ဖို့ ကျန်း မာရေးနဲ့ ကိုက်ညီဖို့ အဲဒီလိုလည်း တွေးရစဉ်းစားရသေးတယ်လေ။ ချက်ချင်တာကောက်ချက်လိုက်လို့ အဆင်မပြေရင် ငွေကုန်၊ လူပန်း စားလို့အဆင်မပြေ၊ ဘယ်ဟာမှအကျိုးမရှိနိုင်ဘူးမလား။ 

အခုခေတ်မှာကလည်း ဓာတ်မြေသြ ဇာ၊ ပိုးသတ်ဆေး၊ ကြာရှည်ခံဆေး အမျိုးမျိုးရဲ့ရန်ကလည်း ရှောင်ရတိမ်းရသေးတယ်။ အဲဒီလိုရှောင်ရတဲ့အထဲ မှာ အိမ်ကလူတွေအကြောက်ဆုံးကတော့ ငရုတ်သီး မှုန့်မျိုးစုံပဲပေါ့။ အဲဒါကြောင့် အတတ်နိုင်ဆုံး ဟင်းချက်ရင် ငရုတ်သီးအခြောက်နဲ့ ချက်တာကိုရှောင်တယ်။ မရှောင်နိုင်လို့ချက်မယ်ဆိုရင်လည်း ငရုတ်သီးတစ်တောင့်ချင်း ကို မှိုပါလား၊ အခြေအနေကောင်းရဲ့လား သေချာစစ်ဆေးရသေးတယ်။ မယ်တော်မားသားကတော့ အဲဒီလို အရာမျိုးကို သေချာစနစ်တကျလုပ်တဲ့နေရာမှာ ဆရာပဲ၊ ''အမေပြောတာက ငါက တစ်အိမ်သားလုံးရဲ့ စားဖို့ကို စီစဉ်ရတာ ငါသက်သာရာတစ်ခုကိုလိုက်မိလို့ ငါ့မိသားစုကိုတော့ ကျန်းမာရေးအထိအခိုက်မခံနိုင်ဘူး'' တဲ့။ အမေတစ်ယောက် အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ မိသားစုအပေါ်ထားတဲ့ မေတ္တာစေတနာတွေပေါ့။
အဲဒီလိုမျိုး မိသားစုအပေါ် စေတနာထားချက်လို့လည်း အမေချက်တဲ့ဟင်းပွဲတိုင်းဟာ စားလို့ ကောင်းတာကြီး ပဲလေ။ 

အိမ်မှာကတော့ ငရုတ်သီးစိမ်းကိုစားခါနီးမှ သေချာစစ်ပြီးသုံးတယ်။ ငရုတ်သီး အလှော်မှုန့်ကအစ စားခါနီးမှလှော်ပြီး ထောင်းတာများပါတယ်။ ပိုခဲ့ရင်လည်း တစ်ပတ်လောက်နေလို့မှ မစားဖြစ်ရင် ပစ်လိုက် တာပဲလေ။ အစာလည်းဆေး၊ ဆေးလည်းအစာပဲဆိုတဲ့စကားအတိုင်း စားလို့ကောင်းမယ် လွယ်မယ်ဆိုတာနဲ့ လွယ်လွယ်တော့ မသုံးသင့်ဘူးလို့ ထင်တာပဲ။ ကဲ ထားပါတော့။ ဒီ တစ်ပတ်ချက်မှာကိုပြောမယ်။ ကြက်သားကို ငရုတ်သီးစိမ်းနဲ့ ချက်မယ်။ ကြက်သားကို အချိုတစ်မျိုး အစပ်တစ်မျိုး အမျိုးမျိုးစားနေရလို့ ငြီးငွေ့နေတဲ့သူတွေ အတွက် အပြောင်းအလဲလေးလည်းဖြစ် စားလို့လည်းအဆင်ပြေအောင်ပေါ့။ သူနဲ့လိုက်ဖက်မယ့်ဟင်းပွဲကိုတော့ ပဲကြာဇံဟင်းချို ချိုဆိမ့်လေးရယ် ရာသီပေါ်ခရမ်းသီးစိမ်းလေးကို ငါးနီတူခြောက်လှော်လေးနဲ့သုပ်တဲ့ အသုတ် ချဉ်ချဉ်လေးရယ်နဲ့ တွဲလိုက်မယ်။

ကြက်သားငရုတ်သီးစိမ်း ဆီပြန်
ကြက်သားကို ဗမာကြက် သုံးမယ်။ ကြက်သားသုံးဆယ်သားလောက်ကို အနေတော်တုံး စိမ်းစား ငါးပိ နည်းနည်း၊ ကြက်သားမှုန့် ငံပြာရည်နည်းနည်း၊ နနွင်းမှုန့်နည်းနည်းနဲ့နယ်ပြီး နှပ်ထားလိုက်။ ကြက် သွန်နီဥသေး ဆယ့်ငါးလုံးလောက်ကို အလုံးလိုက် အရင်ကြော်မယ်။ ကြက်သွန်ဥက စိမ်းနံ့ပျောက်ပြီ ဆိုရင် ဆယ်ပြီးဆီစစ် ထားလိုက်မယ်။ ကြက်သွန်နီကြော်ထားတဲ့ဆီထဲကို ခုနနှပ်ထားတဲ့ ကြက်သားကိုထည့်ပြီး ရေခန်းတဲ့အထိ နာနာလေးလုံးပြီး ရေထည့်နူးအောင်တည်ထားလိုက်။ ငရုတ်သီးစိမ်းအတောင့်နှစ်ဆယ်လောက်ကို မညက် တညက်ထောင်းထား၊ နံနံပင်လည်းထည့်မှာဆိုတော့ နံနံပင်လေးတွေရေဆေးပြီး လှီးထားပေါ့။ ကြက်သားနူးလို့  ဆီမပြန်ခင် ကြက်သွန်နီဥကြော်နဲ့ ငရုတ်သီးစိမ်းထောင်းထားတာထည့် ကြက်သားနူးလို့ ဆီပြန်ပြီ အပေါ့အငံအ စပ်လည်း အဆင်ပြေပြီဆိုရင် လှီးထားတဲ့နံနံပင်လေးအုပ်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ကြက်သားငရုတ်သီးစိမ်း ဆီပြန် စပ်စပ်မွှေးမွှေးလေး တစ်ပွဲရပြီပေါ့။

ပဲကြာဇံဟင်းချို
ပဲကြာဇံဟင်းချိုအတွက်ကတော့ ကုလားပဲတစ်ဆယ်သားလောက်နဲ့ ပဲကြာဇံ နှစ်ကျပ်ခွဲသား လောက် ဆို အဆင်ပြေပါပြီ။ ကုလားပဲကိုသေချာသန့် ရေဆေးပြီး စစ်ထားမယ်။ ချင်းနည်းနည်းနဲ့ ကြက်သွန်ဖြူ တစ် တက်လောက်ကို ဓားပြားရိုက်ပြီးစဉ်းထား၊ ကြက်သွန်နီဥကြီးတစ်ဥလောက်ကို ခပ်ထူထူလေးလှီးပြီး ဆီနဲ့ အရင် ကြော်ပြီးရင် ဆယ်ထား။ ခုနစဉ်းထားတဲ့ ချင်းနဲ့ကြက်သွန်ဖြူကိုထည့် ဆီသတ်၊ စိမ်းနံ့ပျောက်ပြီဆိုရင် နနွင်းမှုန့် နည်းနည်းနဲ့ ကုလားပဲရေစစ်ထားတာထည့်ပြီး လုံးလိုက်ရုံပါပဲ။ သုံးမိနစ်လောက်သေချာလုံးပြီးပြီဆိုရင် ဆား လေးနည်းနည်းထည့်ပြီး နူးအောင်တည်ထားလိုက်ရုံပါပဲ။ ပဲတည်ထားတဲ့အချိန်မှာ ပဲကြာဇံလေးကို ရေစိမ် ထားပေါ့။ ပဲနူးပြီဆိုရင် အပေါ့အငံလေးမြည်းကြည့် လိုအပ်ရင် ကြက်သားမှုန့်လေးထည့်၊ ပဲကြာဇံရေစိမ်ထား တာလေး ဆယ်ထည့်၊ ကြက်သွန်ကြော်ထားတာလေးထည့်လိုက်ရင် ပဲကြာဇံ ဟင်းချိုချိုဆိမ့်လေး အိုကေပြီပေါ့။

မရမ်းသီးငါးနီတူအချိုသုပ်
ရာသီပေါ်မရမ်းသီးလေးကို ငါးနီတူခြောက်လှော်လေးနဲ့ သုပ်မယ်။ လွယ်လွယ်လေးပါ။ ငါးနီတူခြောက် ကြွပ်အောင် လှော်ထားတာကို မရမ်းသီးနဲ့ ကြက်သွန်နီခပ်ပါးပါးလှီးထားတာလေးရယ် နှမ်းနက်လှော်လေးနဲ့ မြေပဲဆီလေးထည့် ငံပြာရည်လေး သင့်ရုံထည့်နယ်လိုက်ရင် ကြက်သားငရုတ်သီးစိမ်းဆီပြန်စပ်စပ် မွှေးမွှေး လေးရယ် အရည်သောက်အနေနဲ့ ပဲကြာဇံဟင်းချို ချိုဆိမ့်လေးရယ်နဲ့လိုက်ဖက်မယ့် မရမ်းသီးငါးနီတူခြောက် သုပ် ချဉ်ချဉ်လေးရပြီပေါ့။ ခုလောက်ဆို မိသားစုထမင်းဝိုင်းအတွက် လွယ်လည်းလွယ် ချက်ရတာလည်းမြန် အရသာစုံစုံလေးလည်းပါတဲ့ ဟင်းပွဲတစ်စုံတော့ အဆင်ပြေလောက်မယ်ထင်ပါတယ်။ နောက်တစ်ပတ်မှ နောက်တစ်မျိုးထပ်ချက်ကြတာပေါ့။ 


Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment