ငါးဖယ်ငရုတ်သီးစိမ်းချက်၊ ဟင်းနုနွယ်ကြော်၊
ငါးနုသန်း အကြွပ်ကြော်၊ ကင်ပွန်းချဉ်ရွက်နဲ့ ပတတ်စာဟင်းချို၊ ပဲထောပတ်ဆီပြန်
“မယ်တော်မားသား
… သမီး မနက်ဖြန်အလုပ်နားမယ်။” အဲဒီတော့….ဒီစကားကြားတော့
ကျွန်မရဲ့ မာတာ မိခင်က မျက်စချီလို့ ကျုပ် သဘောပေါက်ပါတယ်တော်တဲ့ …ကျွန်မက အပြုံးနဲ့
''အမေ သမီးကလေ အမေကချက်ကျွေးချင်မှန်းသိလို့ပြောတာနော်… သမီးလည်းကူချက်မှာပါ''လို့
ပြန်ပြောလိုက်ပါတယ်။
သိပါတယ်တော်…
မင်းကတော်ထမင်းချက်နည်း''အတိုင်းလို့ ပြန်ပြောပါတယ်။ ဒီစကားက ကျွန်မ ဟင်းချက် မယ်ဆိုတိုင်း
အမြဲပြန်ပြောနေကြစကားပါ။ ကျွန်မကလည်း ကျွန်မပါ။ စန်းညွန့်နွယ်ရေ ညီမလေး ဒီနေ့ မငယ်
ထမင်းဟင်း ချက်မယ်နော် … ။ ကြက်သွန် အဖြူ အနီ ခွာထား စက်နဲ့ကြိတ်ထား နံနံပင်၊ ငရုတ်စိမ်းခြွေပြီး
ရေဆေး ဇကာစစ်ထားနော် … ကြက်သားမှုန့်၊ ဆား၊ ငံပြာရည်ပုလင်းတွေ အသင့်ပြင်ထား ချက်ကာနီးမှ
ဖြည့် တာ မငယ် သဘောမကျဘူး မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ထား ဒါကလည်းပါသေး …။
''သြော် နောက်ပြီး
အမေဈေးသွားရင်လေ ငါးဖယ်အစစ် လိုချင်တယ်။ သမီးကိုဝယ်ခဲ့ပေးနော်။ သူတို့ကလေ ငါးဖယ်အစစ်ရဖို့
စောင့်ပြီးခြစ်ခိုင်းမှရတာဆို အမေပဲပြောတယ်လေ။ စန်းညွန့်နွယ်ရေ ညီမလေးအမေနဲ့ ဈေးလိုက်သွားလိုက်ပါ။
အမေ မေ့မှာစိုးလို့ … ပြီးတော့လေ အကောင်သေးသေးငါးနူသန်း လတ်တာရရင် ၀ယ်ခဲ့နော် ပြီးတော့
ရှိသေးတယ်မှာစရာ… သြော် ဟို ပဲလေ ဘာပါလိမ့်။ နာမည်က ပဲထောပတ်လေ အဲဒါ လေးလည်း ၀ယ်ခဲ့ပါဦး
…
ဟင်းနုနွယ်ရွက်
နုနုလေးရရင် ၀ယ်ခဲ့ပါ …။ အကယ်၍မရရင် ဂေါ်ရခါးညွန့်ဝယ်ခဲ့။ အဲဒါကလေ နုမှကောင်း တာနော်။
သြော်အဲဒီအတွက် ကြက်သွန်နီခွာပြီး အမွှန်နံ့ပျောက်အောင် ရေစင်စင်ဆေးဦး ကြက်သွန်နီရဲ့
ထိပ်ခေါင်းလေးတွေ ဓါးနဲ့ထစ်ချိုင့်ပြီးထုတ်ထားပါဦး … ဟူး … ပြောရတာမောလိုက်တာ။
အမလေး ကြွက်ကြွက်ကိုညံလို့
သူတစ်ရက်လောက်ဟင်းချက်ဖို့ တစ်အိမ်လုံးမနေရဘူး … (မယ်တော်မားသားရဲ့ အသံပါ)
အမေရယ်
အမေ့သမီးက အမေ့မေတ္တာဈေးခြင်းတောင်းကို ကောင်းကောင်းအသုံးချမယ့် သမီး ထွေးပါ အမေရဲ့
အမေဂုဏ်ယူမယ်ဆိုရင်တောင် ဂုဏ်ယူလို့ရပါရဲ့။
ရွှေတွေငွေတွေ
ဖက်ရှင်တွေထက် ဈေးခြင်းတောင်းဆွဲပြီး သား ၊ငါးစားစရာဈေးဝယ်ရတာ အကြိုက် ဆုံးဖြစ်တဲ့
မယ်တော်မားသားကို သူ့ဈေးခြင်းတောင်းရဲ့ နာမည်ပေးထားတာကြာပေါ့။
အမေ့ဈေးခြင်းတောင်းက
အိမ်ရှိလူကုန်ရဲ့အကြိုက်တွေ အမြဲမှတ်မှတ်ရရပါတတ်လို့ ရိုးရိုးဈေးခြင်း တောင်းမဟုတ်ဘူး။
အမေ့မေတ္တာတွေပြည့်နေတဲ့တောင်းလို့ ကင်ပွန်းတပ်ထားတယ်။ အမေ့ဈေးခြင်းတောင်း ထဲမှာ သူ့ရဲ့အရင်းအနှီးဆုံးသားသမီးတွေအတွက်တင်မဟုတ်ဘဲ
သူ့မောင်နှမတွေ တူတူမတွေအတွက် စဉ်းစားပြီးဝယ်လာတဲ့ မေတ္တာ သားငါး အသီးအရွက်အစုံ ပါတယ်လေ။
သူ့မောင်လူပျိုကြီးကတော့
ဒါလေး ကြိုက်တတ်လို့ကနေ သူ့ရဲ့မြေး ပုစိအသေးဆုံးအထိ ပါတတ် ပါတယ်။
ကဲကဲ…
ဒီအပတ်က အမေ့ ဈေးခြင်းတောင်းတင်ဆက်ခြင်းအဖွင့်မို့ အချည်းနှီး နိဒါန်းတွေများနေ တယ်
မထင်လိုက်ပါနဲ့ရှင်… ကျွန်မချက်မယ့် အမေ၀ယ်လာတဲ့ ဟင်းအမယ်တွေ သိချင်လှရော့မယ်။ ဆောင်းမုတ်သုန်ကြောင့်
လေပြင်းတွေတိုက်နေလို လတ်တလောရာသီဥတုက အေးမြမြနဲ့ လိုက်ဖက်ပြီး ခံတွင်းလိုက်မယ့်ဟင်းကို
ချက်ပေးချင်တယ်ရှင့်။ ချက်မယ့်ဟင်းအမယ် အတွဲအစပ်လေးတွေက …
ငါးဖယ်ငရုတ်သီးစိမ်းချက်
… ဟင်းနုနွယ်ကြော် …၊ ငါးနုသန်း အကြွပ်ကြော်၊ ကင်ပွန်းချဉ်ရွက်နဲ့ ပတတ်စာ ဟင်းချို
ပဲထောပတ်ဆီပြန်ဆို ခံတွင်းမြိန်မယ်ထင်ရဲ့ …။
ငါးဖယ်ငရုတ်သီးစိမ်းချက် - ငါးဖယ်စစ်စစ်
ငါးဆယ်သားကို… ငါးဖယ်ထောင်းကြမယ့်သူတွေကိုမှာပါရစေ။ ထောင်းတာကမာသွားတတ်လို့ လင်ဗန်း
သို့မဟုတ် ဇလုံထဲမှာ အချက် ၃၀ လောက်ရိုက်ရင် ပိုကောင်းတယ်ရှင့်။
- ပြီးရင်
ဆား/ဟင်းချိုမှုန့်ထည့်ပြီးနယ်ပါ။
- ဒယ်အိုးမှာ
ဆီပါလေကာထည့်ပြီး အလောတော်ငါးဖယ်လေးတွေကို လက်နဲ့မညီမညာဖျစ်ပြီး ဒယ်အိုးထဲကို ထည့်ပါ။
မီးမျှင်းမျှင်းနဲ့ ခပ်ထပ်ထပ်လေးကြော်ပါ။
- ပြီးရင်ခဏဆယ်ထားပါ။
- ငရုတ်သီးစိမ်း
လတ်လတ်လေးတွေကို အညှာချွေပြီး ကိုယ်နှစ်သက်တဲ့ အစပ်အနေအထားမှန်းပြီး အနည်း အများချိန်
မညက်တညက်ထောင်းပါ။ (ငရုတ်သီးစိမ်းကို ကတ်ကျေးနဲ့ကိုက်လည်း ရပါတယ်။) - ကြက်သွန်ဖြူ ကို ၁၀ မွှာလောက်ထောင်းပါ။
- ကြက်သွန်နီကို
ခပ်ပါးပါး (၂)လုံးလောက် လှီးထားပါ။
- ပြီးရင်ခုနက
ငါးဖယ်ခပ်ထပ်ထပ်ကြော်ထားတဲ့ ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး အရင်ဆုံး ကြက်သွန်ဖြူ
ထည့်ပါ။ နနွင်းမှုန့် နည်းနည်းထည့်ပါ။
- ပြီးရင်
မညက်တညက်ထောင်းထားတဲ့ ငါးရုတ်သီးစိမ်း ထည့်မွှေပါ။ ပြီးမှ ကြက်သွန်နီ ပါးပါးလှီးထားတာ
ထည့်ပါ။
-ငါးရုတ်သီးစိမ်း
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ရောမွှေပြီး နွမ်းသွားပြီဆိုရင်တော့ ငါးဖယ်ခပ်ထပ်ထပ်ကြော်
ပြန်ထည့်မွှေ၊ ရေအနေတော်ထည့် ပွက်ပွက်ဆူရင်
နံနံပင်အနည်းငယ်အုပ်ပါ ဒါဆိုရင်တော့ ပါးစပ်ပေါက်
ခံတွင်းမြိန် ငါးဖယ်ရခိုင်ငရုတ်စိမ်းချက်ရပါပြီ။
- Main ဟင်းလေးတစ်ခွက် ရပြီဆိုရင်တော့ အရံဟင်းအနေနဲ့
ဆားဆနွင်းနယ်ပြီးနှပ်ထားတဲ့ ငါးနူသန်းအရွယ် တော်လေး သုံးဆယ်သားလောက်ကို ခပ်ကြွပ်ကြွပ်လေး
ကြော်ပါ။
- အရွက်ကြော်အနေနဲ့
အရင့်ဖယ် အနုသင်ထားတဲ့ ဟင်းနုနွယ်ရွက်ကို ကြက်သွန်ဖြူဓါးပြားရိုက်ပြီးကြော်ပါ။ အရမ်းမနွမ်းဘဲ
အစိမ်းရောင်မပျက်မှ စားကောင်းမှာမို့ မီးပြင်းပြင်းနဲ့ ကြော်ပေးပါ။
- ပြီးရင်
အရည်သောက် ကင်ပွန်းချဉ်ပတတ်စာဟင်းချိုလေး ချက်ပါမယ်။ ကင်ပွန်းချဉ်ပတတ်စာမှာတော့ အချဉ်လေးကဲအောင်ချက်ရင်
အစပ်ဟင်းနဲ့လိုက်ဖက်ပြီး အဆင်ပြေစေမယ်လို့ထင်ပါတယ်။
- နောက်အရံဟင်းတစ်မျိုးကတော့
အမေ့ဈေးတောင်းထဲပါလာတဲ့ ပဲထောပတ်ပါ။ ပဲထောပတ်ကို ဟင်းတွေ မချက်ခင်ကတည်းက ရေစိမ် အခွံနွာပြီးသားမို့
အခွံနွာထားတဲ့ ပဲထောပတ်ကိုအိုးထဲထည့် ရေအနေတော်ထည့် ကြက်သွန်နီ (၄)စိပ်စိပ်ထည့်။ နနွင်းမှုန့်ထည့်၊
ဆီထည့်ပြီးရင် ရေအလောတော်ထည့်ပြီး တည်ထားပါ။ ရေလည်း ခမ်းပဲလည်းနူး ဆီပြန်လာရင် အိမ်မှာအသင့်ကြော်ပြီး
ပုလင်းထဲထည့်ထားတဲ့ ကြက်သွန်နီကြော်လေးဖြူးပြီး စားဖို့အသင့်ပြင်လို့ရပါတယ်။
- ကဲ ဒီတပတ်ရဲ့
အမေ့ဈေးခြင်းတောင်း အဖွင့်ဟင်းလျာကတော့ ငါးဖယ်ငရုတ်စိမ်းရခိုင်ချက်၊ ဟင်းနုနွယ်ရွက်
ကြော်၊ ကင်ပွန်းချဉ် ပတတ်စာဟင်းချို၊ ငါးနူသန်းအကြွပ်ကြော်၊ ပဲထောပတ်ဆီပြန် ဒီ အပတ်တော့
ဒီဟင်းလေး နဲ့ အားလပ်ရက်မှာ ခံတွင်းမြိန်အဆင်ပြေလောက်ပါရဲ့နော်။
နောက်တပတ် အမေ့ဈေးခြင်းတောင်းထဲက ဟင်းမယ်တွေနဲ့
ဘာတွေဘယ်လိုချက်ကျွေးရမလဲ စဉ်းစား လိုက်ပါဦးမယ်ရှင်။
သမီးထွေး
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment