အမိုးဖွင့်ကားစီးမယ်ဆိုရင် ဘာတွေလုပ်ထားသင့်လဲ…











မွန်းကျပ်လှတဲ့မြို့ပြရဲ့ ပူလောင်မှုတွေထဲက ရုန်းထွက်ဖို့နည်းလမ်းကောင်းတွေထဲက တစ်ခုကတော့ အမိုးဖွင့်ကားလေးနဲ့ ဟိုဟိုသည်သည်လျှောက်သွားဖို့ပါပဲ။ သဘာဝပတ်ဝန်းကျင်ရဲ့အလှကို အားပါးတရ ခံစားနိုင်သလို လတ်ဆတ်တဲ့လေကောင်းလေသန့်တွေနဲ့လည်း တိုက်ရိုက်ထိတွေ့ခွင့်ရမှာပါ။ ဒါပေမဲ့ အဆိုးနဲ့ အကောင်းက ဒွန်တွဲနေသလို ဒီလိုကောင်းတဲ့ အချက်တွေနဲ့အတူ ကျွဲကူးရေပါ လိုက်ပါလာမယ့် ဆိုးကျိုးလေး တွေကိုလည်း ကြိုတင်သတိပြုထားဖို့ လိုအပ်မှာမလွဲပါဘူး။ ဒီလိုဆောင်ရန်၊ ရှောင် ရန်လေးတွေကို သိထားမှ လည်း အန္တရာယ်ကင်းကင်းနဲ့ ရေ ရှည်အရသာခံစားနိုင်မှာကြောင့်ဖြစ်ပါတယ်။

အကာအကွယ်ပစ္စည်းတွေ ဆောင်ထားပါ
ပထမဆုံး မျက်လုံး၊ နားနဲ့ အရေပြားတွေကို အကောင်းဆုံးကာကွယ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်ကအမိုးဖွင့်ကားအစီးများသူဆိုရင် နေကြမ်း၊ လေကြမ်းနဲ့တိုက်ရိုက်ထိတွေ့ရမှာဖြစ်လို့ အရေးကြီးတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံး သတိပြုသင့်တာပါ။ ပထမဦးဆုံး သတိ ထားရ မှာက မျက်လုံးပဲဖြစ်ပါတယ်။ အမိုးဖွင့်ကားစီးပြီဆိုရင် ဘာပဲပြောပြော မျက်လုံးကိုလေတိုးတော့မှာပါ။ လေထုထဲမှာ ကိုယ်တိုက်ရိုက်မမြင်နိုင်တဲ့ အမှုန်အမွှားတွေ၊ ရေမှုန်တွေပါဝင်နေပါတယ်။ 

ဒါကြောင့် ဒီလိုအန္တရာယ်တွေကနေ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်အောင် အနည်းဆုံး မျက်မှန်တပ်ထားတာ လောက်တော့ လုပ်ထားသင့်တာပါ။ အမှန်တကယ်မျက်လုံးကို အထိခိုက်မခံချင် ဘူးဆိုရင်တော့ သာမန်အလှ တပ်မျက်မှန်ထက် မျက်လုံးတစ်ခုလုံးကို အုပ်ထားနိုင်တဲ့ ပလတ်စတစ်မျက်မှန် မျိုးကိုအသုံးပြုဖို့မေ့မနေသင့် ပါဘူး။ အမိုးဖွင့်ကားစီးတဲ့အခါ နားကလည်း လေဒဏ်နဲ့ပတ်ဝန်းကျင်က ကားတွေရဲ့ ဆူညံသံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ ကြုံရတတ်ပါတယ်။ 

ဒီလိုဆူညံသံတွေကြောင့် ကားမောင်းနေချိန်မှာ လူကိုစိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ဖြစ်နိုင်ရင် သီချင်းခပ်ကျယ်ကျယ်လေးဖွင့်ထားနိုင်ရင် အဆင်ပြေမှာအသေအချာပါ။ ဒီလိုမှမလုပ်ချင်ဘူး ဆို ရင်လည်း  နားကိုအကာအကွယ်ပေးနိုင်တဲ့ ပစ္စည်း တစ်ခုခုတပ်ထားသင့်ပါတယ်။ ပတ်ဝန်းကျင်က အ သံတွေကို ဒီလိုအသုံးအဆောင်ပစ္စည်းလေးတွေက အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်မှာဖြစ်လို့ သူတို့ကိုဆောင်ထားသင့်တာပါ။

အရေပြားနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်စရာရှိတဲ့အန္တရာယ်ကတော့ နေလောင်တာပါပဲ။ နေက မိုးအုံ့ နေလောက်သာရှိနေမယ်ဆိုရင် ပြဿနာမရှိပေမယ့် နေပူနေတဲ့အချိန်မှာ အမိုးဖွင့်ကားစီးမိပြီဆိုရင်တော့ အရေပြားတွေပျက်စီးတော့မှာပါ။ ဒါကြောင့် အသားအရေ အပျက်အစီးနည်းအောင် နေလောင်ဒဏ် ကာကွယ်နိုင်မယ့် ခရင်(မ်)တစ်ခုတော့ မဖြစ်မနေလိမ်းထားရပါလိမ့်မယ်။

သက်သောင့်သက်သာရှိပါစေ
အမိုးဖွင့်ကားစီးပြီဆိုရင် စိတ်ရော၊ လူပါအေးချမ်းနေအောင် သက်သောင့်သက်သာနေထိုင်တတ် ဖို့လည်းအရေးကြီးပါတယ်။ ဥပမာ အပူဒဏ်တိုက်ရိုက်မထိတွေ့နိုင်အောင် ဂျာကင်အင်္ကျီဝတ်ထားတာမျိုးပါ။ ဒါ့အပြင် ကိုယ်ကအေးတဲ့နေရာဒေသမျိုးရောက်နေရင်တော့ နားနှစ်ဖက်စလုံးကိုပါ နွေးထွေးသွားအောင် စွမ်းဆောင်ပေးနိုင်မယ့် အကာအကွယ်မျိုးဝတ်ဆင်ထားရမှာဖြစ်ပါတယ်။ အရမ်းအေးနေတဲ့ ရာသီဥတုအောက် မှာ နားတွေ၊ လက်တွေအေးခဲပြီး ထုံကျင်နေရင် ဘာမှလုပ်လို့ရမှာမဟုတ်လို့ လက်အိတ်ပါအပိုဆောင်ထားနိုင် ရင် သက်သောင့်သက်သာရှိမယ့်အပြင် စတိုင်တောင်ကျနေဦးမှာ အသေအချာပါ။

ဘယ်လိုအခြေအနေမျိုးမှာ အမိုးတပ်ရမလဲ …
အမိုးဖွင့်ကားစီးနှင်နေသူတစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာ အမိုးဖုံးတပ်သင့်လဲဆို တာသိထားရပါမယ်။ အထူးသဖြင့် မိုးဖွားလေးတွေကျလာတာမျိုး၊ ဆီးနှင်းလိုကျလာတဲ့ အချိန်မျိုးတွေမှာ အမိုးကိုအမြန်တပ်လိုမှာပါ။ အကြောင်းကတော့ ဘယ်လိုကားမျိုးပဲဖြစ်နေပါစေ အတွင်းပိုင်းက ရေဒဏ်၊ မိုးဒဏ်ကိုအတိုင်းအတာတစ်ခုအထိပဲ တောင့်ခံနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် တောင်တန်းဒေသလို နေရာမျိုးတွေကို ခရီးသွားတဲ့ အချိန်မျိုးမှာလည်း အမိုးတွေချထားသင့်တာပါ။ 

အမိုးဖွင့်ကားတွေဟာ တောင်အမြင့်တွေကနေ အနိမ့်ကိုဆင်းတဲ့အခါမှာ လေဒဏ်နဲ့ ဆူညံတဲ့ အသံတွေက ကားမောင်းသူကို နှိပ်စက်တတ်တာကြောင့် ဒီလိုအခြေအနေမျိုးမှာ ကားအမိုးကိုမဖြစ်မနေ ပိတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ နောက်ထပ်သတိထားရမယ့်နေရာကတော့ ရာဇ၀တ်မှုထူပြောတဲ့နေရာတွေ ကိုပါ။ ဒီလိုနေရာတွေကို သွားမယ်ဆိုရင်တော့ ကိုယ့်လုံခြုံရေးအတွက် အမိုးချထားရပါမယ်။ ဒီလိုအချက်တွေနဲ့ ကင်းလွတ်ရင်တော့ လွတ်လွတ်လပ်လပ်အမိုးဖွင့်ကားကို မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment