ဒီနှစ်ကောဘယ်ကြွဦးမှာလဲလို့
မယ်တော်မားသားကမေးတော့မှ ခရီးသွားရာသီရောက်နေပြီဆိုတာ သတိရတော့တယ်။ မတ်လဆို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေပြီးလို့
ကျောင်းသား၊ ကျောင်းသူတွေ ပျော်ပျော်ပါးပါးခရီးထွက်တဲ့အချိန်လေး ခရီးသွားရာသီလေး တစ်ခုပေါ့။
ခရီးသွားတယ်ဆိုလို့ ခရီးတစ်ခေါက် သွားရင် အမှတ်တရအဖြစ်ဆုံးကတော့ ဒေသထွက်အစားအစာလေးတွေပေါ့။
အိမ်ကလူတွေကလည်း အစား သမားတွေချည်းပဲလေ။ ဒါမှတစ်နှစ်လုံးပင်ပန်းထားသမျှ စိတ်အပန်းလည်းပြေ၊
ဒေသအနှံ့က ဒေသစာအမျိုးမျိုး လေးတွေလည်းစားပေါ့။ ဘယ်လောက်အဆင်ပြေလည်း …။
အခုလည်းအမေမေးမှပဲ
ခရီးသွားခဲ့တဲ့နေရာက ဒေသစာလေးတွေကို ပြန်စားချင်စိတ်ပေါက်လာ တယ်။ ဒေသစာလို့ပြောတဲ့နေရာမှာလည်း
နယ်စပ်လိုနေရာမျိုးရောက်သွားရင် အိမ်နီးနားချင်းနိုင်ငံက အစား အသောက်တွေကို စားရတာများတယ်။
တစ်ခုတော့ ထူးတယ်။ ထိုင်းနယ်စပ်မြ၀တီဘက်ကို ရောက်တုန်းက ထိုင်းစာကိုစားတော့ ထိုင်းစာတော့ထိုင်းစာပဲ
ဒါပေမယ့် အရသာကျတော့ ကိုယ့်လူမျိုးအကြိုက်နဲ့ ပိုတူတယ်။ ထိုင်းစာက များသောအားဖြင့်
ချိုမယ်၊ ပူမယ်၊ ဒါမှမဟုတ် ချိုချဉ်စပ်ပေါ့။ သူတို့ဟင်းလျာတွေက ဒီကဟင်း လျာတွေလောက်တော့
အရသာ မလေးဘူး။ စားရတာ အရသာကပေါ့နေသလိုပဲ။
ဘန်ကောက်မှာ စားရတဲ့ထိုင်းစာထက် နယ်စပ်ဘက်မှာစားရတဲ့ထိုင်းစာက
ပိုစားကောင်းနေသလို ပဲလေ။ အမေက ဒီနှစ် ဘယ်သွားဦးမှာလည်းမေးမှပဲ မနှစ်က ခရီးထွက်ခဲ့တဲ့
မြ၀တီမဲဆောက်ဘက် သွားတုန်းကစားခဲ့တဲ့ ထိုင်းစာလေးတွေစားချင်လာတယ်။ မယ်တော်မားသားကတော့
မေးမိတာမှားပြီပြောမ လားဘဲ။ အဲဒါနဲ့ပဲ အမေကို မျက်နှာချိုသွေးပြီး မှာစရာရှိတာလေးမှာရတာပေါ့။
ဒါမှလည်း အမေ့ဈေးခြင်းတောင်းထဲမှာ စားချင်တာချက်ဖို့ ဟင်းလျာတွေပါမှာလေ။ ဒီတစ်ပတ်ကတော့
ထိုင်းစာလေးတွေပဲ ချက်စားတော့မယ်။
ကြက်ကဖောင်ဟင်း
ပထမဦးဆုံးအနေနဲ့
ကြက်ကဖောင်ချက်မယ်။ အရမ်းကြီးတော့ မထူးဆန်းပါဘူး။ ကြက်သားထဲ ကဖောင်ရွက်ထည့်ချက်လိုက်လို့
ကြက်ကဖောင်ပေါ့။ ၀က်သားနဲ့ချက်ရင်တော့လည်း ၀က်ကဖောင်ပေါ့နော်။ ကြက်ကဖောင်ချက်ဖို့အတွက်
ကြက်ရင်ပုံသားကိုသုံးပါ့မယ်။ မွေးမြူရေးကြက် ကြက်ရင်ပုံနှစ်ဆယ်သား လောက်ကို အတုံးအသေးလေးတွေလှီးထားပြီး
ခရုဆီရယ် သကြားစားပွဲတင်ဇွန်းတစ်ဝက် ကြက်သားမှုန့် ပဲငံပြာရည်အကြည် ကာလာလေးပိုလှအောင်
ပဲငံပြာရည်အနောက်လေးနည်းနည်းပါ ထည့်နယ်ပြီး ခဏ နှပ်ထားလိုက်မယ်။ အသီးအနှံလေးလည်း ထည့်မှာဆိုတော့
ပြောင်းဖူးသေး၊ မုန်လာဥနီ ပဲတောင့်ရှည် စတာ တွေကို ကြက်သားတုံးနဲ့ အဆင်ပြေလောက်မယ့်
အရွယ်ခပ်သေးသေးလှီးထားလိုက်မယ်။ ချိုစပ်လေးဖြစ် သွားအောင် ငရုတ်စိမ်းငါးတောင့်လောက်ပါ
မညက်တညက်လေးထောင်းထည့်မယ်။ ကြက်သွန်ဖြူ တစ်တက် လောက်ကို ဓားပြားရိုက်ပြီး စဉ်းထားမယ်။
ဆီပူလာရင် ခုနစဉ်းထားတဲ့ ကြက်သွန်ဖြူအရင်ထည့် ဆီသတ်။ ကြက်သွန်ဖြူကျက်လို့ မွှေးလာပြီ ဆိုရင်
ခုနကနှပ်ထားတဲ့ ကြက်သားထည့်ဆီသတ်လိုက်မယ်။ ကြက်သားထည့်လို့ နှစ်မိနစ်လောက်နေရင် ပြောင်းဖူးသေးအရင်ထည့်။
ပြီးမှ မုန်လာဥနီနဲ့ ပဲတောင့် ရှည်လှီးထားတာထည့် ငရုတ်စိမ်း မညက် တညက်ထောင်းထားတာလေးထည့်
အရသာကိုမြည်းကြည့် အရသာကတော့ ချိုချိုစပ်စပ်လေး နေရမယ်။ ok ပြီဆိုရင် ကဖောင်ရွက်လေးအုပ်လိုက်ရုံပေါ့။ ဒါဆိုရင်တော့
ကဖောင်ရွက်နံ့သင်းသင်းလေးနဲ့ ကြက်ကဖောင် ချိုစပ်လေး ရပြီပေါ့။ ကဖောင်ရွက်ကတော့ ရန်ကုန်မှာ
Super Marke တွေမှာရနိုင်ပါတယ်။ ကဖောင်ရွက်ဝယ်ရတာ အရမ်းခက်ရင်တော့ ပင်စိမ်းလေးပဲအုပ်လိုက်ပေါ့။
လယ်သမားဟင်းချို
လယ်သမား
ဟင်းချိုကိုတော့ ပုဇွန်နဲ့ပဲချက်လိုက်တော့မယ်။ ငါးခူနဲ့ချက်ရင်တော့ ပိုကောင်းတာပေါ့။
ဒါပေမဲ့ ငါးခူက လူတိုင်းမစားတော့ ပုဇွန်နဲ့ချက်လည်းအဆင်ပြေပါတယ်။ ပုဇွန်ဆယ့်ငါးကျပ်သားလောက်ကို
အခွံခွာကျောခွဲထားလိုက်မယ်။ ရွှေဖရုံသီး၊ ခ၀ဲသီး၊ မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ခရမ်းချည်သီး၊
ပန်းငရုတ်ပွ၊ မျိုးပျက်ခရမ်းသီးလေးတွေရယ်ကို ဟင်းချိုမှာ ထည့်မယ်။ အချဉ်အတွက်ကတော့
မန်ကျဉ်းသီးပဲသုံးလို့ ရပါတယ်။ သံပုရာသီးနဲ့ နှစ်မျိုးစပ်သုံးလည်းရတယ်။ ကြက်သွန်ဖြူ
ဓားပြားရိုက်စဉ်းထားတာလေးတွေကို ဆီအရင်သတ်မယ်။
ကြက်သွန်ဖြူမွှေးလာရင် ချက်ရတာကြာတဲ့ ရွှေဖရုံသီးအရင်ထည့်မယ်။ ပြီးမှကျန်တဲ့ အသီးအနှံတွေထည့်လုံးပြီး
ရေထည့် ဆူအောင်တည်လိုက်။ ဟင်းချိုဆူလာပြီဆိုမှ မန်ကျည်းရယ်၊ ပုဇွန် ငံပြာရည်ထည့် အရသာမြည်းလိုက်မယ်။
အရသာအဆင်ပြေပြီဆိုမှ ပုဇွန်ထည့်မယ်။ နံနံပင်အုပ်လိုက်မယ်။ ဒါဆိုရင် ရွှေဖရုံသီးနဲ့ ခ၀ဲသီးအရသာချိုချိုလေးရယ်၊
ပန်းငရုတ်ပွက စပ်ရှားရှားအရသာလေးရယ်၊ မန်ကျည်း ရည်က ချဉ်တဲ့အရသာလေးရယ် နံနံပင်နံ့မွှေးမွှေးလေးရယ်နဲ့
ထိုင်းလယ်သမားဟင်းချို တစ်ခွက်အဆင်ပြေပြီ ပေါ့။
သင်္ဘောသီးထောင်း
သင်္ဘောသီးထောင်းအတွက်ကတော့
သင်္ဘောသီးစိမ်းကို အမျှင်ရှည်ရှည်ရအောင်ခြစ်ပြီး ရေဆေး၊ ရေစင်အောင်စစ်ထား၊ သင်္ဘောသီးထောင်းအတွက်
Dressing လုပ်ဖို့အတွက်တော့ ပုဇွန်ငါးပိလက်ဖက် စားဇွန်းနှစ်ဖွန်း ပုဇွန်ငံပြာရည် စားပွဲတင်ဇွန်းတစ်ဇွန်း၊
သံပုရာရည် စားပွဲတင်ဇွန်းတစ်ဇွန်း ထန်းလျက်ရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို သမအောင်မွှေထားပေးပါ။
ပထမဆုံး ပုဇွန်ခြောက်နဲ့မြေပဲကို မညက်တညက်လေး ထောင်းမယ်။ ပြီးရင် ငရုတ်သီးစိမ်း ဆယ်တောင့်လောက်ထည့်ထောင်း၊
ကြက်သွန်ဖြူနှစ် တက်လောက် ပါထည့်၊ သင်္ဘောသီးထည့် ခုဏကစပ်ထားတဲ့ Dressing ထည့်ပြီး ခပ်ဖွဖွထောင်း
အရသာချိုချဉ်စပ် ရပြီဆိုရင် ပိုမွှေး အောင် ပျားရည်လက်ဖက်စားဇွန်း နှစ်ဇွန်းလောက်ထည့်
ဒါဆိုရင် အိုကေသွားပြီ။ သူနဲ့တွဲစားဖို့က ပဲတောင့်ရှည် ရယ် ဂေါ်ဖီစိမ်းရယ်၊ လယ်ကန်ဇွန်းရွက်လေးတွေရယ်
ရေစင်စင်ဆေးပြီး တွဲပေးလိုက်ရုံပေါ့။ ဒီတစ်ပတ်ကတော့ မနှစ်က ထိုင်းနယ်စပ်မြ၀တီဘက်ကို
ခရီးထွက်တုန်းကစားခဲ့တဲ့ ထိုင်းစာလေးတွေပဲ ချက်ပြီးစားဖြစ်တယ်။ ကျွန်တော့်စာဖတ်ပရိသတ်တွေလည်း ပျော်ရွှင်ဖွယ်အပန်းဖြေခရီးလေးထွက်ပြီး
ဒေသစာကောင်းကောင်း လေးတွေ မြည်းစမ်းကြည့်နိုင်ပါစေလို့ ဆုတောင်းရင်း နောက်တစ်ပတ်မှ
နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment