ဖုန်းရွှေနည်းနဲ့ ကားကိုအန္တရာယ်ကင်းအောင် လုပ်လို့ရလား…..











ဖုန်းရွှေနည်းဆိုတာ ရှေးဟောင်းတရုတ်အနုပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဖုန်းရွှေဟာ အပြုသဘော ဆောင်တဲ့ စွမ်းအင်တွေကို တိုးတက်လာနိုင်စွမ်းရှိသလို သစ်သား၊ မြေကြီး၊ မီး၊ ရေနဲ့သတ္ထုစတဲ့ အရာ(၅)မျိုး ပေါင်းစပ်ခြင်းနဲ့ ပြုလုပ်ထားတဲ့နည်းပညာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဖုန်းရွှေကို ''မမြင်နိုင်တဲ့ စွမ်းအား'' လို့လည်း တချို့က အဓိပ္ပါယ်ဖွင့်ကြပြီး အရှေ့တိုင်းကလူအတော်များများဟာ နေအိမ်တွေမှာချိတ်ဆွဲထား လေ့ရှိကြပါတယ်။ သဘောကတော့ ဖုန်းရွှေကိုဆောင်ထားတဲ့ လူတိုင်း၊ နေရာတိုင်းက မင်္ဂလာအပေါင်းနဲ့ ခညောင်းတတ်တယ်လို့ ယုံကြည်ကြလို့ပါပဲ။ တရုတ်ပြည်မှာ ပေါက်ဖွားလာခဲ့ပြီး ယဉ်ကျေးမှုတော်လှန်ရေး ကာလဖြစ်တဲ့ (၁၉၆၀)ကျော်ကာလတွေမှာ ချိုးနှိမ်ခံခဲ့ရဖူးတဲ့ ဖုန်းရွှေကို ကားတွေမှာတပ်ဆင်ရင် အန္တရာယ်ကင်း မယ်လို့လည်း တချို့ကယူဆကြပါတယ်။ 

မကောင်းဆိုးရွားတွေကို မောင်းထုတ်တယ်
ကိုယ့်ကားထဲမှာ ဖုန်းရွှေကို တပ်ဆင်ချင်တယ်ဆိုရင် ပထမဆုံး လုပ်ရမယ့်အရာကတော့ ကားထဲ ကို ၀င်ထိုင်ပြီး သီချင်းဖွင့်လိုက်ဖို့ပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ကားအတွင်းမှာ ကြွင်းကျန်နေနိုင်တဲ့မကောင်းဆိုးရွားတွေ၊ အနှောက်အယှက်ဖြစ်စရာတွေကို ဖယ်ရှားပစ်နိုင်တယ်လို့ အယူရှိကြတာကြောင့် ဖြစ်ပါတယ်။ မကောင်းတဲ့ စွမ်းအင်တွေ၊ အတိတ်နိမိတ်ဆိုးတွေကို ဒါကရှင်းထုတ်ပစ်စေပြီး စိတ်စနိုးစနောင့်မဖြစ်ဘဲကားမောင်းနှင်နိုင် မယ်လို့လည်း ဆိုကြတာပါ။

အမှိုက်သရိုက်တွေရှင်းပစ်
ကားတစ်စီးလုံး အတိတ်နိမိတ်ကောင်းတွေနဲ့ ပြည့်စုံနေစေဖို့ ကားအတွင်းက အမှိုက်သရိုက်တွေ အားလုံးကို ရှင်းလင်းပစ်လိုက်ပါ။ ဒါ့အပြင် ကားအတွင်းပိုင်းမှာရှိနေတဲ့ ကော်ဇောတွေ၊ ထိုင်ခုံတွေအားလုံး ကိုလည်း သန့်ရှင်းနေအောင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ကားအတွင်းပိုင်းမှာရှိနေတဲ့ မလိုအပ်တဲ့အရာမှန်သမျှကို ဖယ်ရှားရှင်းလင်းပစ်ခိုင်းတာ ဖြစ်ပါတယ်။ အကြောင်းက ဖုန်းရွှေနည်းစနစ်ရဲ့ အခြေခံအရ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေစေခြင်းက ကားရဲ့စွမ်းဆောင်ရည်တွေကိုပါ ညံ့ဖျင်းသွားစေတယ်လို့ ယူဆတာကြောင့်လည်း ပါပါတယ်။ နောက်ဆုံးအချက်ကတော့ ဒီအမှိုက်သရိုက်တွေနဲ့ ရှုပ်ထွေးမှုတွေက ကားမောင်းသူရဲ့ အာရုံစိုက်နိုင်စွမ်းကိုပါလျော့ကျစေတယ်လို့ ယူဆရလို့လည်း ဒီလိုလမ်းညွှန်ရခြင်းလည်း ဖြစ်ပါတယ်။

ရေပုလင်းဆောင်ထား
ကားထဲမှာ ရေပုလင်းဆောင်ထားခြင်းက အကျိုးထူးတွေကို ရရှိလာစေနိုင်ပါတယ်။ ရေဟာ အတွေး အခေါ်ကို ကိုယ်စားပြုသလို မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့အာရုံစိုက်နိုင်စွမ်း အတွက်ပါ အထောက်အပံ့ကောင်း တွေပေးနိုင်တာပါ။ နောက်ပြီး ဖုန်းရွှေနည်းအရ ရေဟာ နေရာလွတ်တွေထဲမှာ တွယ်ကပ်နေတဲ့ မကောင်းမွန်တဲ့ စွမ်းအင်တွေကိုလည်း မောင်းထုတ်ပေးနိုင်တာကြောင့် ကားတစ်စီးလုံး အဆင်ပြေနေစေဖို့အတွက် အခုလိုရေပုလင်း ဆောင်ခိုင်းထားတာဖြစ်ပါတယ်။

ပြတင်းပေါက်တွေကို သန့်ရှင်းထား
ပြတင်းပေါက်တွေကို အမြဲတမ်းသန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ရှိနေအောင်လည်း ထိန်းသိမ်းထား သင့်တာပါ။ ဖုန်းရွှေနည်းရဲ့ အခြေခံစည်းမျဉ်းတွေအရ ပြတင်းပေါက်တွေဟာ ကားတစ်စီးရဲ့ မျက်လုံးတွေလို သတ်မှတ်ခံထားရတာကြောင့် အခုလိုလမ်းညွှန်ထားတာဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် စွမ်းအင်တွေ ကားထဲကို အလိုက်သင့် အလျားသင့် ၀င်ရောက်လာနိုင်ဖို့နဲ့ အမြဲတမ်းအန္တရာယ်ကင်းရှင်းနေစေဖို့ အခုလို ပြတင်းပေါက်တွေကို သန့်ရှင်းအောင်ပြုလုပ်ခိုင်းထားခြင်းဖြစ်ပါတယ်။

ကြမ်းခင်းပေါ် ဆားဖြန်း
ပင်လယ်ဆား အနည်းငယ်ကို ကြမ်းခင်ပေါ်ဖြူးပေးတာကလည်း အပြုသဘောမဆောင်တဲ့ စွမ်းအင် မှန်သမျှကို စုတ်ယူသွားစေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ကားတစ်စီးပေါ်ကိုတက်ရောက်လာတဲ့ ခရီးသည် တွေ ခြေထောက်ကနေ မကောင်းတဲ့အတိတ်၊ နိမိတ်တွေ ကားပေါ်ပါလာနိုင်လို့ အခုလို ဆာဖြန်းပေးလိုက်ရင်   ဒါတွေအားလုံးကို ချေဖျက်ပစ်နိုင်မယ်လို့ သတ်မှတ်ကြတာပါ။

အရုပ်တွေဆောင်ထား
ဖုန်းရွှေနည်းတွေအရ နဂါးနဲ့ရေမြင်းတွေဟာ တစ်စုံတစ်ရာကို အန္တရာယ်တွေကျရောက်လာမယ့် ဘေးကနေကာကွယ်ပေးနိုင်တဲ့ သင်္ကတတွေလို့ သတ်မှတ်ကြပါတယ်။ ဒါ့အပြင် နဂါးကို လာဒ် ကောင်လို့ လည်း အားလုံးကယုံကြည်တာကြောင့် အန္တရာယ်ကင်းရုံတင်မကဘဲ ကိုယ့်အတွက် အဆောင်လက်ဖွဲ့ ကောင်းတစ်ခု ဖြစ်လာစေဖို့အတွက်ပါ ရည်ရွယ်အသုံး ပြုကြတာပါ။ ရေမြင်းကတော့ ကားတစ်စီးကို မတော် တဆမှုတွေက ကာကွယ်နိုင်ဖို့နဲ့ သူခိုးတွေအန္တရာယ်က ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ထားခြင်း ကြောင့် သူပုံကို အခုလိုဆောင်ခိုင်းထားတာဖြစ်ပါတယ်။ ဒီသတ္တ၀ါနှစ်မျိုးရဲ့အမှတ်အသားကို ပုံနဲ့ဆောင်မ ထား ချင်ဘူးဆိုရင်တော့ သော့ချိတ်ဒါမှမဟုတ် နောက်ကြည့်မှန်မှာ အရုပ်ကလေးတွေ အပြတ်ချိတ်ဆွဲ ထားရင်းနဲ့ လည်း မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်တာပါ။ ဒါတွေကတော့ ကားထဲမှာရှိနေသူတွေကို စွမ်းအင် တွေပြည့်စေသလို ကားကိုပါ အကာအကွယ်ပေးနိုင်မယ့် အစီအမံတွေဆိုရင်လည်း မမှားပါဘူး။

မြေဓာတ်ဆောင်ထားပါ
ကိုယ်သွားမယ့်ခရီးလမ်းမှာ အနှောက်အယှက်ကင်းစေဖို့ ကျောက်ခဲတစ်လုံး ဒါမှမဟုတ် မြေစိုင်ခဲ တစ်ခုလောက်ကိုလည်း သယ်ဆောင်သွားနိုင်ပါတယ်။ ဒါဟာ ဖုန်းရွှေနည်းတွေထဲက မြေဓာတ်ရအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး ကားအတွင်းပိုင်းက အံဆွဲတစ်ခုခုထဲမှာထည့်သွင်းယူသွားနိုင်ရင် အဆင်ပြေပါပြီ။

သမီးကားမောင်းရတာကို မကြိုက်ဘူး။ ဘေးနားက လိုက်စီးရတာမျိုးပဲကြိုက်တယ်
နွယ်ဒါလီထွန်း
ကားမောင်းရတာက အမှန်အတိုင်းပြောရရင် မကြိုက်ဘူး။ တစ်ခါတလေ အဖေတွေ၊ ဦးလေးတွေ မအားရင်တော့ ကိုယ့်ဘာသာ မောင်းထွက်ဖြစ်တယ်။ အခုက Traffic တွေ အရမ်းများတယ်။ ရာသီဥတုက လည်း အရမ်းပူတော့ အဆင်မပြေဘူး။ ပြီးတော့ တချို့ကားတွေ၊ Bus တွေဆိုရင် စည်းကမ်းမရှိဘူး။ တအားကျော်တက်တာတို့၊ စည်းကမ်းမရှိမောင်းနှင်တာတို့ဆိုရင် ကားမောင်းတာကပိုပြီးတော့ စိတ်ဖိစီးမှု များတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ စိတ်ရှည်ရတာပေါ့။ ကားမောင်းရင် ညပိုင်းကိုပိုကြိုက်တယ်။ နေ့ဘက်တွေက အလုပ်ကိစ္စနဲ့အပြင်သွားရရင် ကားကိုမမောင်းချင်ဘူး။ မြို့ထဲမှာဆို Parking အရမ်း ခက်တယ်။ ကိုယ်သွားမယ့်နေရာက နီးနီးလေးဆိုပေမယ့် ကွေ့ပတ်မောင်းနေရတော့ အဆင်မပြေဘူး။ အဲဒါကြောင့် ကားမောင်းရတာကို မကြိုက်ဘူး။ ဘေးနားက လိုက်စီးရတာမျိုးပဲကြိုက်တယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment