ဝက်လက်စွပ်ပြုတ်၊ ကြက်ဟင်းခါးသီးအစာသွပ်ဆီပြန်၊ ငါးဖယ်ချဉ်သုပ်










 အသားတွေ ငါးတွေစားရတာ ငြီးငွေ့လာပြီ။ ဘယ်လောက်ပဲပြောပြော ထမင်းဝိုင်းမှာတော့ အသား လေး၊ ငါးလေးတစ်ပွဲလောက်မှမပါရင် ထမင်းစားရတာ တစ်ခုခုလိုအပ်နေသလိုပါပဲ။ မယ်တော်မားသားကတော့ ပြောပါတယ်။ အဲဒီစကားလျှောက်လျှောက်မပြောနဲ့ လူတိုင်းက နင့်လိုမဟုတ်ဘူးတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အကြိုက်သိနေတဲ့အမေကလည်း အမေ့ရဲ့ဈေးခြင်းတောင်းထဲမှာ အသားငါးတစ်ခုခုတော့ပါအောင် ၀ယ်ခဲ့တာ ပါပဲ။ အိမ်ကလူတွေကလည်း အိမ်ကလူတွေပဲလေ ထမင်းဝိုင်းမှာ အသားဟင်းတစ်ခုခုမပါရင် ထမင်းစားပြီး တစ်ခုခုလိုနေသလိုပဲ။ အဲဒီတော့ အိမ်မှာရှိသမျှ မုန့်မှန်သမျှတစ်ခုပြီးတစ်ခု စားတော့တာပဲ။ အဲဒီတော့ အမေက ပြောပါတယ်။ အသားဟင်းဖိုးစားရိတ်သက်သာတာထက် နင်တို့စားတဲ့မုန့်ဖိုးက ပိုကုန်မယ်ထင်တယ်တဲ့။ ဖြစ်လည်းဖြစ်နိုင်မယ်ထင်ပါတယ်။ ဒီတစ်ပတ်နားရက်လေးကိုတော့ မစားတာကြာနေပြီဖြစ်တဲ့ ၀က်လက်စွပ် ပြုတ်လေးကို အဓိကထားစဉ်းစားမယ်။ သူနဲ့တွဲဖက်မယ့်ဟင်းကိုတော့ ကြက်ဟင်းခါးသီးအစာသွပ်ရယ်၊ ငါးဖယ် ချဉ်ကို ခပ်စပ်စပ်လေးသုပ်မယ်ဗျာ။ ၀က်လက်နဲ့ ၀က်ခြေထောက်ဆိုရင် ၀က်လက်က ပိုအသားများပြီး စားလို့ပို ကောင်းတယ်ဗျ။ အဲဒီတော့ တချို့ဝက်သားဆိုင်တွေက ခြေထောက်ကို လက်လို့ညာရောင်းတတ်တာကိုတော့ သတိထားဖို့လိုလိမ့်မယ်။ ခွဲတတ်တဲ့သူအတွက်တော့ လွယ်ပေမယ့် မခွဲတတ်တဲ့သူကတော့ အညာခံရတတ် တယ်။ မယ်တော်မားသားကိုတော့ လိမ်ဖို့မဖြစ်နိုင်ဘူးပေါ့။

ဝက်လက်စွပ်ပြုတ်
မယ်တော်မားသားဝယ်ခဲ့တဲ့ ၀က်လက်ကို ရေစင်အောင်ဆေး အနေတော်တုံးထားလိုက်မယ်။ ၀က်လက်မြုပ်ရုံလောက် ရေနွေးဆူ ဆူအရင်တည်လိုက်မယ်။ ရေနွေးဆူလာပြီဆိုရင် ၀က်လက်ကိုထည့်ပြီး တစ်မိနစ်လောက်မွှေလိုက်မယ်။ ပြီးရင် ရေတွေကို သွန်ပစ်လိုက်မယ်။ ဒါမှ ၀က်လက်မှာရှိတဲ့ အညှီနံ့နဲ့ အချွဲတွေ ပိုစင်သွားတာပေါ့။ ပြီးရင် ၀က်လက်ရေနွေးဖျောပြီး စစ်ထားတာကို ပဲငံပြာရည်အကြည်၊ ခရုဆီ၊ ဆား၊ သကြား သင့်ရုံထည့်နယ်ပြီး ခဏနှပ်ထားလိုက်မယ်။ ၀က်လက်ကို ပြုတ်တဲ့နေရာမှာ ရေနွေးကိုသုံးတာ ပိုအဆင်ပြေပြီး ပိုစားလို့ကောင်းတဲ့အတွက် ရေနွေးကိုတော့ ကြိုတည်ထားလိုက်မယ်။ ရေနွေးဆူရင် ၀က်လက်နှပ်ထားတာကို ရေနွေးမြုပ်ရုံထည့်ပြီး နူးနေအောင်တည်ထား၊ ၀က်လက်နူးအိလာပြီဆိုမှ ကြက်သွန်ဖြူလေးငါးတက်လောက် ဓားပြားရိုက်ထည့် ငြုပ်ကောင်းမှုန့်ထည့် အပေါ့အငံ အရသာအနေတော်ပြီဆိုရင် ကြက်သွန် မြိတ်လေးအုပ်လိုက်   ရုံပဲလေ။ ဒါဆိုရင်တော့ ချက်ရတာအချိန် နည်းနည်းပေးရပေမယ့် အလုပ်သိပ်မရှုပ်တဲ့ အရသာရှိရှိ ၀က်လက် စွပ်ပြုတ်တစ်ပွဲတော့ အိုကေပြီပေါ့။

ကြက်ဟင်းခါးသီးအစာသွပ် ဆီပြန်
ကြက်ဟင်းခါးသီးအစာသွပ်ဖို့အတွက်ကတော့ ကြက်ဟင်းခါးသီးအရွယ်တော်နှစ်လုံးလောက်ကို အနေ တော်ပိုင်း၊ အတွင်းဖက်က အစေ့တွေဖယ်၊ အခါးသက်သာအောင် ဆန်ဆေးရေနဲ့ စိမ်ထားလိုက်ပေါ့။ အစာသွပ် တဲ့နေရာမှာသုံးဖို့ ပုဇွန်ကိုအခွံခွာပြီး မညက်တညက်လေးစဉ်း ကြက်သွန်နီရယ် ငရုတ်သီးအခြောက်ရယ်ကို ရောထောင်းပြီး နနွင်းမှုန့်နည်းနည်းထည့် ဆီသတ် ကြက်ဟင်းခါးသီးဆိုတော့ သူနဲ့လည်းလိုက်၊ အခါးလည်းပို သက်သာအောင် ပုဇွန်ငါးပိလေးပါထည့် ဆီသတ် မွှေးလာပြီဆိုမှ ပုဇွန်စဉ်းထားတာလေးတွေထည့် နှစ်မိနစ် လောက်မွှေပေးပြီး ခဏအအေးခံထားပြီးရင် ဆန်ဆေးရေနဲ့စိမ်ထားတဲ့ ကြက်ဟင်းခါးသီးကို ရေသေချာပြန် ဆေးပြီး ဆီသတ်ထားတဲ့ ပုဇွန်ကိုအစာသွပ် ခုနကဆီသတ်တဲ့အိုးထဲကိုရေနည်းနည်း မီးနည်းနည်းနဲ့ သေချာ လေးနူးလာအောင်နှပ်ထား နူးလာပြီဆိုရင် အရသာမြည်းကြည့်ပြီး လိုရင်ငံပြာရည်လေး လိုက်ပေါ့။ ဒါဆိုရင် တော့ အရမ်းလည်းမခါးတော့ဘဲ ပုဇွန်အစာသွပ်ထားတဲ့ ကြက်ဟင်းခါးသီးအစာသွပ်ဆီပြန်ဟင်းတစ်ပွဲကတော့ ပြီးပြီပေါ့။

ငါးဖယ်ချဉ်သုပ်
ငါးဖယ်ချဉ်သုပ်ဖို့အတွက်ကတော့ ငါးဖယ်ချဉ်ထဲက ထမင်းပါတယ်ဆိုရင်ဖယ်ပြီး အနေတော်လေးတွေ ဖဲ့ထား၊ ကြက်သွန်နီရယ် ကြက်သွန်ဖြူရယ်ကို ခပ်ပါးပါးလှီးထား ရှမ်းနံနံလေးလည်း လှီးထားလိုက်ပေါ့။ အနေ တော်ဖဲ့ထားတဲ့ ငါးဖယ်ချဉ်ရယ် ကြက်သွန်နီ၊ ကြက်သွန်ဖြူလှီးထားတာရယ်ကို ပဲဆီမွှေးမွှေးလေးထည့်နယ်၊ ငရုတ်သီး အလှော်မှုန့်လေးရယ်၊ ရှမ်းနံနံရယ်ကိုပါထည့်နယ်လိုက်ရင်တော့ ချဉ်ချဉ်စပ်စပ်မွှေးမွှေး အရသာရှိတဲ့ ငါးဖယ်ချဉ်သုပ်ရပြီပေါ့ဗျာ။ အရသာကိုတော့ မြည်းကြည့်ပြီးမှ အငံလိုအပ်ရင်ထည့်ပေါ့။ ငါးဖယ်ချဉ် တော်တော် များများထဲမှာက အငံပါပြီးသားဆိုတော့ မြည်းမကြည့်ဘဲ ဆားထည့်လိုက်ရင် ငံသွားတတ်လို့ပါ။ ဒီတစ်ပတ်က တော့ ဒီလောက်ပဲချက်ပါတော့မယ်။ နောက်တစ်ပတ်မှာ အစပ်တည့်တာလေးတွေ ထပ်ချက်ကြမယ်။
Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment