ချစ်သူများနေ့က
စနေနေ့ကျတယ်။ ကိုယ်တွေကတော့ သူများတွေချစ်သူနဲ့ လျှောက်လည်နေပေမယ့် အိမ်မှာ ပဲ မယ်တော်မားသားနဲ့
အမှတ်တရဟင်းပွဲလေးတွေ ပြန်ချက်စားမယ်လို့ စိတ်ကူးထားတယ်။ အိမ်ထောင် တစ်ခု ထူထောင်ပြီဆိုတာနဲ့
မိဘကိုဦးစားမပေးနိုင်တော့ဘူးလေ… ဟုတ်တယ်မလား။ သားကျွေးမှု၊ မယားကျွေးမှု တာဝန်တွေနဲ့
ပိတော့မှာ။ အဲဒီတော့ လူလွတ်လေးဖြစ်နေတုန်း ချစ်တဲ့အမေနဲ့ပဲ ချစ်သူများနေ့ မှာ အမှတ်တရ
ဟင်းပွဲလေးတွေချက်ရင်း ကောင်းကောင်းစားပြီး ကောင်းကောင်းနားတော့မယ်။ အမှတ် တရဟင်းပွဲလို့ပြောရ
တဲ့အကြောင်းက အကြိုက်ဆုံးဟင်းတွေဖြစ်တာလည်း တစ်ကြောင်း၊ အိမ်နဲ့ဝေးနေ တဲ့အခါ သတိတရအရှိဆုံး
ခရီးကပြန်လာရင် အမေကအမြဲချက်ထားပေးတဲ့ ဟင်းပွဲအတွဲအစပ်ဖြစ် တာကြောင့်ပါ။
အမေက
ဒီဟင်းတွေကို အမြဲချက်ပေးနေကျဆိုတော့ ဒီတစ်ခါတော့ အမေ့ကိုပြန်ချက်ကျွေးမယ်။ ချစ်သူများနေ့
အမှတ်တရလေးပေါ့။ အမေရောကိုယ်ပါနှစ်ယောက်လုံးကြိုက်တဲ့ ဟင်းပွဲအတွဲအစပ်ကို သေချာ လေးချက်မယ်။
ဝက်သားအငံချက်
ပထမရွေးထားတာက
ဝက်သားအငံချက်ပါ။ ၀က်သားကိုတော့ သုံးထပ်သားပဲ ရွေးပါမယ်။ ဒီဟင်း က ၀က်အသားထက် အဆီကပိုစားကောင်းလို့ပါ။
ဝက်သားသုံးထပ်သား သုံးဆယ်သားကို အရွယ်တော် တုံး၊ ပဲငံပြာရည် အကြည်၊ ဆား၊ ကြက်သားမှုန့်နဲ့နယ်ပြီး
ခဏနှပ်ထားမယ်။ ချက်မယ့်အိုးကိုတော့ အောက်ခြေညီတဲ့ အိုးမျိုးကို ရွေးတာပိုကောင်းပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ အိုးထဲကို သကြားအ ရင်ဖြန့်ထည့်မှာမို့ပါ။ သကြားစားပွဲတင်ဇွန်းတစ်ဝက်လောက်ကို
အိုးထဲဖြန့်ထည့်ပြီး အပူပေးလိုက်ပါ။ သကြားက အညိုရောင်သန်းပြီး ဆူသလိုဖြစ်လာရင် ခုနကနှပ်ထားတဲ့
ဝက်သားကိုထည့်ပြီး ရေခမ်းတဲ့အထိနာနာလေးလုံးပေး။ ရေခမ်းရင် ရေ နည်းနည်း ချင်းထပ်ထည့်ပြီး
ဝက်သားနူးအောင်ချက်။ ကြက်သွန်ဖြူ လေးငါးတက်လောက်ကို ဒါးပြားရိုက်ထား ပြီး ၀က်သားနူးခါနီးကျရင်ထည့်လိုက်ပါ။
ဆီကျန်ရေကျန် အနေအထားလောက်ဆို အပေါ့အငံမြည်းပြီး ချလို့ရ ပါပြီ။ မီးဖိုပေါ်ကချပြီး ဆယ်မိနစ်လောက်နေရင်
ဟင်းရည်ပေါ်မှာ ဆီတွေတက်လာလိမ့်မယ်။ အဲဒါတွေကိုတော့ ခပ်ထုတ်လိုက်တာပိုကောင်းတယ်။ ဒါဆိုရင်
အီလည်းမအီ အဆီလည်းမများတော့တဲ့ ၀က်သားအငံချက် ဟင်း တစ်ခွက်ရပြီပေါ့။ ချက်ကတည်းက ဆီလုံးဝထည့်မထား၊
ကျက်တော့လည်း ၀က်သားထဲက အဆီတော်တော် များများလည်း ထွက်သွားတယ်ဆိုတော့ အဆီလည်းကြောက်
ဝက်သားလည်း စားချင်တဲ့သူတွေအတွက် ပို အဆင်ပြေတာပေါ့။
ငါးလေးအိုးကပ်
နောက်ဟင်းတစ်ပွဲကတော့
ငါးလေးအိုးကပ်ပါ။ ငါးလေးကိုတော့ စားရတာလေးပြီး ချိုတဲ့ ငါးဘဲဖြူလေး တွေကို ရွေးထားပါတယ်။
ငါးလေးတွေကို အကြေးထိုး၊ ခေါင်းဖြတ် ဗိုက်ဖောက်ပြီး အထဲကအူတွေ အညစ် အကြေး တွေစင်အောင်
ဆေးထားပါ။ ဘေးတစ်ချက်စီကို မွှန်းထားမယ်ဆိုရင်တော့ ပိုအရသာဝင်တယ်လေ။ ငါးလေးတွေ သန့်စင်ပြီးပြီဆိုရင်
ငံပြာရည်နဲ့နယ်ပြီး ဆယ်မိနစ်လောက်ထားပေးပါ။ ငြုပ်ကောင်းစေ့ ဆယ့်ငါးစေ့ လောက်ရယ်၊ အရောင်တင်မှုန့်
စားပွဲတင်တစ်ဇွန်းလောက်ရယ် ကြက်သွန်နီဥကြီးတစ်ဥလောက်ရယ်ကို ထောင်း ပြီး နနွင်းမှုန့်နည်းနည်းနဲ့
ဆီထည့်ပြီး ဆီသတ်ပါမယ်။ ဆီသတ်လို့ ကျက်ပြီဆိုရင် ငါးလေးတွေကိုထည့်ပြီး လုံးပေး။ ရေခန်းပြီဆိုမှ
ရေနည်းနည်းထည့်ပြီး မီးလျှော့လျှော့လေးနဲ့ ရေခမ်းပြီးငါးလေးတွေခြောက်တဲ့အထိ ချက်။ ချခါနီးမှ
ရှမ်းနံနံလေးအုပ်လိုက်ရုံပါပဲ။
သီးစုံချဉ်ဟင်း
သီးစုံချဉ်ဟင်းတွက်တော့
စုံစုံလင်လင်လေးဖြစ်အောင် ဘူးသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ဒန့်ဒလွန်သီး၊ အာလူး၊ ပဲသီး
အစုံထည့်လိုက်မယ်။ အချိုလေးအောင် ဟင်းခပ်ကိုတော့ ပုဇွန်သုံးမယ်။ ကြက်သွန်နီနဲ့ အရောင်
တင်မှုန့်ရောထောင်း၊ နနွင်းမှုန့်လေးထည့်ပြီး ဆီသတ်ပြီးရင် ပုဇွန်ခွာထားတာလေးထည့် ငံပြာရည်ထည့်၊
ပုဇွန်နဲ့ ငံပြာရည်စိမ်းနံ့ပျောက်ရင် ဒန့်ဒလွန်သီးနဲ့ အာလူးအရင်ထည့်ပြီး လုံးပေးပေါ့။
အဲဒီနှစ်မျိုးက ချက်ချိန်ကြာတော့ အရင်ထည့်ပေါ့။ နောက်ဘူးသီးထည့် ကျန်တဲ့အသီးတွေထည့်
မန်ကျည်းရည်ထည့် အပေါ့အငံမြည်း၊ ရပြီဆိုရင် ပျဉ်းတော်သိမ်ရွက်လေး အုပ်လိုက်ရုံပေါ့။
ဘာလချောင်ကြော်
ဘာလချောင်ကြော်ကတော့
အထားခံတာမို့ နည်းနည်းပိုကြော်ထားလိုက်မယ်။ ပုဇွန်ခြောက် ငါးကျပ် သားကို ထောင်းထားမယ်။
ငြုပ်သီးခွဲကြမ်းကို ရေလေးနည်းနည်းနဲ့ စေးအောင်ထောင်းထားရင် ဆီသတ်လို့ ပိုကောင်းတယ်။
ကြက်သွန်ဖြူနှစ်ကျပ်ခွဲသားလောက်ကိုခွာပြီး မညက်တညက်ထောင်း ဆီထဲထည့်ပြီး အရင် ကြော်လိုက်မယ်။
ရွှေရောင်မဖြစ်တဖြစ်လေးရရင် ဆယ်ပြီး ဆီစစ်ထားလိုက်မယ်။ ကြက်သွန်ဖြူ ကြော်ထားတဲ့ ဆီထဲကို
ငြုပ်သီးခွဲခြမ်းထောင်းထားတာထည့် ဆီသတ်တော့ ပိုမွှေးတာပေါ့။ နနွင်းမှုန့်လေး နည်းနည်းပါ
ထည့် လိုက်တော့ ပိုအဆင်ပြေတာပေါ့။ ပုဇွန်ခြောက်ထောင်းထားတာလေးထည့်ပြီး
ကျက်အောင်ခဏမွှေပေးပြီးရင် ငံပြာရည်ထည့်ပြီး မီးအေးအေးလေးနဲ့ ကြွပ်အောင်ကြော် ရပြီဆိုရင်
ခုနက ဖယ်ထားတဲ့ ကြက်သွန်ဖြူကြော် ထည့်မွှေပေးလိုက်ရင် ဘာလချောင်ကြော်ကြွပ်ကြွပ်မွှေးမွှေးလေးရပြီပေါ့။
ဘာလချောင်ကြော်နဲ့ တွဲစားဖို့တော့ သရက်သီးစိမ်း ကြွပ်ကြွပ်လေးတစ်မျိုးလောက်ရှိရင် အဆင်ပြေပါပြီ။
ချစ်သူများနေ့မှာ အကြိုက်ဆုံးနဲ့ အမှတ် တရအရှိဆုံး ဟင်းပွဲလေးတွေကို အမေနဲ့နှစ်ယောက်
ထမင်းမြိန်မြိန်လေး စားမယ်။ ညနေကျရင် ချစ်သော မယ်တော်မားသားကို ဘုရားလိုက်ပို့မယ်။
ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့သူနဲ့အတူ ပျော်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment