ဝက်လိုင်းသားမုန့်ညင်းချဉ်ကြော်၊ ရှမ်းအာလူးအချိုချက်၊ ဘူးသီးဟင်းခါး











 တစ်နေ့တစ်နေ့အစားအသောက်အတွက် ဘာစားရင်ကောင်းမလဲစဉ်းစားရတာက တစ်မျိုး၊ စားချင် တာ တွေကတော့ အများကြီးပဲ။ မယ်တော်မားသားက ဘာစားမလဲမေးရင် ဘာပြန်ဖြေရမှန်း ကိုမသိတော့ ဘူး။ 'နင်တို့ လည်း ၀ိုင်းစဉ်းစားဦး၊ ဘာချက်မလဲ။ စဉ်းစားလည်း ငါပဲ။ ဈေးဝယ်လည်း ငါပဲ၊ ချက်လည်းငါပဲ' တဲ့ ပြောနေပြီ။ အဲဒီတော့ ကိုယ်တိုင်စဉ်းစားရတော့တယ်။ စားရင်လည်း ကောင်းကောင်းစားချင်တာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ အိမ်ကကျန်တဲ့လူတွေရောပဲ။ 

ရုတ်တရက် … မနေ့က တရုတ်တန်းဘက်ရောက်လို့ မုန်ညင်းချဉ် ကောင်းကောင်းလေးတွေ့ တာနဲ့ဝယ်ခဲ့တာ သတိရမိတယ်။ အဲဒီတော့ ဒီမနက်ဈေးသွားရင် ၀က်လိုင်းသားတွေ ကို မနေ့က၀ယ်ခဲ့တဲ့ မုန်ညင်းချဉ်နဲ့ကြော်ဖို့ စိတ်ကူးရသွားတာပေါ့။ ရှမ်းအာလူးဆီပြန်အချိုချက်ကလေးလည်း စားချင်သ လိုဖြစ်တော့ ၀ယ်ဖို့စဉ်းစားပြန်ရော …။ အရေသောက်အတွက်ကတော့ ဘူးသီးဟင်းခါးပူပူလေးပဲ ချက်တော့မယ်။  ချင့်ချိန်စားဖို့ကလည်း လိုသေးတာမို့ ဒီနေတော့ဒီလောက်ပဲချက်တော့မယ်။

ဝက်လိုင်းသားမုန်ညင်းချဉ်ကြော်
မုန်ညင်းချဉ်ကိုတော့ အချိုမသုံးပဲ အစပ်ကိုသုံးမယ်။ မုန်ညင်းချဉ်ထဲက မုန်လာဥနီလေးတွေကိုတော့ ဖယ်ထားလိုက်မယ်။ တစ်ခါတည်းထည့်ရင် အနူးလွန်သွားပြီး စားမကောင်းတော့မှာစိုးလို့ပါ။ မုန်ညင်းချဉ်ကို ၀က်လိုင်းသားနဲ့ကြော်မယ်။ ၀က်လိုင်းသားကိုတော့ အချပ်လိုက်ပုံစံလေးတွေလှီးပြီးရင် ကြက်သားမှုန့်၊ ပဲငံပြာရည်အကြည် ခရုဆီနည်းနည်းထည့်ပြီးနှပ်၊ သူနဲ့တွဲကြော်မယ့် မုန်ညင်းချဉ်မှာက အပေါ့အငံတစ်ခါ တည်း ပါပြီးသားမို့ အငံကိုတော့ သတိထားထည့်ဖို့ လိုမယ်။ ကြူကုတ်ကြက်သွန်ဖြူအတက်ကြီး တစ်တက်လောက်နဲ့ ချင်းလည်းသူနဲ့ဆတူလောက်ကို ရောထောင်းမယ် အိုးထဲဆီသင့်ရုံထည့်ပြီး ဆီကျက် ရင်ဂျင်းနဲ့ကြက်သွန်ဖြူ ထည့်ဆီသတ်၊ မွှေးပြီးရွှေဝါရောင်ရလာရင် မုန်လာဥနီဖယ်ထားတဲ့ မုန်ညင်းချဉ်ထည့် အပူရှိန်ရလာပြီဆိုတော့မှ နှပ်ထားတဲ့ဝက်လိုင်းသားကိုထည့်ပြီး ငါးမိနစ်လောက်ထည့်မွှေပေးပေါ့။ အိုးချခါနီးတစ်မိနစ်လောက်လိုတော့မှ ဖယ်ထားတဲ့မုန်လာဥနီလေးထည့်လိုက်ရင် ချိုချိုချဉ်ချဉ် မုန်ညင်းချဉ်နဲ့ ၀က်လိုင်းသားကြော်လေးရပြီပေါ့။ အကြာကြီးချက်စရာလည်းမလိုဘူးလေ။

ရှမ်းအာလူးအချိုချက်
ရှမ်းအာလူးအချိုချက်ကိုတော့ အာလူးသုံးဆယ်သားလောက်ကို အခွံနွာပြီး လေးစိတ်လောက်ပဲစိပ် ထားမယ်။ အတုံးခပ်ကြီးကြီးလေးပေါ့။ ကြက်သွန်နီအရွယ်တော် ဥသုံးလုံးလောက်ရယ်၊ ကြက်သွန်ဖြူ လေးငါးတက်လောက်ရယ်၊ ချင်းလက်တစ်ဆစ်လောက်ရယ်ကို ရောထောင်းမယ်။ အိုးထဲဆီကျက်ရင် ခုန ထောင်းထားတာတွေကိုထည့် နနွင်းမှုန့်လက်ဖက်စားဇွန်း တစ်ဝက်လောက်ပါထည့်ပြီး ကျက်အောင်ဆီ သတ်၊ ဆီသတ်တာကျက်ရင် အာလူးထည့်လုံးပြီး ရေနည်းနည်းထည့်ပြီး အာလူးကျက်အောင် တည်ထား လိုက်ရုံပဲ။  အရသာအတွက်ကတော့ ဆားနဲ့ကြက်သားမှုန့်ပဲထည့်မယ်။ အာလူးနူးပြီး ဆီပြန်လာရင်တော့ အာလူးဆီပြန် မွှေးမွှေးလေးရပြီပေါ့။
 
ဘူးသီးဟင်းခါး
ဘူးသီးဟင်းခါးအတွက်ကတော့ ဘူးသီးကိုခပ်ပါးပါးလေးတွေလှီး၊ ကြက်သွန်ဖြူလေးငါးတက်နဲ့ ငြုပ်ကောင်း အစေ့နှစ်ဆယ်လောက် ရောထောင်းထားပေါ့။ ရေနွေးဆူလာရင် တုံးထားတဲ့ဘူးသီးရယ်၊ ကြက်သွန်ဖြူ နဲ့ငြုပ်ကောင်းထောင်းထားတာထည့်၊ အရသာအတွက်ကတော့ ငံပြာရည်နဲ့ကြက်သားမှုန့် ပဲထည့်တာပေါ့။ ဒါဆိုရင်တော့ ငြုပ်ကောင်းနဲ့ကြက်သွန်ဖြူနံ့ မွှေးမွှေးပူပူလေးနဲ့ ဘူးသီးဟင်းခါးတစ်ခွက်ရပါပြီ။ အရသာ စုံစုံလေးနဲ့ ချက်လို့လည်းလွယ် မိသားစုလည်းဝိုင်းဖွဲ့စားလို့အဆင်ပြေမယ့် ထမင်းဝိုင်းလေး တစ်ဝိုင်း တော့ဖြစ်လောက်ပြီပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးနဲ့ ထပ်မိတ်ဆက်ကြသေးတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ

Royal



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment