သားငါးတွေချည်းပဲစားရတာ
ငြီးငွေ့လာပြီ အသီးအရွက်စုံစုံလေးဦးစားပေးပြီး အာဟာရလေးဖြစ်တဲ့ ဟင်းချက်စားရအောင်တဲ့လေ
မယ်တော်မားသားက …။ အဲဒီတော့ ဘာစားရရင်ကောင်းမလဲ စဉ်းစား ရတော့ တာပေါ့။ ညကတည်းက အမေကမနက်ဈေးမသွားခင်
စားချင်တာမှာရမယ်တဲ့လေ။ စဉ်းစားကြည့်တော့ ထိုင်းက အားဖြစ်စေမယ့် ဟင်းချိုကို သတိရမိတယ်။
သူတို့ကတော့ အသီးရော အရွက်ရော စုံနေအောင်ထည့်ချက် တယ်လေ။ မေမေ့ကိုတော့ မြန်မာမှုပြုပြီး
ကိုယ့်ဖာသာ မြန်မာအားဖြစ်မယ့် ဟင်းချို (ကုလားပဲဟင်း)ကို ချက် ပေးဖို့ပြောရမယ်။
အားဖြစ်စေမယ့်ဟင်းချိုဆိုတော့
ကုလားပဲသုံးမယ်လို့ စဉ်းစားလိုက်တယ်။ ဟင်းချိုရပြီဆိုတော့ ဆီပြန် ဟင်းတစ်ခွက်အတွက်
ဘာစားရင်ကောင်းမလဲ အမေ့ကိုမေးလိုက်တယ်။ အမေက ပုဇွန်လေးတွေကို ငရုတ်သီး စပ်စပ်လေးနဲ့
ကြော်စားတဲ့။ အဲဒီတော့ လိုက်ဖက်အောင် ပဲစောင်းလျားသီးသုပ်လေးပါ ထည့်လိုက်မယ်ဗျာ။ ဈေးမှာဖို့အတွက်ကတော့
ok ပြီပေါ့။
မနက်ကျတော့
မယ်တော်မားသားဈေးသွားနေတုန်း ပဲအရင်ပြုတ်ထားလိုက်မယ်လေ။ ဟင်းချိုချက်ဖို့ အတွက်ဆိုတော့
ကုလားပဲ တစ်ဆယ်သားလောက်ကို ရေစင်အောင်ဆေး၊ ဆီလေးရယ် ဆားလေးရယ် နနွင်းမှုန့်လေးနည်းနည်းရယ်နဲ့
အရင်လုံးပြီးမှ ရေနည်းနည်းနဲ့နူးအောင်ပြုတ်ထားလိုက်မယ်။ ပဲတစ် ၀က်လောက် ကျက်ပြီဆိုရင်တော့
အာလူးတစ်လုံးလောက်ကို အခွံနွာအနေတော်တုံးပြီးထည့်လိုက်မယ်။ ဒါမှ ပဲလည်းနူး အာလူးလည်းနူး
အဆင်ပြေတာပေါ့။ အမေဈေးကပြန်လာတော့ ညကမှာထားတဲ့အတိုင်းပဲ အမေ့ဈေးခြင်း တောင်းထဲမှာ
စုံနေတာပေါ့။
ပထမဦးဆုံးဆီပြန်ဟင်းအရင်
ချက်မယ်။ ပုဇွန်ဘော့ချိတ်လေးတွေကို အခွံခွာပြီး ငံပြာရည်လေးနဲ့နှပ် ထားလိုက်။ ပုဇွန်ကို
ငရုတ်သီးခွဲခြမ်းမှုန့်ရယ် ကြက်သွန်နီရယ် ရောထောင်းပြီး နနွင်းမှုန့်နည်းနည်းထည့်ပြီး
ဆီသတ်မယ်။ စိမ်းနံ့ပျောက်ပြီး မွှေးလာရင် ခုနကနှပ်ထားတဲ့ ပုဇွန်လေးတွေထည့်ပြီး ကြော်ရုံပေါ့
ရေခန်းဆီ၊ ဆီပြန်ပြီး မွှေးလာမယ် ခပ်ခြောက်ခြောက်လေးလည်းဖြစ်လာပြီဆိုရင် ပိုမွှေးအောင်
ငရုတ်သီးစိမ်းလေး လေးငါး တောင့်ထည့်လိုက်မယ်။ ဒါဆို ပုဇွန်အစပ်ကြော်က အိုကေပြီပေါ့။
အားဖြစ်စေမယ့်
ဟင်းချိုချက်ဖို့ကတော့ ပဲနဲ့အာလူးလည်းနူးပြီဆိုတော့ အမေ၀ယ်လာတဲ့ အသီး အနှံ လေးတွေ ရေစင်အောင်ဆေး
အနေတော်တုံးပြီး ထည့်ရုံပါပဲ။ သခွားသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး၊ ရုံးပတီ သီး၊ ခ၀ဲသီးစုံစုံလေး
ထည့်လိုက်မယ်လေ။ ဒါမှ နာမည်နဲ့လည်းလိုက် စားလို့လည်းအဆင်ပြေမှာပေါ့။ ပဲစောင်းလျား သီးသုပ်ဖို့အတွက်ကတော့
ကြက်သွန်နီဆီချက်ကလေးချက်၊ ပုဇွန်ခြောက်လေးထောင်း၊ ပဲစောင်းလျားသီးလေး ပြုတ် ခပ်ပါးပါးလှီးထား
ကြက်သွန်စိမ်းလေးထည့်ရင် ပိုလိုက်ဆိုတော့ ကြက်သွန် နီလေး ပါးပါးလှီးထားပေါ့နော်။
ပဲစောင်းလျားသီး
လှီးထားတဲ့အထဲကို ကြက်သွန်နီလှီးထားတာထည့် ဆီချက်အရည်လေးရယ် သံပုရာရည်၊ ငံပြာရည် သင့်ရုံလေးထည့်
ပုဇွန်ခြောက်ထောင်းထားတာလေးရယ် ထည့်နယ်၊အရသာ အနေတော်ပြီဆိုရင် နှမ်းနက်စေ့လှော်ထားတာလေးပါ
ထည့်နယ်လိုက်ပေါ့။ ပြီးရင် ခုနဖယ်ထားတဲ့ ကြက်သွန်နီဆီချက်ဖတ်ကလေး တွေဖြူးလိုက်ရင် ချိုချိုချဉ်ချဉ်
ပဲစောင်းလျားသီးသုပ်ရပြီပေါ့။ ပုဇွန်ကြော်ကို အစပ်ကြော်ထားတော့ အသုပ်ထဲကို ငရုတ်သီးမထည့်တော့ဘဲ
ချိုချဉ်လေးပဲသုပ်လိုက်တာ ပိုအဆင်ပြေတာပေါ့။
ဒါဆိုရင်တော့ ပုဇွန်အစပ်ကြော် လေးရယ်၊
အားဖြစ်စေမယ့် ဟင်းချိုပူပူလေးရယ်၊ ပဲစောင်းလျားသီးသုပ် ချိုချဉ်လေးရယ်နဲ့ ထမင်းစားလို့မြိန်ဦး
မှာ အသေအချာပဲပေါ့။ ကဲ နောက်တစ်ပတ်မှ အမေ့ဈေးခြင်းတောင်းထဲက ဘာလေးတွေနဲ့ အဆင်ပြေအောင်
ချက်ကြမလဲဆိုတာ ပြောကြတာပေါ့။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment