နယ်မြို့လေးတစ်မြို့ကို
ကျန်းမာရေးဟောပြောပွဲသွားလုပ်တော့ အတူဟောပြောတဲ့ ဆရာမ တစ်ယောက်ရဲ့ စကားလေး
သိပ်သဘောကျလို့ မှတ်ထားတာပါ။ လူ့ရဲ့ သဘောက အလကားရတာ၊ အဖိုးအခ မပေးရတာဆို
တန်ဖိုးမထားတတ်ပါဘူး။ အခမဲ့ ဆေးကုပေးတယ်ဆို မလာချင်ဘူး၊ ဆေးက ဈေးသက်သာနေတယ်ဆို
အရည်အသွေးမကောင်းလို့များ၊ ဒီလိုသဘောထားတတ်တယ်။
အဲဒီမှာ
သူပြောသွားတာလေး သိပ်လှတယ်။ အခမဲ့ဆိုတိုင်း၊ အလကားဆိုတိုင်း တန်ဖိုးမမဲ့ပါဘူးတဲ့။
ကျွန်တော်တို့ မိဘမေတ္တာ အခမဲ့ရတယ်၊ အလကားရတယ်၊ ဒါပေမယ့် တန်ဖိုးမဲ့သလား၊ အဲဒီမိဘမေတ္တာတွေ။
ဆရာသမားတွေရဲ့ဆိုဆုံးမမှု အခမဲ့ရတယ်၊ အလကားရတယ်၊ ဒါပေမယ့် တန်ဖိုးမဲ့သလား။ မမဲ့ပါဘူး။ အင်မတန် တန်ဖိုးကြီးပါတယ်။ ဒါကြောင့် ဒီနှစ်ခုကို ကွဲပြားဖို့လိုပါတယ်။
ကျွန်တော်တို့ မိဘမေတ္တာ အခမဲ့ရတယ်၊ အလကားရတယ်၊ ဒါပေမယ့် တန်ဖိုးမဲ့သလား၊ အဲဒီမိဘမေတ္တာတွေ။
ဆရာသမားတွေရဲ့ဆိုဆုံးမမှု အခမဲ့ရတယ်၊ အလကားရတယ်၊ ဒါပေမယ့် တန်ဖိုးမဲ့သလား။ မမဲ့ပါဘူး။ အင်မတန် တန်ဖိုးကြီးပါတယ်။ ဒါကြောင့် ဒီနှစ်ခုကို ကွဲပြားဖို့လိုပါတယ်။
ခု လက်ရှိ
နိုင်ငံတစ်ဝှမ်းမှာ ထိုးနေကြတဲ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနဲ့ ပတ်သက်လို့လည်း
ဒီလိုပါပဲ။ မိဘတွေက စိတ်ပူကြတယ်။ တချို့လူတွေက ပုံဖျက်ချင်ကြတယ်။ ဘာလဲဆိုတော့
ဒီဆေးက အလကားထိုးပေးတယ် ဆိုကတည်းက အရည်အသွေး မကောင်းဘူး၊ ဘာဖြစ်အောင်လုပ်တာ၊
ညာဖြစ်အောင် လုပ်တာ စသဖြင့်ပေါ့။
အဲဒါလေးကို ရှင်းပြလိုတယ်။
အခမဲ့ကာကွယ်ဆေးတွေ တန်ဖိုးမဲ့ မမဲ့ ဆုံးဖြတ်နိုင်ဖို့ပါ။
၁။
နောက်ဆက်တွဲပြဿနာများပြီး ကုသရခက်တဲ့ ရောဂါဖြစ်တယ်
ဒီရောဂါဟာ
ဝမ်းပျက်ဝမ်းလျှောရောဂါလောက် အဖြစ်မများဘူးဆိုပေမယ့် ဖြစ်လိုက်ရင်လည်း
နောက်ဆက်တွဲပြဿနာ ကြီးပါတယ်။ သေဆုံးမှုနှုန်းက ၃၀ ရာခိုင်နှုန်း ရှိတယ်။
မသေဆုံးခဲ့ရင်တောင် အာရုံကြောပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ကျန်ခဲ့တာ၊ ဆွံ့အနားမကြား
ဖြစ်သွားတာ၊ တစ်သက်လုံး ပုံမှန် ပြန်မဖြစ်တော့တာက ၃၀ ကနေ ၅၀ ရာခိုင်နှုန်းလောက်
ရှိတယ်လို့ ဆိုပါတယ်။ (၁)နှစ်အောက်ကလေးတွေမှာ စတုတ္ထမြောက် အသေအပျောက်အများဆုံး
ရောဂါဖြစ်ပြီး၊ အသက် (၁)နှစ်ကနေ (၅)နှစ်အထိ ကလေးတွေ မှာတော့ တတိယမြောက်
အသေအပျောက်အများဆုံးရောဂါလို့ သိရပါတယ်။ နောက်တစ်ခုက ဒီရောဂါကို
အရှင်းပျောက်ကင်းအောင် ကုလို့မရသေးပါဘူး။ ဒါကြောင့်မို့ ကာကွယ်ဆေးထိုးထားဖို့
အရေးကြီးပါတယ်။ ဒီအတွက် နိုင်ငံတကာအကူအညီနဲ့ ကာကွယ်ဆေးတွေကို နိုင်ငံအနှံ့အပြားမှာ
ထိုးပေးနေတာပါ။
၂။
ခြင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်တယ်
ဒီရောဂါဟာ
ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ် (Japanese Encephalitis) ကူးစက်ခံရခြင်းကြောင့်
ဖြစ်တာပါ။ ဒီဗိုင်းရပ်စ်က ကျူးလက်စ်လို့ခေါ်တဲ့ ခြင်အမျိုးအစား
အကိုက်ခံရခြင်းကတစ်ဆင့် ကူးစက်ပါတယ်။ အဲဒီခြင်က မြောင်းပုပ်၊ ဗွက်အိုင်၊
ရေဆိုးတွေမှာ ပေါက်ဖွားတယ်။ စဉ်းစားကြည့်ပါ၊ ကျွန်တော်တို့နိုင်ငံလောက် ဗွက်အိုင်၊
မြောင်းပုပ်၊ လယ်ကွင်းတွေ ပေါတာရှိဦးမလား။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာဆို လက်ညိုး
ထိုးမလွဲပဲ။ ဒါကြောင့်မို့လို့လည်း ဒီရောဂါအဖြစ်များတဲ့ နိုင်ငံတွေထဲ
မြန်မာနိုင်ငံ ပါဝင်နေတာဖြစ်ပါတယ်။
၃။
ကာကွယ်ဆေးက စိတ်ချရတယ်
လက်ရှိထိုးနှံပေးနေတဲ့
ဆေးက CD-JEV (SA 14-14-2) ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရည်အသွေး
အသိအမှတ်ပြု ကာကွယ်ဆေးဖြစ်ပြီး ထိုင်း၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊
တောင်ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လက်ရှိကို
သုံးစွဲနေတာပါ။ လူပေါင်း သန်း (၄၀၀) ကျော်ထိုးနှံပြီးပြီမို့ အလွန်ဘေးကင်းပါတယ်။
၎။
ဘာကြောင့် အသည်းအသန် ထိုးခိုင်းနေရတာလဲ
တကယ်တော့
ဒီကာကွယ်ဆေးကို အပြင်ဆေးခန်းမှာ ၀ယ်ထိုးလို့ရနိုင်ပေမယ့် ကျေးလက်ဒေသနေ ကလေးတွေ၊
ငွေကြေးအဆင်မပြေသူ ကလေးတွေအတွက်က အဆင်မပြေနိုင်တာမို့ ခုလို အစုလိုက် ထိုးပေး နေတဲ့
အချိန်မှာ မီသွားစေချင်တာပါ။ ဒီနိုဝင်ဘာမှာက ကျောင်းတွေမှာ ၅ နှစ်ကနေ ၁၅ နှစ်ထိ
ကလေးတွေကို ထိုးပေးတယ်။ ဒီဇင်ဘာ ဒုတိယတစ်သုတ်မှာတော့ ၉ လနဲ့ ၅ နှစ်ကြားကလေးတွေ၊
ပထမတစ်သုတ်မှာ အကြောင်းကြောင်းကြောင့် မထိုးလိုက်ရတဲ့ ကလေးတွေကို ထပ်ထိုးပေးမယ်။
အဲဒါပြီးသွားရင်တော့ ၂၀၁၈ ဇန်န၀ါရီကစပြီး အသက် ၉ လပြည့်တဲ့ကလေးတွေကိုပဲ
ထိုးပေးတော့မှာပါ။ ၉လနဲ့ ၁၅ နှစ်ကြားကလေးတွေ အတွက် ဒီနှစ်သုတ်မှာ ထိုးမှရမှာပါ။
ဒါကြောင့်မို့ အမီထိုးပေးလိုက်နိုင်အောင်လို့ ပညာရှင်တွေ၊ ကျန်းမာရေး ၀န်ထမ်းတွေက
အသည်းအသန် တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
၅။
ကာကွယ်ဆေးထိုးပြီး သေသွားတဲ့ ကလေးတွေ ရှိတယ်ဆို …..
ဟုတ်ပါတယ်၊
ကမ္ဘာပေါ်က ဘယ်လိုကာကွယ်ဆေးမှာမဆို ဒီလိုအကျအပေါက် ဆိုတာရှိတတ်ပါတယ်။
ကိုယ့်ကလေးမဟုတ်လို့ မစာမနာ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ရာခိုင်နှုန်းနဲ့
စဉ်းစားစေချင်တယ်။ ဒီလိုဓါတ်မတည့်မှုက လူတစ်သန်းမှာ တစ်ယောက်တောင် မဖြစ်နိုင်တဲ့အထိ
နည်းပါတယ်။
ဘာနဲ့ဥပမာပေးရမလဲဆိုရင်
ကျွန်တော်တို့ ကားတွေစီးပြီး တစ်နေရာနဲ့ တစ်နေရာ၊ တစ်မြို့နဲ့တစ်မြို့ သွားကြတယ်။
ကားမတိုက်တတ်ဘူး၊ မမှောက်တတ်ဘူးလားဆို တိုက်တတ်တာပေါ့၊ မှောက်တတ်တာပေါ့၊
လူသေနိုင်တာပေါ့။ ဒါပေမယ့် အစီးပေါင်းများစွာကို လူပေါင်းများစွာက အကြိမ်ပေါင်းများစွာ
စီးမှ တစ်ယောက် တစ်လေက တစ်ခါတစ်လေ ဖြစ်တတ်တာမျိုးပါ။ ဒါကို တွေးကြောက်ပြီး
ကားမစီးဘဲနေကြမလား။ အဲ့လိုနေမယ်ဆိုရင်တော့ ဟုတ်တယ်၊ စိတ်ပူနေတဲ့ ကားတိုက်တာတော့
ဖြစ်မှာမဟုတ်တော့ဘူး။ ဒါပေမယ့် ဘယ်မှလည်း ရောက်တော့မှာမဟုတ်ဘဲ ကျန်တဲ့ပြဿနာတွေ
တစ်သီတစ်တန်း လိုက်လာပါလိမ့်မယ်။
ဒီကာကွယ်ဆေးနဲ့
ပတ်သက်ရင်လည်း ဒီလိုပဲ။ အင်မတန်မှကို နည်းပါးတဲ့ ပြဿနာတစ်ခုကို စိုးရိမ်ပြီး
မထိုးဘဲနေလိုက်ရင် နောက်ဆက်တွဲရလာမယ့် ပြဿနာတွေက သိပ်ကြီးပါတယ်။ သေနှုန်းများတယ်။
ဒုက္ခိတ ဖြစ်ကျန်ခဲ့နှုန်း မြင့်တယ်။ ပြီးတော့ ကုသရလည်း ခက်တယ်။ ဒါကြောင့်မို့
ကာကွယ်ဆေးကို စိတ်ချလက်ချ ထိုးပါ၊ လိုအပ်တဲ့ ကာကွယ်မှုတွေတော့ လုပ်ပါ၊
သိကျွမ်းသူတွေနဲ့ တိုင်ပင်ပါ။
ကိုယ့်ရဲ့
အသိပညာအားနည်းမှုနဲ့ တွေဝေမှုတွေကြောင့် ကိုယ့်ကလေးရဲ့ အနာဂတ်ကို ထိခိုက်သွား စေတာမျိုး
မဖြစ်အောင် ကြိုးစားပေးပါ။
0 comments:
Post a Comment