ကြက်သောက်ဆမ်း ရခိုင်ချက်၊ ရွှေဖရုံသီး အုန်းနို့နှပ် ၊ ငါးနီတူခြောက် အချိုသုပ်









ဒီအပတ်နားရက်လေး အမေ့မေတ္တာဈေးခြင်းတောင်းကြီး မျက်စောင်းထိုးပြီး လှမ်းကြည့်မိတော့ ဒီအပတ်ချက်မယ့် ဟင်းစာရင်းက ခေါင်းထဲလက်ခနဲဝင်လာတော့တာပါပဲ …

စိတ်ညစ်တဲ့အချိန်ပဲဖြစ်ဖြစ် ပျော်တဲ့အချိန်ပဲဖြစ်ဖြစ် ဟင်းချက်ရတာကိုကြိုက်ပါတယ်။  ပြီးတော့ ကိုယ်ချက်တဲ့ ဟင်းကို အိမ်သားတွေ၊ သူငယ်ချင်းတွေ အားရပါးရစားနေရင်လည်း အရမ်းကိုပီတိဖြစ်တယ်။ ဟင်းချက် တာကို လည်း ရောင်စုံလှပတဲ့ အနုပညာတစ်ခုလို့ပဲ သဘောထားတယ်။ အိမ်မှာက  အရသာစုံစုံလေးနဲ့ စားကောင်း အောင် ဖွယ်ဖွယ်ရာရာချက်ဖြစ်တယ်။ ရောက်တဲ့နေရာစုံက ဒေသစာတွေ စားဖြစ်ရင်ပဲဖြစ်ဖြစ် စားသောက်ဆိုင် မှာ သွားစားရင်ပဲဖြစ်ဖြစ် ဟင်းပွဲထဲမှာဘာပါလဲ ဒီလိုအရသာရအောင် ဘယ်လို ချက်ထား တာလဲဆိုတာကို လေ့ လာလေ့ရှိတာလည်း အကျင့်တစ်ခုပါပဲ။

 ငယ်ငယ်တုန်းကတော့ အပြင်မှာစားခဲ့ တာကို အမေ့ကို ပြန်ပြောတာ ပေါ့။ အမေကလည်း ပြန်မေးတယ်။ ဘယ်လိုအရသာမျိုးတွေ ဘာတွေပါတယ်ထင်လဲပေါ့။ ပြီးရင်တော့ သားအမိ တွေ လက်တည့်စမ်းတော့ တာပါပဲ။ များသောအားဖြင့်တော့ အရသာတူတာများပါတယ်။ ကြွားတာတော့ မဟုတ်ပါဘူး။ အမေကလည်း ဟင်းချက်ကောင်းလို့ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းကြားမှာ နာမည်ရပြီး သားလေ။ ဟင်းချက်တဲ့နေရာ မှာတော့ အမေကလက်ဦးဆရာပါပဲ။ ဟင်းချက်ကောင်းတဲ့ကိုယ့်အမေကို ကြော် ငြာဝင်နေရတာနဲ့ ဘာဟင်းလည်း သိချင်ရော့မယ်…

အဓိကဟင်းပွဲကိုတော့ ကြက်သောက်ဆမ်းကိုရွေးထားပါတယ်။ သောက်ဆမ်းဆိုကတည်းက ရခိုင် ရိုးရာစတိုင်ဆိုတာတော့ သိပြီးသားနေမှာပါ။ သောက်လို့လည်းရ ဆမ်းစားလို့လည်း အဆင်ပြေမယ့် ပွဲမျိုးလေး ပေါ့။ ဟင်းပွဲကို ရခိုင်ကို ရောက်တုန်းက စားခဲ့ရတာပါ။ မိန်းမလှတွေပေါတဲ့ မိန်းမလှကျွန်း (ခေါ်) မာန်အောင် ကျွန်းကိုရောက်တုန်းကပေါ့။ သွားတဲ့ရာသီကလည်း ဆောင်းကုန်ခါနီး စက်လှေနဲ့လည်းသွား ရတော့ လူကလှိုင်းမူးချင်သလိုလည်းဖြစ်နေ တော့ ဘာမှကိုမစားချင် မသောက်ချင်ပေါ့။

သူငယ်ချင်းအမေကလည်း သူ့သားသူငယ်ချင်းလာလည်တာဆိုပြီး အကူခေါ်ပြီးကိုချက်ထားတာ။ ဟင်းပွဲက ဆယ်မျိုးလောက်ရှိမယ်ထင်တယ်။ အဲဒီထဲမှာမှ အမှတ်တရအရှိဆုံးကတော့ ကြက်သောက်ဆမ်းပါ။ အခုလိုဆောင်းတွင်းမှာ အတော့်ကိုစားလို့အဆင်ပြေမယ့်ဟင်းမျိုးပါပဲ။ ကြက်သောက်ဆမ်းကို စတိုင်အမျိုး မျိုးနဲ့ စားဖူးပါတယ်။ ကြက်သား၊ ၀က်သားတွေချဉ်းစားနေရတဲ့ကြားထဲက ခံတွင်းအရသာလေးပြောင်းပြီး အဆင်ပြေ မယ်လို့ မျှော်လင့်မိပါတယ်။ ဆင်ခရမ်းချဉ်သီးအစား သံပုရာသီးသုံးထားတော့ ရာသီမရွေးချက် လို့ အဆင်ပြေ တာပေါ့ဗျာ။ ရန်ကုန်မှာကလည်း ဆင်ခရမ်းချဉ်သီးက အမြဲဝယ်လို့ရတာမှမဟုတ်တာ။ အာပူရွက်အစား နံနံပင် သုံးပေးထားတယ်။ 

အကြိုက်ဆုံးကတော့ အချဉ်ကို ကိုယ်ကြိုက်သလောက်ထည့်စားရတာကိုပါ။ ချက်တဲ့နည်း ကလည်း လွယ်မှလွယ်ပဲ။
ဗမာကြက် ငါးဆယ်သားကို အနေတော်လေးတုံးထားမယ်။ ပြီးရင် ရှမ်းကြက်သွန်ဖြူတစ်ဥလောက် ကိုအခွံနွာထား၊ ငရုတ်သီးစိမ်းအတောင့် ငါးဆယ်လောက်ကို အညှာချွေရေစင်အောင်ဆေးထား၊ ရခိုင် စိမ်းစား ငါးပိ စားပွဲတင်ဇွန်း တစ်ဇွန်းလောက်ကို မီးနည်းနည်းပြထား၊ ပထမဦးဆုံး ငရုတ်သီးစိမ်းကိုထောင်း၊ နောက် ကြက်သွန်ဖြူထည့်ထောင်း၊ မီးပြထားတဲ့ ရခိုင်စိမ်းစားငါးပိပါထည့်ထောင်းပေါ့။ ပြီးရင် ခုနကတုံးထားတဲ့ ကြက် သားထဲကို ကြက်သားမှုန့်သင့်ရုံနဲ့ ဆီနည်းနည်းပါတစ်ခါတည်းထည့်နယ်ပြီး ခဏနှပ်ထား။ ပြီးရင် လုံးချက် လေး ကြက်သားနူးအောင်ချက်ရုံပါပဲ။ 

သောက်ဆမ်းဆိုတဲ့အတိုင်းအရည်ကတော့ နည်းနည်းများပေးပေါ့နော်။ စားခါနီးမှ ကြက်သားဟင်းပူပူလေးထဲကို သံပုရာသီးကိုကြိုက်သလောက်ထည့်၊ နံနံပင်လေးအုပ်လိုက် ဒါဆို အိုကေပြီပေါ့။ 

အရံဟင်းတစ်မျိုးကိုတော့ ရွှေဖရုံသီးအုန်းနို့နှပ်ကို ရွေးလိုက်မယ်။ ရွှေဖရုံသီးကိုအနေတော်တုံး၊ ချင်းကို မညက်တညက်လေးထောင်းပြီး ဆီသတ်၊ ချင်းကစိမ်းနံ့ပျောက်ပြီး မွှေးလာပြီဆိုရင် ရွှေဖရုံသီးတုံးထားတာ ထည့်ပြီးလုံးလိုက် ပြီးရင် ရေအစားအုန်းနို့ထည့်ပြီး မီးအေးအေးနဲ့နှပ်ထားရုံပဲလေ။ အပေါ့အငံ ကတော့ ကြက်သားမှုန့်နည်းနည်းနဲ့ ဆားသင့်ရုံထည့်ပေါ့။ အချိုကြိုက်ရင် သကြားလေးနည်းနည်းပါထည့်။ ဒါဆိုရင် ကြက်သောက်ဆမ်းချဉ်ချဉ်စပ်စပ်လေးနဲ့တွဲစားဖို့ ချိုချိုအီအီ ရွှေဖရုံသီးအုန်းနို့နှပ်လေး ရပါပြီ။ ချင်းလေးထည့် ထားတော့ ရွှေဖရုံသီးတက်တာလေးလည်း ပြေတာပေါ့။ ပိုပြီးတက်မှာစိုးရိမ်ရင်တော့ ကျောက်ပန်းတောင်းထန်း လျှက်လေး တစ်ခဲလောက်ပါထည့်လိုက်ပေါ့။ ဒီလောက်ဆိုရင်တော့ အဆင်ပြေမှာပါ။

နောက်တစ်မျိုးကိုတော့ ငါးနီတူခြောက်ကို အချိုသုပ်လေးသုပ်လိုက်မယ်။ ငါးနီတူခြောက်ကို ကြွပ်ကြွပ် လေးလှော်မယ်။ ကြက်သွန်နီလေးနဲ့ ပဲဆီမွှေးမွှေးလေး ဟင်းခတ်မှုန့်ထည့်ပြီးသုပ်ရုံပါပဲ။ ထမင်းနဲ့စားလို့ ပိုရင် လည်း ရေနွေးကြမ်းလေးနဲ့ ထမင်းစားအပြီး မြည်းရအောင်ပေါ့။ ဒီတစ်ပတ်တော့ ဆောင်းတွင်းနဲ့လိုက်ဖက်မယ့် ရခိုင်စာလေးတွေပေါ့နော်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment