ငါးပုဏ္ဏားအိုးကပ်၊ မျှစ်ရခိုင်သုပ်၊ ပိန်းဥကြော်ချက်










မယ်တော်မားသားက ဒီတစ်ပတ်ဘာချက်မှာလဲမေးတော့ တော်တော်နဲ့ စဉ်းစားမရဖြစ်နေတယ်။  အဲဒါနဲ့ပဲ မယ်တော်မားသားက စဉ်းစားမနေနဲ့၊ ဈေးသာလိုက်ခဲ့။ သားအမိနှစ်ယောက် ဈေးအတူတူ မသွား ဖြစ်တာလည်းကြာပြီဆိုတော့ ဈေးအတူတူသွားကြမယ်။ ဈေးရောက်မှစားချင်တာလေးရှာဝယ်ကြတာပေါ့ ဆိုတော့ ဒီတစ်ပတ်တော့ မယ်တော်မားသားနဲ့ ဈေးလိုက်ဖြစ်တယ်ပေါ့နော်။ 

ဒီတစ်ခါဈေးရောက်တော့အရင်ဆုံး သားငါးတန်းသွားလိုက်တယ်။ တွေ့တဲ့အထဲမှာ စားချင်တာ ကတော့ ငါးပုဏ္ဏားတွေပဲ။ ဒီအချိန်ဆို ငါးတွေက ဥတွေနဲ့ စားလို့ကောင်းမှကောင်းဆိုတော့ ငါးပုဏ္ဏားအိုး ကပ်လေးချက်ပြီး ပင်စိမ်းအုပ်မယ်ပေါ့နော်။ ပုဇွန်တွေ လတ်တာတွေ့တော့လည်း ဟင်းခတ်လုပ်ဖို့ ၀ယ်မိပြန်ရော၊ ပုဇွန်ခြောက်ဟင်းခတ်လုပ်တာနဲ့စာရင် အခုလို မိုးရာသီမှာပေါပေါများများနဲ့ လတ်လတ်ဆက် ဆက်ရတဲ့ ပုဇွန်ကိုဟင်းခတ်လုပ်ပြီး ချက်ရတဲ့ဟင်းကပိုချိုပြီး ပိုစားလို့ကောင်းတာကိုး။ 

ဟင်းခတ်အတွက်ပဲဆိုတော့ ခပ်နည်းနည်းပဲဝယ်ဖြစ်လိုက်ပါတယ်။ ပင်စိမ်းဝယ်ဖို့ ကုန်စိမ်း တန်းရောက်ပြန်တော့ ၀ါးပိုးမျှစ်အစိမ်းတွေလတ်တာတွေ့တာနဲ့ သုပ်စားမယ်စိတ်ကူးရသွားတယ်။ ၀ါးပိုးမျှစ် ကို ပုဇွန်လေးထည့်ပြီး ရခိုင်သုပ်လေးသုတ်မယ်ပေါ့။ ပိန်းဥလေးလည်းဝယ်လိုက်တယ်။ ကြော်ချက်လေး ချက်မယ်၊ အရည်များများလေးနဲ့ သောက်လို့လည်းရ ဆမ်းစားလို့လည်းရတာပေါ့။ ဒီလောက်ဆိုရင်တော့ အဆင်ပြေလောက်ပြီဆိုပြီး သားအမိနှစ်ယောက်ဈေးက ပြန်လာခဲ့တယ်ပေါ့နော်။ ငါးပုဏ္ဏားကတော့ ကိုင်ရလွယ်တော့ အဆင်ပြေပါတယ်။ ငါးလေးတွေသေချာကိုင်၊ မလိုတာလေးတွေဖယ်ပြီးတော့ အရင်ဆုံး အိုးကပ်လေးချက်ဖို့ ပြင်လိုက်တယ်။

ငါးပုဏ္ဏားအိုးကပ်
          ငါးကို နနွင်းနဲ့ပုဇွန်ငံပြာရည်လေးနယ်ပြီး ခဏနှပ်ထားလိုက်တုန်း ကြက်သွန်နီနဲ့အရောင် တင်မှုန့် လေး တွေရောထောင်းပြီး ဆီသတ် ကျက်ရင်ငါးနှပ်ထားတာလေးထည့် ရေလေးနည်းနည်းထည့်ပြီး ငါးကို အကောင် လိုက်ပုံ မပျက်အောင် တစ်ဖတ်စီလှန်ပေးရုံပါပဲ။ ငါးကနုတော့ အကြာကြီးချက်စရာမလိုပါဘူး။ ရေလေးခမ်းပြီး ဆီလေးပြန်ပြီဆိုမှ ပင်စိမ်းလေးအုပ်ပြီး အိုးလေးနည်းနည်းကပ်ပြီး ခြောက်လာတဲ့အထိ တည်ပေးရုံပါပဲ။ ဒါဆိုရင် တော့စားလို့ကောင်းမှာသေချာတဲ့ ပင်စိမ်းနံ့မွှေးမွှေးလေးနဲ့ ငါးပုဏ္ဏားအိုးကပ် ဟင်းတစ်ခွက်ရပါပြီ။

မျှစ်ရခိုင်သုပ်
မျှစ်သုပ်ဖို့အတွက်ကတော့ မျှစ်ကအစိမ်းဝယ်လာတာဆိုတော့ အရင်ပြုတ်ရမှာပေါ့။ မျှစ်က၀ါးပိုးမျှစ် ဆိုတော့ ရေကနှစ်ရေလောက်ပြုတ်ရင်ရပါတယ်။ ပြီးမှ လိုချင်တဲ့ပုံစံလှီးလိုက်ရုံပါပဲ။ ဟင်းခတ်အနေနဲ့ ထည့် မယ့် ပုဇွန်ကိုတော့ လှော်ပြီးထားလိုက်မယ်၊ အရင်ဆုံးငရုတ်ကောင်း၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ကိုရောထောင်း လိုက်မယ်။ ပြီးမှ စိမ်းစားငပိလေးနည်းနည်းမီးပြထားတာကိုပါထည့်ထောင်းမယ်။ ဟင်း အခတ်ထည့်မယ့် ပုဇွန်လေးကိုတော့ နောက်ဆုံးမှထည့်ပြီး မညက်တစ်ညက်လေးထောင်းလိုက်မယ်။ ပြီးရင် လှီးထားတဲ့မျှစ်လေး ထည့်ပြီး နယ်လိုက်ရုံပါပဲ။ အချဉ်အတွက်တော့ သံပုရာသီးကိုသုံးပါ့မယ်။ အချိုအတွက် ကတော့ ပျားရည် လေးနည်းနည်းထည့်လိုက်မယ်။ ဗိုက်လည်းအနာသက်သာအောင်ပေါ့။ မျှစ်ကအချိုဖြစ် တဲ့အတွက် ပျားရည်က နည်းနည်းလေးလောက်ဆို အဆင်ပြေပါတယ်။ အရသာကချိုချဉ်ငံစပ်လေး စိတ်ကြိုက်ရပြီဆိုမှ ပိုမွှေးသွား အောင် နံနံပင်လေးအုပ်လိုက်မယ်။ မျှစ်ရခိုင်သုပ်လေးရပြီဆိုတော့ ပိန်းဥကြော်ချက်လေး ဆက်ချက်ကြတာပေါ့။ 

ပိန်းဥကြော်ချက်
ပိန်းဥကိုအခွံခွာ ရေစင်စင်ဆေးပြီး အနေတော်လေးတွေတုံးထားလိုက်မယ်။ ကြက်သွန်နီ၊ ကြက် သွန်ဖြူ ရောထောင်းထားတာကို နနွင်းမှုန့်လေးသင့်ရုံထည့်ပြီး ဆီသတ်လိုက်မယ်။ ကြော်သလိုဖြစ်သွား တဲ့အထိ လောက်ပေါ့။ ရေနည်းနည်းချင်းထည့်ပြီး နူးအောင်ဆက်တည်မယ်။ ပိန်းဥလေး နူးအိသွားပြီဆိုမှ ရေကို ကိုယ်လိုချင်သလောက်ထည့်မယ်။ အရသာ အပေါ့အငံမြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် ငရုတ်ကောင်းမှုန့် လေး အုပ်လိုက်မယ်။ ပိုလည်းမွှေးပြီးစားလို့လည်း ပိုကောင်းသွားတာပေါ့။ ဒီတစ်ပတ် အတွက်တော့ ငါးပုဏ္ဏား အိုးကပ်ကို ပင်စိမ်းအုပ်ထားတဲ့ ငါးအိုးကပ်ဟင်းလေးရယ်၊ ရခိုင်စတိုင်သုတ် ထားတဲ့ မျှစ်သုပ်ချို ချဉ်ငံစပ်မွှေးမွှေး လေးရယ်။ ပိန်းဥကြော်ချက် ချိုချိုဆိမ့်ဆိမ့်လေးရယ်နဲ့ စားလို့ကောင်းမှာ အသေအချာပဲပေါ့ဆွေမျိုးတို့ရာ။ တစ်ခါတလေလည်း စီစဉ်မထားပဲ ဈေးရောက်မှ စားချင်တာလေးဝယ်ချက် စားရတာလည်း တစ်မျိုးတော့ ကောင်းသားပဲ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ဆွေမျိုးတို့နဲ့ပြန် ဆုံကြတာပေါ့။   


Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 








Share on Google Plus

0 comments:

Post a Comment