ကိုယ့်ကားလေးတန်ဖိုးတွေ လျော့ကျမသွားစေဖို့








 
ကိုယ်အသုံးပြုနေတဲ့ကားတစ်စီးကို တန်ဖိုးကျမသွားအောင် ဘယ်လိုထိန်းသိမ်းထားမလဲ။ တစ် ပတ်ရစ်ကားတစ်စီးကို ရှိရင်းစွဲ တန်ဖိုးတွေပြုတ်ထွက်မသွားအောင် ထိန်းသိမ်းရတာ အံ့အားသင့်စရာ ကောင်းလောက်အောင် လွယ်ကူပါတယ်။ ဘယ်လိုလုပ်သင့်တယ်။ ဘာတွေလိုအပ်တယ်ဆိုတာ ပြောလိုက် ရုံနဲ့ ကားမောင်းသူတိုင်း သူတို့ကားတွေရဲ့ သက်တမ်းကိုဆွဲ ဆန့်ထားနိုင်မှာဖြစ်သလို တောက်ပပြီး အမြဲစွဲဆောင်မှု ရှိနေအောင် ထိန်းသိမ်းထားနိုင်မှာပါ။

တန်ဖိုးသိခြင်း
ကားတစ်စီးကို တန်ဖိုးလျော့ကျမသွားအောင် ထိန်းသိမ်းဖို့ အရင်ဆုံးလိုအပ်တာကတော့ ဒီကားရဲ့ တန်ဖိုးကိုနားလည်ဖို့ပါပဲ။ လုပ်ငန်းတစ်ခုခုမှာ ရင်းနှီးမြှပ်နှံမှုပြုလုပ်သလို ကားတန်ဖိုးကိုနားလည်သူက အမြဲတမ်း အရိပ်တကြည့်ကြည့်ဖြစ်နေမှာပါ။ ကားအသစ်တစ်စီးဝယ်လိုက်တိုင်းလည်း မှန်ကန်တဲ့ ရင်းနှီးမြှပ် နှံမှုဖြစ်လာမှာ တော့မဟုတ်ပါဘူး။ ကိုယ့်လက်ထဲမှာရှိနေတဲ့ကားကို အကောင်းဆုံးပုံစံမှာရှိနေအောင် ထိန်းသိမ်းထားတာ၊ ကောင်းကောင်းထိန်းသိမ်းထားတဲ့ တစ်ပတ်ရစ်ကားကို ၀ယ်အသုံးပြုတာ၊ ဒီအချက်တွေကလည်း ကားတစ်စီး တန်ဖိုးကို အများကြီးပြုတ်ကျမသွားအောင် ထိန်းသိမ်းနိုင်မယ့် အရာတွေဖြစ်ပါတယ်။

မိုင်တွေကိုမေ့မထားသင့်
ကိုယ်မောင်းလာတာ ဘယ်နှစ်မိုင်အကွာအဝေးကိုရောက်နေပြီလဲဆိုတာ မှတ်သားထားဖို့ လိုအပ်ပါ တယ်။ ဒါမှမလိုအပ်ဘဲ မိုင်ပိုမောင်းနှင်နေမိတာတွေ လျော့ချနိုင်မှာပါ။ တကယ်လို့ ခရီးစဉ်တစ်ခုကို ကားငှား သွားတော့မယ်ဆိုရင် မိုင်တွေသိရှိထားရင်မလိုအပ်ဘဲ ကားငှားခပိုပေးရမယ့် အန္တရာယ်က လွတ်ကင်းနိုင် မှာပါ။ ဒါ့အပြင် မိုင်ပိုမောင်းမိလို့ ကိုယ့်ကားကိုပြန်ရောင်းတဲ့အခါ ဈေးနှိမ်ခံရမှာထက် အငှားကားတွေကို အသုံးပြု တာက တချို့ခရီးစဉ်တွေအတွက် အကျိုးရှိမှာဖြစ်ပါတယ်။

အမြဲပြုပြင်နေဖို့
ကိုယ့်ကားကိုတန်ဖိုးကျမသွားအောင် အမြဲတမ်းပြုပြင်မှုတွေ လုပ်နေဖို့လည်း လိုအပ်ပါတယ်။ နေ့စဉ် ကားကို စစ်ဆေးနေခြင်းက မလိုအပ်ပဲ ကုန်ကျစရိတ်တွေအပို ထွက်မလာအောင် ကူညီပေးနိုင်သလို ကိုယ်ပြန်ရောင်းချတော့မယ်ဆိုရင်လည်း ကြီးကြီးမားမားရှုံးမသွားအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ပတ်ရစ်ကားဝယ်သူတချို့က ထိန်းသိမ်းမှုရှိတဲ့ကားကို သာမာန်ကားတွေထက် ဈေးပိုပြီး ပေးတတ်ကြ တာ မေ့မနေသင့်ပါဘူး။

သက်ရှိတစ်ယောက်လိုလေးစား
ကိုယ်စီးနေတဲ့ကားက အသစ်ဖြစ်ဖြစ်၊ တစ်ပတ်ရစ်ဖြစ်ဖြစ် အမြဲတမ်းတလေးတစားနဲ့ အလေးထား နေသင့်ပါတယ်။ ဖြစ်နိုင်ရင် ကြမ်းကြမ်းရမ်းရမ်းမောင်းနှင်မှုတွေ မပြုသင့်သလို တစ်ရှိန်ထိုးမောင်းပြီးမှ ရုတ်တရက် ထိုးရပ်လိုက်တာမျိုးလည်း မလိုအပ်ရင် မလုပ်သင့်ပါဘူး။ အထူးသဖြင့် ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ လမ်းတွေမှာဆိုရင် ပိုပြီး ညင်ညင်သာသာမောင်းနှင်ဖို့ မေ့မနေသင့်ပါဘူး။

ရာသီဥတုကိုဂရုစိုက်
ဆိုးရွားတဲ့ရာသီဥတုကလည်း ကားတွေကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ အရမ်းအေးလွန်းတဲ့နေရာ ဒေသကကားတွေဟာ အလွယ်တကူပျက်ဆီးတတ်ကြပြီး တန်ဖိုးကျတဲ့နေရာမှာလည်း ပိုမြန်တယ်လို့ သိရတာပါ။ ဆောင်းရာသီရှည်ကြာလွန်းနေရင် (ဒါမှမဟုတ်) ရေခဲတွေ၊ နှင်းတွေစတဲ့ ပရောဂတွေကြောင့် လည်း ကားတွေပျက်ဆီးတတ်ကြပါတယ်။ အထူးသဖြင့်ဆားကလည်း ကားဘော်ဒီကို ထိခိုက်စေတတ်လို့ ဆားနဲ့မထိအောင်လည်း ဂရုစိုက်သင့်တာပါ။

လေးလံတဲ့အရာတွေမတင်နဲ့
အရမ်းလေးလံတဲ့အရာတွေက ကားတွေအတွက် သဘာဝဘေး အန္တရာယ်တွေလို့တောင်ပြောနိုင် ပါတယ်။ ကားတစ်စီးရယ်လို့ရှိလာရင် ပစ္စည်းတွေတင်ရတာ မထူးဆန်းပေမယ့် လိုအပ်တာထက် လောဘကြီး စွာတင်လိုက်ရင်တော့ ကားကအပျက်အဆီးတွေဖြစ်ဖို့ များသွားပါပြီ။ ဒါကြောင့် ကိုယ့်ကားကို တန်ဖိုးကျမသွား အောင် ထိန်းသိမ်းထားလိုသူအနေနဲ့ လိုအပ်သလောက်အလေးချိန်ပဲတင်ဖို့ကို သတိရစေချင်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment