-ဆတ်သားခြောက်ခရမ်း ချဉ်သီးဆီပြန်
-၀က်အချင်းတိုင်သုတ်
-ကန်စွန်းရွက်ကြော်
-ကြက်ရိုးမုန်ညင်းစိမ်း
ဟင်းချို
အပြင်မှာ
နေ့စဉ်အလုပ်ရှုပ်နေတဲ့ ကျွန်မလိုလူတွေ ကျွန်မတို့ရဲ့မြို့ပြလူနေမှုဘ၀မှာ အများသားရှင့်…
အဲတော့လည်း ကြုံရာနေရာမှာ ကြုံရာဆိုင်မှာ ကြုံသလိုစားရတာတင်မက အိမ်ကထမင်းချိုင့်ယူတယ်ဆိုရင်
တောင် ဖွယ်ဖွယ်ရာရာယူဖို့ရာ အဆင်မပြေလို့ စားရတာ ပြောစရာမလိုအောင်ကို ခံစားနေကြရ ကြုံတွေ့နေကြ
ရတာပါ …
အဲဒီတော့
နားရက်ကလေးများရလို့ အိမ်မှာအိမ်ထမင်း အိမ်ဟင်းလေး အိမ်ချက်ကလေးအမှန်အကန် စားရမယ်ဆိုရင်
ဟင်းမွှေတဲ့ ယောင်းမတောင် ချိုလာသလိုလို ခံစားရတယ်ရှင့် …
အမေ့စကားနဲ့ပြောရရင်
…
အသားဟင်းကြိုက်တဲ့သူက
တစ်ခွက်တည်းနဲ့ပြီးလို့ အကောင်းကြိုက်လို့တောင်မဆိုနိုင်ဘူး … ဖွယ်ဖွယ်ရာရာကြိုက်တတ်သူမှ
အကောင်းကြိုက်တဲ့ ကျွန်မကမယ်တော်မားသားစကားနဲ့ဆို အကောင်းကြိုက် ပေါ့ရှင် …
ဒီတစ်ပတ်အားရက်မှာ
ကျွန်မအမေဈေးခြင်းတောင်းထဲမှာ ပါလေ့ပါထရှိတဲ့ဟင်းအမယ်တွေနဲ့ ချက်ပြုတ်စားဖို့ ရည်ရွယ်ပါတယ်
…
မယ်တော်မားသားပြောလို့
မပြောမရှိတဲ့ မဟုတ်တဲ့အသားတွေ ဖြစ်နေဦးမယ် … သူများကိုမမှာချင်ဘူး။ ကိုယ်တိုင်ကြည့်ပြီးဝယ်ရမှ
… တောသည်အစစ်မှ … အသားစစ်တော့စစ်ပါရဲ့ … ဆေးဆိုးတာတွေလည်း
ပါနေဦးမယ်လို့ အမြဲရေရွတ်ပြီး အစစ်လို့ယုံကြည်ရတဲ့အသားဆိုရင် အများကြီးဝယ်ပြီး သတင်းစာနဲ့
ပတ်သိမ်း လိုက်၊ နေပြလိုက်နဲ့ တယုယုတယယလုပ်တတ်တဲ့အသားက ဘာဖြစ်မယ်ထင်လဲ … ဆတ်သားခြောက်ပါ
… မယ်တော်မားသားက ဒီအသားများ ၀ယ်တော့မယ်ဆိုရင် ကိုင်လိုက်ချလိုက် နမ်းရှုံ့ကြည့်လိုက်
အို … စုံနေ အောင်စစ်ဆေးနေတာ။
အမေဆတ်သားခြောက်ဝယ်တာ
စသုံးလုံးအဖွဲ့မှာ ညွှန်ချုပ်နေရာလောက်တောင်ရနိုင်ပါရဲ့လို့ ကျွန်မ ကပြောရင် မျက်စောင်းကြီးက အတားအဆီးမဲ့ ကျွန်မဆီ
ရောက်လာတတ်ပါတယ်။
ဒီအပတ်
အဲဒီဆတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်မယ်ရှင့်။ ဆတ်သားခြောက်ချက်ရင် နာရီ
ဝက်၊ တစ်နာရီလောက်တော့ ရေကြိုစိမ်ထားစေချင်ပါတယ် …။ ဒါမှ ရေနဲ့ပွပြီး ချက်တဲ့အခါလည်း
နူးနူးနပ်နပ် လေးစားကောင်းတာရှင့် …။
ကျွန်မကတော့
ဆတ်သားခြောက်ချက်တဲ့အခါ ကြက်သွန်ဖြူ၊ နီ ကြိတ်ထောင်းတာတင်မဟုတ်ဘူး။ ချင်းကိုအပြားလိုက်လှီးပြီး
ဆီသတ်တဲ့အခါ ထည့်လေ့ရှိပါတယ်… ပြီးမှ ချင်းဖတ်ကိုပြန်ဆယ်လေ့ရှိပါတယ်။ အညှီနံ့လည်းပျောက်
ဟင်းလည်းပိုမွှေးလို့ပါ … ခရမ်းချဉ်သီးကိုတော့ ဆတ်သားလည်းအနူး ခရမ်းချဉ်သီး လည်း ကြေညက်ဖို့
ကိုင်းခရမ်းချဉ်သီးကို မထူမပါးလှီးပါ …(ဒါမှမဟုတ် လက်နဲ့ဖျစ်ပါ) အရင်ဆုံး ကြက်သွန်ဖြူ၊
နီ၊ ငရုတ်စိမ်းမှုန့်ဆီသတ်၊ (ချင်းပြား ၃ ပြားလောက် လှီးထည့်ပြီးဆီသတ်ပါ) ပြီးရင် အနေတော်တုံးထားတဲ့
ဆတ်သားလေးတွေကိုထည့်ပါ … ။ နောက်ဆုံးမှ ခရမ်းချဉ်သီးထည့်ပါ …။ ရေအနည်းငယ်ထည့်ပါ …။
ခရမ်း ချဉ်သီးနဲ့ ဆတ်သားခြောက်ကိုချက်တဲ့အခါ ရေတွေအများကြီး ထည့်ပြီး ချက်တာထက် ရေမကြာခဏထည့်ပြီး
ရေခမ်းသွားလိုက် ရေအနည်းငယ်ထည့်လိုက် ချက်တာဟာ ဆတ်သားခြောက်ကိုအရသာပိုဝင်လို့ ပိုစားကောင်း
စေပါတယ်။
ဒီဟင်းနဲ့လိုက်ဖက်တဲ့
ဟင်းရွက်ကြော်အဖြစ် (သစ္စာဖောက် ၀မ်ပေါင်အရွက်လို့လည်း ကင်ပွန်းတပ်ခံရ တဲ့) တရုတ်ကန်စွန်းရွက်
ပွပွတွေကို အစိမ်းရောင်မပျက် ငရုတ်သီးစိမ်းလေးခွဲပြီး ထည့်ကြော်ပါမယ် …
အသုပ်ကတော့
မယ်တော်မားသားအကြိုက်၊ တစ်အိမ်လုံးက အစ်ကိုတွေ၊ မောင်တွေအကြိုက် ၀က်အချင်းတိုင် သုတ်ပါ့မယ်
… ၀က်အချင်းတိုင်သုတ်က အမေ့အဆိုအရ စားကောင်းသလောက် အလုပ်ရှုပ်ဟင်းမို့ အရှုပ်ထုတ် သုပ်လို့
အမေကပြောပါတယ် …
ဝက်အချင်းတစ်တွဲကို
ရေစင် အောင်ဆေး ဆား၊ သကြားအနည်း ငယ် ပဲငံပြာရည်နဲ့နယ်၊ ချင်းကိုအ ခွံနွှာရေဆေး ညက်အောင်ထောင်းပြီးရင်
အဲဒီချင်းကိုညှစ်ပြီးအရည်ယူထားပါ။ ပြီးရင် အချင်းတိုင်ကို ပြုတ်အိုး ထဲထည့် ရေအနည်းငယ်ထည့်ပြီးလုံးပါ
… ပြီးမှ ရေထပ်ထည့်ပြီး မီးအားကောင်းကောင်းနဲ့
ထပ်တည် … ပြီးမှ ပွက်ပွက်ဆူနေတဲ့ရေထဲကို ခုနက ချင်းရေလေးလောင်းထည့်ပြီး ပွက်အောင်ပြန်တည်
… ၀က်အချင်းတိုင်ထဲကို အရသာလည်းဝင်၊ နူးပြီဆိုရင် ဆယ်ထားလိုက်ပါ။ ပြီးရင် ကြက် သွန်ဖြူ၊
နီ မညက်တညက်ထောင်းပါ။ နောက်တစ်ခုက ကြက်သွန်နီ၊ ရှောက်ရွက်၊ သခွားသီးနဲ့ ငရုတ်သီးစိမ်းလေးတွေကို
ရေဆေးပါးပါးလှီးထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် ခုနက ဆယ်ထားတဲ့ဝက်အချင်းကို မထူမပါးလှီးပြီး
ထောင်းထားတဲ့ ကြက်သွန်ဖြူနီ၊ သခွားသီး၊ ငရုတ်သီးစိမ်းနဲ့ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့နဲ့
သံပုရာရည်ညှစ်ပြီး နှံ့အောင်နယ်ပေးမယ်။ အဲဒီလို နယ်လို့ နှံ့သွားပြီဆိုရင် ၀က်အချင်းပြုတ်ရည်လေး
ဆမ်းထည့်ပေးပါ။ အားလုံးပြည့်စုံပြီဆိုရင်တော့ ပါးပါးလှီး ထားတဲ့ ရှောက်ရွက်လေးဖြူးပြီး
အသင့်စားလို့ရတဲ့ အမေပြောတဲ့ အရှုပ်ထုတ်သုပ် (၀က်အချင်းတိုင်သုပ်) ရပါပြီ ရှင် …။
အရည်သောက်ကတော့
အချဉ်အစပ်တွေပါပြီးသားမို့ ရိုးရိုးသာမန်ဟင်းချိုလေးပဲချက်ဖို့ စိတ်ကူးထား ပါတယ်။ အမေ့ဈေးခြင်းတောင်းထဲပါလာတဲ့
ကြက်ရိုးကြက်ခြေထောက်ကို ကြက်သွန်ဖြူလေးထည့်ပြီး တည်ထားတဲ့ပြုတ်အိုးထဲကို စားခါနီးမှခပ်ထည့်မယ့်
မုန်ညင်းစိမ်း ဟင်းချိုလေးပါ …
ဒီအပတ်ရဲ့ဟင်းကလည်း
အပြင်စာတွေကြားထဲ မပျော်မွေ့တော့တဲ့ ကျွန်မလိုလူတွေအတွက် အဆင် ပြေမယ်လို့ ထင်မိပါတယ်
…
သြော်
ဒါနဲ့ စားမယ် ၀ါးမယ် ပွားမယ် ပရိသတ်ကြီးကို တစ်ခါတည်း ပြောပြထားရဦးမယ်။ အပတ်စဉ် ကျွန်မရဲ့
ဟင်းလျာထဲမှာ မြန်မာလူမျိုးတွေရဲ့ထမင်းဝိုင်းက ငပိရည်နဲ့ တို့စရာကတော့ မပါမဖြစ်ပေါ့နော်
… အော်တိုနားလည်ပြီးသားမို့ ဟင်းအမယ်စာရင်းထဲ ထည့်မရေးဖြစ်တာခွင့်လွှတ်ပါရှင် …
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment