ဆောင်းရာသီမှာ ကားမောင်းကြရအောင်
          နှင်းတွေကျနေတဲ့ လမ်းမှာ ကားမောင်းရတာ တကယ်ကို မလွယ်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ အန္တရာယ်များလွန်းလှသလို စိတ်ဖိစီးမှုတွေလည်းများတာကြောင့် ယာဉ်မောင်းသူတွေအနေနဲ့ အတော် ဂရုစိုက်မောင်းနှင်ရမှာ မလွဲပါဘူး။ ဒီနေရာမှာ တချို့ကားတွေက နှင်းထူထပ်တဲ့လမ်းတွေကို ဖြတ်သန်း မောင်းနှင်ဖို့သင့်တော်ပေမယ့် တချို့ကမသင့်တော်တာကြောင့် ပိုပြီးအခက်တွေ့ရတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်က ဒီလိုလမ်းမျိုးကို မဖြစ်မနေသွားရမယ်။ ဒါပေမဲ့ ကိုယ့်ကားက အခြေအနေနဲ့ လိုက်လျောညီ ထွေရှိမနေဘူး။ ဒါဆိုရင်တော့ ကြိုတင်ပြင်ဆင်မှုတွေ မဖြစ်မနေလုပ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးတော့ နှင်းတွေထူထပ်နေတဲ့လမ်းမျိုးမှာ မောင်းနှင်နိုင်ဖို့ ကိုယ့်ကားကို ဘယ်လိုပြုပြင်ထားရမလဲဆိုရင်တော့ …။
ဆားဗစ်ပုံမှန်လုပ်ပါ
          ''ဘယ်လိုအခြေအနေမျိုးမှာမဆို အဆင်သင့်ဖြစ်နေဖို့ ကြိုတင်ပြင်ဆင်ထားတာအကောင်း ဆုံးပါ'' ဆိုတဲ့ စကားလိုပါပဲ။ ကြိုတင်ကာကွယ်ခြင်းက ကုသတာထက်ပိုပြီး ထိရောက်တတ်တာကြောင့် ကားကို မပြတ် ပြုပြင်မှု တွေ ပြုလုပ်နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ကားက အင်ဂျင်ချို့ယွင်းတာမျိုး ဖြစ်မနေပေမယ့် ဘက်ထရီစစ်တာ၊ လေကာမှန်နဲ့ အအေးပေးတဲ့စနစ်တွေကို စစ်ဆေးတာမျိုးတွေ ပြုလုပ်သင့်တာပါ။ ဒါတွေက အသေးစားလေး တွေဖြစ်လို့ အရေးမထားဘဲနေလို့မရပါဘူး။ ''အမှိုက်ကစ ပြဿဒ် မီးလောင်'' တာမျိုး ဖြစ်တတ်ပါတယ်။
အကြမ်းသုံးတာယာလဲပါ
          ကိုယ်တိုင်က နှင်းတွေ ဒလဟောကျတဲ့ အရပ်မှာနေထိုင်သူဖြစ်နေရင်တော့ ကားတာယာတွေမှာ ချိန်းကြိုးတပ်ထားတာ ဒါမှမဟုတ် နှင်းကျတဲ့လမ်းတွေနဲ့ လိုက်လျောညီထွေရှိတဲ့တာယာမျိုး ပြောင်းတပ်ထား သင့်တာပါ။ နှင်းကျတဲ့လမ်းတွေအတွက် အထူးထုတ်လုပ်ထားတဲ့တာယာတွေက နှင်းတွေ၊ ရေခဲတာတွေ ထဲကို မဖြစ်မနေ ဖြတ်သန်းရတော့မယ်ဆိုရင် ဘာမှလှည့်ကြည့်နေစရာမလိုလောက်အောင်   ဖြစ်ပါတယ်။ အကြောင်းက ဒီလို ကားတာယာတွေက ပိုပြီးကုပ်အား၊ ယက်အားကောင်းတာကြောင့်ဖြစ်ပြီး သာမန်ကား မျိုးထက်အများကြီး အချိန်ကုန်သက်သာစေမှာလည်း မလွဲပါဘူး။ ဒါ့အပြင် အအေးလွန်ပြီး နှင်းထူတဲ့ဒေ သတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ တာယာအသားက သာမန်ကားတာယာတွေထက်ပိုပြီး ပျော့ပျောင်းတာကြောင့် အေးခဲနေတဲ့ အခြေအနေမျိုးမှာ မာလာပြီး ပေါက်တာ၊ ပြဲတာမျိုးတွေလည်း မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ချိန်းကြိုးတပ်ဆင်ထားတဲ့ ကားမျိုးကိုအသုံးပြုတာထက် နှင်းတောထဲကိုတိုးဖို့ ရည်ရွယ် ထုတ်လုပ် ထားတဲ့ ကားတာယာမျိုးကပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်ကားက နောက်ယက် ကားဖြစ်နေရင် နောက်ဘီးနှစ်ခုမှာ ဒီတာယာတပ်သင့်တာပါ။ ပန်းတွေစားပြီး ပါးနေတဲ့ တာယာမျိုး နဲ့မှ ဒီလိုလမ်းမျိုးကို သွားမိပြီဆိုရင်တာ့ စတီယာရင်က ထိန်းရသိမ်းရခက်တာ၊ ကားတာယာကွဲတာ ပြဲတာ ကြောင့် ဒုက္ခရောက်ရတာတွေထဲက ရုန်းထွက်နိုင်မှာ မဟုတ်တော့ပါဘူး။ တချို့တာယာအရောင်းဆိုင်တွေ က ကိုယ့်ကားက နှင်းတောတိုးတော့မယ်ဆိုရင် ဘီး(၄)ခုစလုံးကို နောက်တာယာအသစ်လဲလှယ်ဖို့ တိုက် တွန်း တတ်ကြပါတယ်။ ဒါပေမဲ့ နောက်ဘီး(၂)ခုကို နှင်းတောထဲတိုးမယ့် တာယာလဲလိုက် တယ်ဆိုရင်ပဲ လုံလောက် ပါပြီ။
ရာသီဥတုနဲ့ ရင်းနှီးနေပါစေ
          ကိုယ်က နှင်းတောတွေ၊ ရေခဲထူတဲ့လမ်းတွေပေါ်မှာ ကားကို အန္တရာယ်ကင်းအောင် မောင်းနိုင်ချင် တယ်ဆိုရင်တော့ စကတည်းက ဒီလိုအခြေအနေမျိုးထဲမှာ လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ ဘယ်လို အလုပ် ကိစ္စမျိုးမဆို ကိုယ်နဲ့မရင်းနှီး၊ ကျင့်သားတကျရှိမနေရင်သာ အနည်းနဲ့အများ ဒုက္ခရောက်တတ်တာဖြစ်ပြီး ဒီသီအိုရီကိုသိလို့ ကိုယ့် ဘက်က ကြိုတင်ပြင်ဆင်ထားနိုင် ရင် အားလုံးနေရာကျပြီဆိုတာ သံသယဖြစ်နေ စရာ တောင် မလိုပါဘူး။ အထူးသဖြင့် ရေခဲတွေနဲ့ပြည့်နေတဲ့ လမ်းမျိုးကိုကိုယ်တိုင်ကားမောင်းပြီး သွားရတော့မယ် ဆိုရင် ဘရိတ်ကိုအန္တရာယ်မဖြစ်အောင် ဘယ်လိုဖမ်းမလဲ၊ စလစ်ဖြစ်ပြီး လမ်းချော်မ သွားအောင် ဘယ်လို မောင်းမလဲ၊ စတီယာရင် နိုင်အောင် ဘယ်လိုထိန်းမလဲဆိုတာမျိုးတွေကို သိလာအောင် ကြိုတင်ပြင်ဆင်ထား ရမှာပဲ ဖြစ်ပါတယ်။
သဲအိတ်တင်မောင်းပါ
          တကယ်လို့ ကိုယ့်ကားက နောက်ယက်ဖြစ်နေရင် နောက်ဝင်ရိုးအပေါ်တည့်တည့်နေရာလောက်မှာ သဲအိတ်တင်ထားတာမျိုး လုပ်ထားသင့်ပါတယ်။ အကြောင်းကတော့ သဲအိတ်ရဲ့အလေးချိန်က ကားကိုပိုပြီး တည်ငြိမ်သွားစေမှာဖြစ်သလို ဘီးရဲ့နှင်းထူတဲ့မျက်နှာပြင်အကြားပိုပြီး ကုပ်အားကောင်းလာစေမှာလည်းဖြစ် ပါတယ်။ ဒါ့အပြင် ဒီသဲအိတ်တွေက ဘယ်လိုမှရှေ့ဆက်မရအောင် ကားဘီးချော်နေတဲ့ အခြေအနေမျိုးတွေမှာ လည်း လမ်းခင်းဖို့အသုံးပြုနိုင်သလို သူတို့ကိုလိုရမယ်ရဆောင်ထားတာက ဘယ်နည်းနဲ့မှ အကျိုးမမဲ့စေမှာ အသေအချာပါပဲ။ ကိုယ့်ကားက ရှေ့ဘီးယက်ဆိုရင်တော့ ဒီလိုလုပ်ရပ်ကို သတိထား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ရှေ့ကားနဲ့ ခွာမောင်းပါ
          ဒီလိုအန္တရာယ်များတဲ့လမ်းမျိုးမှာ ကားနှစ်စီးခရီးသွားမယ်ဆိုရင် ဂရုစိုက်ရမယ့် နောက်ထပ် အချက် တစ်ချက်ရှိနေပါသေးတယ်။ ဒါကတော့ တစ်စီးနဲ့တစ်စီးအရမ်းကြီးကပ်မနေဘဲ မောင်းနှင်ဖို့ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က နောက်ကကားထဲကို ရောက်နေရင်တော့ ရှေ့ကားဘရိတ်မီးကိုကြည့်ပြီး အကွာအဝေး ချိန်ညှိမောင်းနှင်သင့်တာပါ။ ဒါ့အပြင် ကားရပ်တော့မယ်ဆိုရင်လည်း ရှေ့ကားနဲ့နောက်ကား နည်းနည်း ခွာပြီး မှရပ်သင့်ပါတယ်။ စလစ်ဖြစ်ပြီး တစ်စီးနဲ့တစ်စီး ၀င်ဆောင့်တတ်တာကြောင့်ဖြစ်ပါတယ်။
အရှိန်မများအောင် ဂရုစိုက်မောင်းပါ
          နှင်းထူပြီး ရေခဲတွေပြည့်နေတဲ့လမ်းမျိုးမှာ မောင်းနှင်ဖို့ ဘယ်လောက်ပဲကြိုတင်ပြင်ဆင်ထားသည် ဖြစ်စေ အတွေ့အကြုံကောင်းတွေ ဘယ်လောက်ရှိနေသည်ဖြစ်စေ အရှိန်မများအောင် ဖြည်းဖြည်းနဲ့ ဂရုစိုက်ပြီး မောင်းနှင်သင့်တာပါ။ အချိုးအကွေ့တွေကို ကိုယ်ထိန်းနိုင်တဲ့အရှိန်ထက်ပိုလျော့ပြီး ကွေ့သင့်သလို ရပ်မယ် ဆိုရင်လည်း ဖြည်းဖြည်းစနစ်တကျ ရပ်သင့်ပါတယ်။ အကွေ့ရောက်မှ အရှိန်မတင်ဖို့ သတိလက်လွတ်ဖြစ် မနေဖို့က အရမ်းအရေးကြီးပါတယ်။ သတိထားပြီး ဂရုစိုက်မောင်းနှင်ဖို့ လိုအပ်မှာပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus
0 comments:
Post a Comment