Baby Talking













လူတစ်ဦးချင်းစီမှာ အရေးကြီးဆုံးကိုပြောပါဆိုလျှင် စကားပြောဆိုဆက်သွယ်မှုဖြစ်ပါတယ်။ လူတွေက နေ့တိုင်းလိုလို စကားပြောကြတယ်။ တစ်ယောက်နဲ့တစ်ယောက် စီးပွားရေး၊ လူမှုရေး၊ နေထိုင်ရေး… အစုံစုံပေါ့။ တစ်ဦးကပြောတာ တစ်ဦးကနားထောင်၊ ပြန်ဆွေးနွေးကြနဲ့ အဆင်ပြေလှပါတယ်။ ဒါပေမဲ့ အဆင်မပြေတာလေးကတော့ ရှိနေလိမ့်မယ်။ အဲဒ်ါမွေးကာစကလေးလေးတွေနဲ့ စကားပြောတာပေါ့။ လူအတော်များများကတော့ မွေးကာစကလေးလေးတွေဟာ လူကြီးစကားပြောတာ နားမလည်တဲ့အတွက် ပြောစရာမလိုဘူး။ ချော့သိပ်မယ်၊ နို့တိုက်မယ်ဆိုရင်ရပြီလို့ထင်နေကြတယ်။  တကယ်တမ်းကျတော့ ကလေးလေးတွေဟာ မွေးဖွားလာကတည်းက ငိုခြင်း၊ နားထောင်ခြင်း၊ မျက်လုံးဖြင့်စကားပြောခြင်း စသည်ဖြင့် ပြောဆိုတတ်ကြပါတယ်။

ပထမဆုံးပြောဆိုဆက်ဆံခြင်း
ကလေးလေးတွေက မွေးလာကတည်းက သူတို့ဘာစဉ်းစားတယ်၊ ဘာတွေခံစားတယ်ဆိုတာ မပီသတဲ့ စကားလုံးတွေနဲ့ ပြောကြတယ်။ အဲဒါကို ငိုတယ်လို့ခေါ်ပါတယ်။ ငိုတဲ့အခါ ဘာအဓိပ္ပာယ်တွေပါမလဲ။ အဓိပ္ပာယ်အများစုက ''ချီပါဦး''၊ ''မချီပါနဲ့တော့''၊ ''အရမ်းအေးတယ်''၊ ''အရမ်းပူတယ်''… သူတို့ကအခြေ အနေတွေကို နားမလည်နိုင်ပေမယ့် ငိုပြီးဖော်ပြတတ်ကြပါတယ်။ အဲဒီလိုငိုတာတောင်မှ သူဘာလိုတယ်၊ သူဘယ်လောက်မြန်မြန်လိုအပ်တယ်ဆိုတာလေးတွေပါ ထည့်သွင်းဖော်ပြတတ်ကြပါတယ်။ ဥပမာပြောရရင် ကလေးလေးက ကြမ်းပြင်မှာငိုနေတယ်။ သူ့ကိုချီခိုင်းတယ်ဆိုပါစို့။ လူကြီးတွေက မချီတဲ့အခါ ငိုသံကပိုဆိုးဝါးစူးနစ်လာတယ်။ အဲဒီလိုမျိုးလေးတွေပေါ့။

စကားပြောဘယ်လိုစ…
ငိုသလိုပဲ ကလေးလေးတွေက ကိုယ်တွေပြောတဲ့စကားလုံးတွေ၊ ကိုယ်တွေရဲ့အသံလေးတွေကိုလိုက်ပြီး ကိုယ်တို့နှုတ်ခမ်းလှုပ်ရှားမှုလေးတွေကို မျက်လုံးအကြည့်နဲ့သင်ယူကြတယ်။ ကလေးငယ်လေးတွေ ကိုယ်စကားပြောတာနားထောင်တာ၊ ကြည့်နေတာလေးတွေက အခြေခံကျတဲ့ဆက်သွယ်မှုလေးတွေ မြန်မြန်တိုးတက်လာစေဖိ့ ကူညီပေးပါတယ်။

ရက်သတတပတ်(၇-၈)ပတ်အတွင်းမှာ ငိုတာနဲ့မတူတော့တဲ့ ကွဲပြားတဲ့အသံလေးတွေထွက်လာတယ်။ တဖြည်းဖြည်းကြီးလာလေ၊ အသံလေးတွေပိုထွက်လာမယ်။ ပြီးတော့ အပြုံးလေးတွေပါပါလာမယ်။ နောက်ထပ် ခြေထောက်လေးတွေ၊ လက်ကလေးတွေ ကားယားကားယားလုပ်လာကြမယ်။ ပြီးတော့ 'သားချော့တေး' လေးတွေ။ ကလေးလေးတွေက သာမန်စကားပြောတာထက် သားချော့တေးလေးတွေကို ဟန်ပါပါလေးတွေ ပိုကြိုက်ကြတယ်။ အဲဒီလို သားချော့တေးလေးတွေဆိုတဲ့အခါ ကလေးလေးတွေက ကိုယ့်မျက်နှာကို တောက်ပတဲ့မျက်ဝန်းလေးတွေ အပြုံးလေးတွေနဲ့ ကြည့်နေကြမယ်။

စကားပြော
ဘယ်အချိန်မှာစ…
ကလေးလေးတွေအားလုံး ကြီးထွားနှုန်းက တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူးပေါ့။ ကလေးအများစုက မျက်လုံးအကြည့်လေးတွေ၊ အသံလေးတွေ စောစီးစွာထွက်ပေါ်ကြတယ်။ တချို့ကျတော့လည်း အချိန်အနည်းငယ် နောက်ကျကြတာပေါ့။
များများပြောလေ ကောင်းလေ…
ကလေးလေးကိုဘာသာစကားသင်ကြားပေးတဲ့အခါ ကိုယ်ဘယ်လောက်ပြောတယ်ဆိုတာက အဓိကကျပါတယ်။ ဒါက ရိုးရှင်းပါတယ်။ ကိုယ့်ကလေးစကားပြော မြန်မြန်တက်ဖို့ ကိုယ်ကလည်းများများပြောပေးရုံပါ။
စကားပြောတဲ့အခါ ကလေးလေးအတွက် အကူအညီဖြစ်စေတာက…
(၁) စကားလုံးဝေါဟာရတွေ ကြွယ်ဝလာမယ်
(၂) ရှည်ရှည်နဲ့များများပြောလေ စကားလုံးကဘာဆိုလိုတယ်၊ သဒ္ဒါနဲ့ ဘယ်လိုအလုပ်လုပ်သွားတယ်၊ စကားလုံးနေရာထားပုံထား နည်းလေးတွေကို ပိုပြီးနားလည်လာမယ်။

ဘယ်လိုအကြောင်းအရာလေးတွေပြောမလဲ
ပြောပါ… အ၀တ်လျှော်တာ၊ အ၀တ်အစားလဲတာ၊ ရေချိုးပေးတာ၊ ထမင်းခွံပေးတာ အဲဒီလိုနေ့စဉ် လုပ်ငန်းလေးတွေကအစ ပြောပါ။ ကလေးလေးတွေကပြောပါများလေ အပြုအမူနဲ့စကားလုံးကို တွဲပြီးမှတ်မိလာလေဖြစ်ပါတယ်။

နားထောင်ပါ… 
ကလေးလေးတွေက စကားပြောတဲ့အခါ ကိုယ်ကစကားလုံးကို နားမလည်ဘဲ နားထောင်ရတဲ့အတွက် ကြောင်တောင်တောင်နိုင်လှပါတယ်။ ဒါပေမဲ့ သေချာနားထောင်ပါ။ အဲဒါတွေက ကလေးတွေအတွက် စကားရှေ့ဆက်ပြောဖို့ ခွန်အားသဖွယ်ဖြစ်စေပြီး ကလေးရဲ့စကားလုံးနဲ့လိုအပ်မှုကို နားလည်လာပါလိမ့်မယ်။

ကြင်နာပါ… 
ကလေးငယ်လေးတွေ လမ်းကြောင်းမှန်ရောက်ဖို့ လူကြီးတွေရဲ့ လမ်းပြမှုကလိုအပ်ပါတယ်။

သင်ပြပါ… 
ဥပမာပြောရရင် ကလေးကို အရုပ်လေးတွေပြန်ကောက်ခိုင်းတာတွေ၊ ထမင်းစားတဲ့အခါ ဇွန်းနဲ့ခက် ရင်ခွဲခြားပြီး ရွေးခိုင်းတာလေးတွေ စသည်ဖြင့်ပေါ့။ မှန်ကန်စွာ ရွေးချယ်တတ်အောင်သင်ပြပါ။

များများပြောပါ…
 မွေးဖွားလာတဲ့ ကလေးတစ်ယောက်အတွက် ဒီလောကကြီးဟာ အသစ်အဆန်းဖြစ်ပါတယ်။ ဥပမာ ကလေးက ခွေးကိုတွေ့သွားလို့ စိတ်ဝင်တစားရှိနေတဲ့အခါ ခွေးကလေးတွေအကြောင်း၊ ငှက်ကလေးတွေအကြောင်း ကလေးစိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေကိုပြောဆိုပါ။

ကလေးငယ်လေးတွေက မွေးဖွားလာစဉ်ကတည်းက ဘာသာစကားသင်ယူသူလေးတွေဖြစ်ပါတယ်။ အဲဒါကြောင့် လူကြီးတွေအနေနဲ့ ကလေးငယ်လေးတွေကို စကားများများပြောပေးခြင်းက သူတို့အတွက်တော့ လက်ဆောင်မွန်တစ်ခုပါ။ အဲဒီလို သူတို့သင်ကြားလိုက်တဲ့ စကားလုံးလေးတွေကြောင့် သူတို့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို နားလည်ပျော်ရွှင်နိုင်ပြီး ရှေ့ဆက်ရမယ့်ဘ၀ခရီးအတွက် ကြိုတင်ပြီးသွားသားမဟုတ်ပါလား…။

Whitney

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment