လိပ်ကောက်လွန်းတဲ့ ဆံသားတွေကို ဘယ်လိုပြုစုကြမလဲ …












အလိပ်အကောက်လေးတွေနဲ့ ဆံကေသာ၊ ဖြောင့်ဆင်းနေတဲ့ ဆံကေသာ နှစ်မျိုးတည်းက တစ်မျိုး ရွေးချယ်ပါဆိုရင် မိန်းကလေးအများစုက ဖြောင့်ဆင်းလှတဲ့ဆံကေသာကို ရွေးချယ်ကြမှာသေချာပါတယ်။  ဒါပေမဲ့ အလိပ်အကောက် ဆံကေသာလေးတွေက ဖြောင့်ဆင်းတဲ့ဆံကေသာထက်ပိုပြီး တယုတယ ထိန်းသိမ်းပေးရတယ်ဆိုရင် အံ့ဩသွားကြမှာပေါ့။ ဟုတ်ပါတယ် ... ကောက်ကွေးနေတဲ့ဆံသားက ပတ်ဝန်းကျင် လေထု၊ ရေထုညစ်ညမ်းမှုကြောင့်လည်း ထိခိုက်နိုင်ပါတယ်။ ဆံကေသာအဖျားနှစ်ခွလည်း အများဆုံးဖြစ်နိုင်သလို ပွလွယ်ရှုပ်လွယ်ပြီး ထိန်းသိမ်းရခက်ခဲပါတယ်။ အဲဒီတော့ ဆံကေသာ အလိပ်အကောက်ပိုင်ရှင် မိန်းကလေးတွေ ကိုယ့်ဆံကေသာကို ဘယ်လိုထိန်းသိမ်းကြမလဲ။
လွဲမှားနေသောသန့်ရှင်းရေး
ဆံကေသာအကောက်လေးတွေ၊ အထူးသဖြင့် သာမန်ထက်ပိုပြီး ကောက်နေတဲ့ဆံကေသာက ဖြောင့်ဆင်းနေတဲ့ ဆံကေသာထက် ပိုပြီး ခြောက်သွေ့လွယ်ပါတယ်။ အဲဒီတော့ ပျိုမေတို့သဘာဝ လွဲမှားပြီး ယူဆမိတာကတော့ ဆံကေသာကို ခေါင်းလျော်ရည်သုံးတာထက် ဆံပင်ပေါင်းဆေးသာသုံးပြီး သန့်ရှင်းကြပါတယ်။ အဲဒီအတွက် ဆံကေသာက စိုထိုင်းစမြင့်ပြီး သာမန်ထက်ကို ကောက်ကွေးလာပါတော့ တယ်။
အဝတ်နဲ့သုတ်ခြင်းရှောင်ပါ
ကောက်ကွေးတဲ့ဆံကေသာ ပိုင်ရှင်လေးတွေအနေနဲ့ ခေါင်းလျော်ပြီးတဲ့အခါ စိုထိုင်းနေတဲ့ဆံကေသာကို အဝတ်နဲ့ကြမ်းတမ်းစွာ မသုတ်မိဖို့ပါပဲ။ ဒါက ဆံကေသာကို ပိုမိုရှုပ်ထွေးပြီး ရှင်းရခက်စေပါလိမ့်မယ်။ အဲဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့ နူးညံ့တဲ့အဝတ်လိုမျိုး အသုံးပြုပြီး ညင်သာစွာ ပွတ်ပေးဖို့ပါပဲ။
ခေါင်းဖီးဘီးရွေးချယ်မှုကလည်း အရေးကြီးတယ်
ဘီးသွားစိတ်ထက် အသွားကျယ်တဲ့ ဘီးအမျိုးအစားကိုသာသုံးပြီး ခေါင်းဖီးပေးပါ။ ဘီးသွားစိတ်က ဆံကေသာကို အဖျားနှစ်ခွ ဖြစ်စေသလို ကောက်ကွေးနေတဲ့ ဆံသားကို ပိုပြီးပျက်စီးသွားစေပါလိမ့်မယ်။
ဆံကေသာထိန်းသိမ်းပစ္စည်းသုံးတဲ့အခါ
ကောက်ကွေးတဲ့ ဆံကေသာပိုင်ရှင်တွေအနေနဲ့ ဆံကေသာထိန်းသိမ်းတဲ့ပစ္စည်းသုံးတဲ့အခါ အထူးသတိထားရမှာက အလွန်အကျွံ မသုံးမိဖို့ပါပဲ။ Styling Product (ဆံကေသာပုံသွင်းပစ္စည်း)တွေ အလွန်အကျွံသုံးခြင်းရှောင်ပါ။ အတတ်နိုင်ဆုံး ဆံသားကို သဘာဝအတိုင်းထားပါ။
ဆားရည်အသုံးပြုခြင်းရှောင်ပါ
ဆားရည်နဲ့ဆံကေသာကို ဖြန်းခြင်းက ဆံသားကိုလုံးဝဖျက်ဆီးနေတဲ့ အမူအကျင့်တစ်ခုပါ။ ဆားက ဘယ်ဆံသားမဆို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဆားရည်က ဆံသားနဲ့ဦးရေပြားများ သဘာဝအတိုင်း ရှိနေမယ့်အဆီတွေကို ခမ်းခြောက်သွားစေပါလိမ့်မယ်။
ရေအေးအသုံးပြုခြင်းရှောင်ပါ
ဆံကေသာတောက်ပဖို့ ရေခဲသေတ္တာထဲက ရေခဲရည်ကိုသုံးပြီး ခေါင်းလျော်ခြင်းဆိုတာ လွဲမှားတဲ့အယူအဆတစ်ခုပါ။ ဒါက ဆံကေသာအတွက် ဘာမှအကျိုးမဖြစ်စေနိုင်တဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။
အစိုဓာတ်ဖြည့်ပေးပါ
ကောက်ကွေးတဲ့ဆံသားလေးတွေက သာမန်ထက်ပိုပြီး အစိုဓာတ်လိုအပ်ပါတယ်။ အဲဒါကြောင့် ခေါင်းလျော်ပြီးတိုင်း ဆံကေသာကို Conditioner သုံးပေးတာမျိုး အစိုဓာတ်ထိန်းအဆီ သုံးပေးတာမျိုး ပြုလုပ်ပေးပါ။
တစ်ပတ်တစ်ကြိမ်ခန့် ပေါင်းတင်ပေးပါ
တစ်ပတ်တစ်ကြိမ် ပုံမှန်ပေါင်းတင်ပေးခြင်းက ဆံကေသာကို တိကျသေသပ်တဲ့ ကောက်သား လေးတွေ ဖော်ဆောင်ပေးပါလိမ့်မယ်။ ဆံကေသာပေါင်းဆေး ရွေးချယ်တဲ့အခါ ဆံကေသာပျက်စီးခြင်းကို ကာကွယ်ပေးပြီး အစိုဓာတ်ကို တာရှည်ထိန်းသိမ်းပေးထားနိုင်တဲ့ ကီရာတင်ပါဝင်တဲ့ပစ္စည်းမျိုး ရွေးချယ်ပါ။
သဘာဝအတိုင်းခြောက်သွေ့ပါစေ
တကယ်လို့ အချိန်ရမယ်ဆိုရင် ခေါင်းလျော်ပြီးချိန်မှာ ဆံသားလေးတွေကို သဘာဝလေနဲ့ခြောက်သွေ့ စေတာ အကောင်းဆုံးဖြစ်ပါတယ်။ ဆံပင်အခြောက်ခံစက်က ထွက်လာတဲ့အပူဒဏ်က အချိန်ကြာလာတာ နဲ့အမျှ ဆံသားကို ခြောက်သွေ့ပျက်စီးစေပါတယ်။ တကယ်လို့ ဆံပင်အခြောက်ခံစက်မဖြစ်မနေသုံးရမယ့်အခါ အနိမ့်ဆုံးအပူချိန်ကိုသာ သတ်မှတ်အသုံးပြုပေးပါ။
ဆံပင်ပုံမှန်ညှပ်ပေးပါ
ကောက်ကြောင်းအလှပေါ်လွင်တဲ့ ဆံကေသာလေးတွေ ပိုင်ဆိုင်ဖို့အတွက်ကတော့ ဆံပင်ပုံမှန် ညှပ်ပေးဖို့လိုပါတယ်။ ဆံကေသာ ကျွမ်းကျင်ပညာရှင်တွေကတော့ ဆံပင်အဖျားလေးတွေကို ၆ ပတ် ၈ ပတ်အတွင်းတစ်ကြိမ် ပုံမှန်ညှပ်ပေးဖို့ တိုက်တွန်းထားပါတယ်။
ဆံကေသာကျန်းမာစေဖို့
ဆံကေသာကလှပရုံနဲ့ မရပါဘူး။ ကျန်းမာနေဖို့ပဲလိုပါတယ်။ အဲဒီအတွက် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပရိုတိန်း၊ ဗီတာမင်သတ္တုဓာတ်ကြွယ်ဝတဲ့အစားအစာတွေနဲ့ ခန္ဓာကိုယ်အတွင်းကနေ အားဖြည့်ပေးဖို့လိုပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment