တစ်ကိုယ်ရေသုံး နေစဉ်သုံးတွေထဲမှာ ဘာတွေက သုံးသင့်လဲ …








စီးပွားရေးလုပ်ငန်းတွေက အပြိုင်အဆိုင် အင်အားပြင်းထန်လာတာနဲ့အမျှ ကြော်ငြာတွေ၊ လက်ကမ်းကြော်ငြာတွေ၊ တခြားသော စီးပွားရေးနည်းပညာတွေက လူသားတွေကို မလိုအပ်တာတွေ ဝယ်ချင်လာစေအောင် မလိုအပ်တာတွေ လိုအပ်သယောင်ဖြစ်လာအောင် ဆွဲဆောင်လာပါတော့တယ်။ အထူးသဖြင့် အလှအပနဲ့ ပတ်သက်လာရင်ပေါ့။ ကဲ အဲဒီတော့ ဒီတစ်နှစ်အတွင်း မလိုအပ်တဲ့ အလှအပအသုံးဆောင်တွေ ကိုယ်ဘာဝယ်ခဲ့သလဲ။ ငွေကြေးကို သုံးရမယ့်နေရာမှာ မသုံးဘဲ ဘယ်ပစ္စည်းတွေပေါ်မှာ မလိုအပ်ဘဲ ဖြုန်းတီးမိသလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

ဆံပင်အဖျားနှစ်ခွပျောက်စေပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်
အလှအပလုပ်ငန်းတွေက ပစ္စည်းတွေပိုပြီးထုတ်လုပ်လာလေ ပိုပြီးချမ်းသာကြွယ်ဝလာလေပါဘဲ။ တကယ်လို့ ကိုယ့်အနေနဲ့ ဆံပင်အဖျားနှစ်ခွပျောက်စေပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည် Hair Product တွေ ဝယ်ယူသုံးစွဲမိသူတွေထဲက တစ်ဦးဆိုရင်တော့ ငွေကို အလဟဿဖြုန်းတီးနေသူလို့ ပြောလို့ရပါတယ်။ တကယ်တမ်းတော့ ဆံပင်အဖျားနှစ်ခွပျောက်စေပါတယ်ဆိုတဲ့ ဆံကေသာထိန်းပစ္စည်းတွေက ပြဿနာကို ခေတ္တခဏသာ ဖုံးကွယ်ပေးပါလိမ့်မယ်။ ဆံသားကို မကုသပေးပေမယ့် ဆံသားကို ချောမွေ့ သွားစေပါ တယ်။ 

ဒီလိုပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဆံပင်အခြောက်ခံစက် (Hairdryer) သုံးတာရပ်လိုက်ဖို့ ဒါမှမဟုတ် အတတ်နိုင်ဆုံး လျှော့သုံးဖို့ပဲဖြစ်ပါတယ်။ နောက်ထပ် ဆံသားရေစိုနေတဲ့ အချိန်မှာ ဘီးဘယ်တော့မှ မသုံးလိုက်ပါနဲ့။ လက်ချောင်းလေးများနဲ့ ခပ်ဖွဖွရှင်းပါ။ တကယ်လို့ ဆံပင် အခြောက်ခံစက် မဖြစ်မနေသုံးရမယ့်အချိန်မျိုးမှာ အပူအအေးတစ်လှည့်စီသုံးပေးပါ။ ပုံမှန်ဆံပင် ညှပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ၆-၈ ပတ် ၁ ကြိမ်ခန့်အတတ်နိုင်ဆုံး ဆံပင်ညှပ်ပေးပါ။

Cellulite ခရင်မ်
ဒါကတော့ စကပ်တို၊ ဘောင်းဘီတို ဝတ်ဆင်ကြတဲ့ မိန်းကလေးများရဲ့လက်စွဲဖြစ်ပါတယ်။ အများအားဖြင့် မိန်းကလေးတွေက Cellulite Cream က အညွှန်းမှာ ဖော်ပြထားတဲ့အတိုင်း အရေပြားရဲ့ အလှကို ပျက်စီးစေတဲ့ ပိုလျှံနေတဲ့အဆီပိုတွေ၊ အဆီခဲတွေကို ချေဖျက်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ တကယ်တမ်းတော့ ပြဿနာကို ခေတ္တမျှသာဖုံးကွယ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီလိုပြဿနာမျိုးကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နေ့စဉ်နေထိုင်မှုဘဝနဲ့ စားသောက်မှုပုံစံကို ပြောင်းလဲပစ်ဖို့ပဲ ဖြစ်ပါတယ်။ အသင့်စားအစားအစာတွေ လုံးဝ ဖြတ်တောက်ပစ်လိုက်ပါ။ အဆီများတဲ့ အစားအစာ၊ အငံဓာတ်လွန်ကဲတဲ့အစားအစာတွေ ရှောင်ရှားပါ။ အားလုံးသိကြတဲ့အတိုင်း Cellulite ဆိုတာက ဘာမှမဟုတ်ပါဘူး။အရေပြားပေါ်မှာ မညီမညာနဲ့ဖောင်းကြွနေတဲ့ အဆီခဲလေးတွေမျှသာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။ ရေများများသောက်ပေးပါ။

တိုနာ
တိုနာဆိုတာလည်း တကယ်တမ်းမလိုအပ်တဲ့ အပိုပစ္စည်းတစ်ခုမျှသာ ဖြစ်ပါတယ်။ ပထမဆုံး မျက်နှာသစ်ဆပ်ပြာနဲ့ သန့်ရှင်းရေးလုပ်ပါတယ်။ ပြီးမှ အရေပြားအတွင်းပိုင်းမှာ ကျန်နေသေးတဲ့ အညစ်အကြေးတွေကို တိုနာသုံးပြီး သန့်ရှင်းရေးလုပ်ကြပါတယ်။ တကယ်တော့ အခုခေတ်လို မျက်နှာသစ်ဆပ်ပြာ ကောင်းကောင်းသုံးနေတဲ့အခါ တိုနာဆိုတာ မလိုအပ်တော့တဲ့ ပစ္စည်းတစ်ခုပါပဲ။ နောက်ဆုံး တိုနာအများစုက အရေပြားကို ခြောက်သွေ့သွားစေနိုင်ပါတယ်။ မျက်နှာအပေါ်ယံ အရေပြားပေါက်လေးတွေကိုသာ ကျဉ်းမြောင်းသေးငယ်သွားစေပေမယ့် အတွင်းပိုင်းမှာတော့ နဂိုအတိုင်းသာ ကျန်ရှိနေပါတယ်။

ရေချိုးဆပ်ပြာ
ရေချိုးဆပ်ပြာဂျယ်ကလည်း အလှအပပစ္စည်းတွေထဲမှာ လုံးဝ မလိုအပ်လှတဲ့ ပစ္စည်းတစ်ခုပါဘဲ။ အဲဒါဆို ဘာသုံးရမလဲဆိုတာကလည်း မေးခွန်းထုတ်ချင်စရာပါဘဲ။ ရေချိုးဆပ်ပြာဂျယ်အစား သံလွင်ဆီနဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာလိုမျိုးသုံးစွဲနိုင်ပါတယ်။ သံလွင်ဆီမှာ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေ များစွာပါဝင်ပြီး အသားအရေကို နူးညံ့သွားစေနိုင်ပါတယ်။ ပြီးတော့ ရေချိုးဆပ်ပြာဂျယ်အများစုက Diethanolamine, Laury, Sulphate ပါရာဘင်းတို့လို အရေပြားအတွင်းပိုင်းက သွေးကြောလေးတွေထဲ စိမ့်ဝင်သွားစေပြီး ဦးနှောက်နဲ့ အတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းတွေကို ဒုက္ခပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။

ခြေ/လက်လိမ်းခရင်မ်
စီးပွားရေးကြော်ငြာတွေရဲ့ Marketing နည်းပညာကတော့ မယုံကြည်နိုင်လောက်အောင်ပါဘဲ။ အလှအပက လူတွေအပေါ်လွှမ်းမိုးမှုကြီးမားလာတာနဲ့အမျှ ၄င်းတို့က လူတွေရဲ့စိတ်ဝင်စားမှုကို လိုက်ပြီး လူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မတူညီတဲ့အလျောက် မတူညီတဲ့အလှအပအသုံးအဆောင်တွေ လိုအပ်ပါတယ်ဆိုပြီး ဆွဲဆောင်လာပါတော့တယ်။ တစ်ချို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ပိုပြီး ဂရုစိုက်မှု လိုအပ်ပါတယ်။ ဥပမာ မျက်နှာလိုမျိုးပေါ့။ ဒါပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးအတွက်ကတော့ ပစ္စည်းတစ်မျိုးတည်းကို အသုံးပြုနိုင်ပါတယ်။ အလှဆီက ခန္ဓာကိုယ်နေရာတိုင်းကို အစိုဓာတ်ဖြည့်ပေးနိုင်ပြီး လက်အတွက်က Hand Cream ခြေထောက်အတွက်က Foot Cream ဆိုပြီး ခွဲခြားအသုံးပြုနေစရာ မလိုအပ်ပါဘူး။

ခန္ဓာကိုယ်ကြေးချွတ်ပစ္စည်းဆိုတာ အလွယ်တကူရရှိနိုင်၊ အိမ်မှာတင် လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ သကြား၊ ဆား၊ Baking Soda ၊ ကော်ဖီ၊ လက်ဖက်စိမ်း အစရှိတာတွေပါဘဲ။ အဲဒီတော့ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ကြေးချွတ်ပစ္စည်းတွေကို ဈေကြီးကြီးပေးဝယ်မလား ဒါမှမဟုတ် သဘာဝပစ္စည်းလေးတွေသုံးပြီး ကြေးချွတ်မလားဆိုတာကတော့ ကိုယ်ကိုယ်တိုင် ရွေးချယ်ရမှာဖြစ်ပါတယ်။

နှုတ်ခမ်းပေါင်းဆေး
နှုတ်ခမ်းသားက အဆီကို မထုတ်လုပ်သလို အမြဲခြောက်သွေ့မှုကို ခံစားရပါတယ်။ ၄င်းအသားအရေက ပါးလွှာတဲ့အတွက် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အလှကုန် ပစ္စည်းထုတ်လုပ်သူအများစုက နှုတ်ခမ်းသားလေးကို ရေဓာတ်ပြည့်ဝပြီးစိုပြေနေစေဖို့ တစ်ခုတည်းသော နည်းလမ်းက Lip Blam နှုတ်ခမ်းသားပေါင်းဆေးဖြစ်ကြောင်း အခိုင်အမာပြောထားပါတယ်။ တကယ်တမ်းတော့ နှုတ်ခမ်းသားလေးစိုပြေဖို့က နှုတ်ခမ်းပေါင်းဆေးမဟုတ်ဘဲ တစ်ခြားနည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ အဲဒါကတော့ အားလုံးသိတဲ့ သံလွင်ဆီ၊ ပျားဖယောင်း တို့ပဲဖြစ်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment