အိပ်မက်တွေလက်တွေ့ဖြစ်စေဖို့









ကိုယ့်မှာ မြင့်မားတဲ့အိပ်မက်တွေရှိပြီး အဲဒီအိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်လာဖို့ ဘယ်လို လုပ်ရမလဲလို့ တစ်ခါတလေ ဝေခွဲမရဖြစ်တတ်ပါတယ်။ မျှော်လင့်ချက်အိပ်မက်ဆိုတာ ဘယ်အချိန်ပဲဖြစ်ဖြစ် အကောင်အထည်ဖော်ဖို့ နောက်မကျတဲ့အရာဖြစ်ပါတယ်။ အသက်ကြီးမှ၊ အသက်ငယ်သေးတယ် စသည်ဖြင့် အကြောင်းပြချက်တွေလည်း မရှိပါဘူး။ ကိုယ့်ရဲ့မျှော်လင့်ချက်အိပ်မက်တွေ လက်တွေ့ ဘ၀ထဲရောက်လာဖို့အတွက် အသင့်တော်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အနားယူဖို့လည်း မမေ့ပါနဲ့
ကိုယ့်မှာကြီးမားတဲ့မျှော်လင့်ချက်အိပ်မက်တွေရှိတာ ကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ ကြိုးစားရမှာဖြစ်ပေမယ့် ကိုယ့်ဘ၀ရဲ့ခြေလှမ်းတွေကိုလည်း ဟန်ချက်ညီမျှဖို့ လိုအပ်ပါတယ်။ အိပ်မက်တွေအကောင်အထည်ပေါ်လာဖို့ကြိုးစားရာမှာ ကိုယ်ကိုယ်တိုင်လန်းဆန်းတတ်ကြွပြီး ကျေနပ်ပျော်ရွင်နေဖို့ အရေးကြီးတာကြောင့် ကိုယ့်ကိုယ်ကိုယ် အပန်းဖြေဖို့လည်းလိုအပ်ပါတယ်။ နောက်ပြီး ဘ၀မှာအရေးကြီးတဲ့တခြားအလုပ်တွေ လုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။

ငယ်စဉ်ကြီးလိုက်သွားရမယ်
အိပ်မက်တွေ အကောင်အထည်ဖော်ရာမှာ ဆန္ဒမစောဖို့လည်း အရေးကြီးပါတယ်။ အဲဒီလို အကောင်အ ထည်ဖော်ရမှာ ကိုယ့်စိတ်ကိုကိုယ် တွန်းအားပေးနိုင်ဖို့အတွက် သေးငယ်တဲ့အိပ်မက်တွေကို အရင်ဆုံး အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ဒါမှ အိပ်မက်တွေလက်တွေ့ဖြစ်လာပြီဆိုပြီး ကိုယ့်စိတ်ကိုကိုယ် တွန်းအားပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို တွန်းအားတွေက အိပ်မက်ကြီးတွေကို အကောင် အထည်ဖော် ရာမှာ အခြေခံအကျဆုံးအချက်တွေဖြစ်လာနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်ပါ
ကိုယ့်ကိုယ်ကိုယ် တွန်းအားဖြစ်လာအောင် ကြိုးစားပြီးတဲ့နောက် အရေးကြီးတဲ့အချက်ကတော့ အိပ်မက် တစ်ခု အကောင်အထည်ပေါ်သွားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ်ချီးကျူးဖို့ပါပဲ။ ဒီလိုကိုယ့်ကိုယ်ကိုယ် ချီးကျူး ရာမှာ ငွေကြေးအကုန်အကျခံပြီး အောင်ပွဲခံစရာမလိုဘဲ ကိုယ့်စိတ်ထဲမှာ အဲဒီအောင်မြင် သွားတဲ့ အလုပ်နဲ့ပတ်သက်လို့ ပျော်ရွှင်ဂုဏ်ယူတာပဲဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးအချက်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် လန်းဆန်းတက်ကြွအောင် လုပ်ဆောင်ရာမှာလည်း တစ်နည်းတစ်ဖုံပါဝင်ပတ်သက်နေပါတယ်။

လက်တွေ့လုပ်ဆောင်ပါ
အောင်မြင်မှုရဖို့နည်းလမ်းတွေမှာ ဒီအချက်ကလည်း အရေးပါတဲ့အချက်တစ်ခုအဖြစ် ပါဝင်နေပါတယ်။ ကိုယ့်ရဲ့အိပ်မက်တွေက ဘယ်လောက်ပဲသေးငယ်ပါစေ အဲဒီအိပ်မက်တွေကို ဂရုတစိုက်ဖြည့်ဆည်း လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီလိုလုပ်ဆောင်လာတာနဲ့အမျှ ကိုယ့်ရဲ့အိပ်မက်တွေကလည်း တဖြည်းဖြည်း လက်တွေ့ဖြစ်ပေါ်လာဖို့ ပိုမိုနီးစပ်လာပါလိမ့်မယ်။ ဘ၀ဆိုတာ အမြဲတမ်းရှုပ်ထွေးနေတတ်ပေမယ့် တကယ်လို့ ကိုယ့်ဘက်ကလက်တွေ့လုပ်ဆောင်မှုမရှိခဲ့ရင် စိတ်အားတတ်ကြွမှုဆိုတဲ့ခံစားမှုလည်း ဆုံးရှုံးသွားမှာသေချာပါတယ်။

ရွေးချယ်စူးစိုက်လုပ်ပါ
အိပ်မက်တွေလက်တွေ့ဖြစ်လာဖို့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ ကိုယ့်ရဲ့အိပ်မက်တွေကို အသေအချာမှတ်သားထားဖို့ပါပဲ။ ကိုယ့်စိတ်ထဲမှာ ဘာလိုချင်သလဲဆိုတာ ပြောင်းလဲလို့ရပေမယ့် အဲဒီအိပ်မက်တွေမကြာခဏပြောင်းလဲနေမယ်ဆိုရင်တော့ ဘယ်တော့မှ လက်တွေ့ဖြစ်လာမှာလည်း မဟုတ်ပါဘူး။ အဲဒီနေရာမှာ ကိုယ်ဖြစ်ချင်တဲ့အိပ်မက်ကို သေချာရွေးချယ်ရမှာဖြစ်ပြီး အဲဒီ ကိုယ်ရွေးချယ်လိုက်တဲ့ရည်မှန်းချက်ပြည့်မြောက်လာအောင် စူးစိုက်လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။

တစ်သမတ်တည်း လေ့လာပါ
ကိုယ့်ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တစ်သမတ်တည်း စူးစမ်းလေ့လာတာကလည်း အရေးကြီးပါတယ်။ ကိုယ့်အိပ်မက်တွေနဲ့ပတ်သက်လို့ စူးစမ်းလေ့လာရ မှာဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားနေတဲ့လူတွေဟာ လေ့လာစူးစမ်းမှုကို အမြဲတမ်းဆုပ်ကိုင် ထားလေ့ရှိပြီး သူတို့ရဲ့စွမ်းဆောင်ရည်တွေတိုးတက်အောင် အမြဲတမ်းကြိုးပမ်းလေ့ရှိပါတယ်။ ကိုယ့်ဘက်ကလည်း သူတို့ကိုစံပြပုဂ္ဂိုလ်အဖြစ်သဘောထားပြီး ကြိုးစားမယ်ဆိုရင် အမှားရှိလာမှာမဟုတ်ပါဘူး။

အိပ်မက်တွေကိုချရေးပါ
ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို စာအုပ်ထဲမှာချရေးခြင်းအားဖြင့် ကိုယ်ဘာဖြစ်ချင်သလဲဆိုတာ ကိုအတိ အကျသိရှိနိုင်မှာဖြစ်ပါတယ်။ သေးငယ်တဲ့အိပ်မက်တွေကိုလည်း အရေးတယူမှတ်သားထားရမှာဖြစ်ပြီး ကိုယ်က အဲဒီအိပ်မက်ပြည့်သွားပြီဆိုရင် အမှတ်ခြစ်ပေးခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း တွန်းအားပေးရာရောက်နိုင်ပါတယ်။

အိပ်မက်အကြောင်းများများပြောပေးပါ
ကိုယ့်ရဲ့မျှော်လင့်ချက်အိပ်မက်တွေနဲ့ပတ်သက်လို့ ဘယ်လောက်ယုံကြည်မှုရှိသလဲဆိုတာကို တခြားသူတွေဆီ ပြောပြဖို့လည်းလိုအပ်ပါတယ်။ နောက်ပြီး အဲဒီအိပ်မက်တွေတကယ်ဖြစ်လာဖို့ ကိုယ်ဘာတွေလုပ်နေသလဲဆိုတာလည်း သူတို့ကိုပြောဖို့မမေ့ပါနဲ့။ ဒါဟာ တခြားသူတွေရဲ့စိတ်ထဲမှာ ကိုယ့်ကိုတစ်မျိုးထင်စေနိုင်ပေမယ့် ကိုယ့်ဘက်ကလည်း အိပ်မက်တွေနဲ့ပတ်သက်လို့ သတ္တိရှိရှိနဲ့ ရှေ့ဆက်သွားဖို့လိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဖိအားသိပ်မပေးပါနဲ့
ဘ၀ဆိုတာ တိုက်ပွဲတစ်ပွဲလို အမြဲတမ်းဖိအားတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဖိအားအရမ်းပေးလွန်းရင်လည်း လွတ်သွားတတ်ပါတယ်။ ဖိအားကို တွန်းအားတစ်ရပ်ဖြစ်လာအောင် ကိုယ့်ဘက်ကပြောင်းလဲရယူရမှာဖြစ်ပြီး ပထမဆုံးလုပ်ရမှာကတော့ လွယ်ကူတဲ့အိပ်မက်တွေကို ဖြည့်ဆည်းရမှာဖြစ်ပါတယ်။

ကိုယ်လုပ်နိုင်တယ်ဆိုတာ ယုံကြည်ပါ
စိတ်အားတက်ကြွနေအောင် အမြဲတမ်းပြုလုပ်ဖို့က အတော်လေးခက်ပါတယ်။ ဒါပေမဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ပထမခြေလှမ်းအဖြစ် ဒီအိပ်မက်တွေကိုတကယ်လုပ်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ် ကိုယ်ယုံကြည်ထားဖို့ပါပဲ။ သံသယနဲ့ ထိတ်လန့်ကြာက်ရွံ့မှုတွေက ဘ၀ရဲ့သာမန်အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ကျရှုံးမှုဆိုတာကလည်း အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက်အရာမဟုတ်ဘူးဆိုတာ လက်ခံထားရပါမယ်။ ဒါတွေဟာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ရပ်သာဖြစ်ပြီး ကိုယ်ကိုယ်တိုင်လည်း ဘ၀မှာအနိမ့်အမြင့်အတက်အကျတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကတော့ အမြဲတမ်းထားရှိဖို့ လိုအပ်ပါတယ်။ တစ်နေ့နေ့မှာ အိပ်မက်တွေလက်တွေ့အကောင်အထည်ပေါ်လာမယ်လို့ ယုံကြည်ထားဖို့က အရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။
သွင်ဖြိုး


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment