ကိုယ်ကာယလေ့ကျင့်ခန်းဆိုတာ
ကျန်းမာရေးရှုထောင့်အနေနဲ့ရော အလှအပရှုထောင့်အနေနဲ့ပါ လူတိုင်း လုပ်ဆောင်သင့်တယ်လို့ အားလုံးကပြောကြမှာသေချာပါတယ်။
ဒါပေမဲ့ တစ်ခါတလေကျရင် ပုံမှန် လုပ်ဆောင်နေကြ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ဆောင်ဖို့
အခြေအနေမပေးတဲ့ကိစ္စမျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ တစ်ခါတလေ လေ့ကျင့်ခန်းလုပ်တာကို
အပျက်ခံခဲ့ရင် ကိုယ့်ဘက်က ခက်ခက်ခဲခဲကြိုးစားစရာမလိုတော့တာတွေဖြစ်လာနိုင်ပါတယ်။ တစ်နေ့တာမှာ
အရမ်းအလုပ်များနေရင်၊ စိတ်ထဲနေလို့သိပ်မကောင်းဘူးလို့ ခံစားနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်လေ့ကျင့်ခန်းလုပ်ရမယ်ဆိုပြီး
ဖိအားမပေးသင့်ပါဘူး။ ဒီတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်နေသူတွေအတွက် အကျိုးများရအောင်
လမ်းညွှန်ပေးချင်ပါတယ်။
ဖျားနာခြင်း
ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်နေတာကို
ကျော်လွှားသင့်တဲ့အကောင်းဆုံးအချိန်ကတော့ ဖျားနာနေတဲ့ အချိန်ပါပဲ။ နေမကောင်းဘဲ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်
ကောင်းကျိုးထက် ဆိုးကျိုးက ပိုများ လာမှာဖြစ်သလို ကိုယ်က အအေးမိဖျားနာလို့ နှာခေါင်းပိတ်
ချောင်းဆိုးနေချိန်မှာ လေ့ကျင့်ခန်းလုပ်မယ် ဆိုရင် ချောင်းပိုဆိုးစေနိုင်ပါတယ်။ တကယ်လို့
စိတ်ထဲမှာ နေလို့ထိုင်လို့သိပ်မကောင်းသေးဘူးလို့ ခံစားနေရသေးရင် ပုံမှန်လေ့ကျင့်ခန်းတွေကိုလည်း
ဖျက်ဖို့ဝန်မလေးပါနဲ့။ အဲဒီလိုအနားယူခြင်းအားဖြင့် ပုံမှန်လေ့ကျင့်ခန်းမလုပ်လို့ ခန္ဓာကိုယ်ထဲမှာကျန်ရှိနေတဲ့
အားအင်တွေက ကိုယ့်ရဲ့အဖျားရောဂါဝေဒနာကို တိုက်ထုတ်ဖို့အကောင်းဆုံးခွန်အားဖြစ်လာနိုင်ပါသေးတယ်။
ပြင်ပဒဏ်ရာရရှိမှု
ဒါကတော့ သိသာထင်ရှားပါတယ်။
ထိခိုက်ရှနာတာ၊ ကြွက်သားနာကျင်တာတွေကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေကို ဆက်လုပ်ဖို့မသင့်တော်ဘူးလို့
ခံယူရမှာဖြစ်ပါတယ်။ ဒီလို ပြင်ပဒဏ်ရာရရှိနေတဲ့ကြားက လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကိုယ်ပဲပိုမိုနာကျင်ခံစားရမှာဖြစ်ပါတယ်။
အိပ်ရေးပျက်ခြင်း
တကယ်လို့
ကိုယ်က အိပ်ရေးပျက်နေမယ်ဆိုရင်လည်း အပြေးလေ့ကျင့်ခန်းလုပ်တာမျိုးတွေကို ရှောင်သင့် ပါတယ်။
အခုလို ပြင်းထန်တဲ့ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်တော့မယ်ဆိုရင် ကိုယ်ခံအားပြည့်ဝနေစေဖို့ အတွက်
အနည်းဆုံးတော့ အိပ်ရေး၀၀အိပ်ထားရမှာဖြစ်ပါတယ်။ အိပ်ရေးမ၀ဘဲလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်
အကျိုးရလဒ်က မျှော်လင့်ထားသလို အကောင်းဆုံးဖြစ်လာမှာမဟုတ်ဘဲ ကိုယ်ကလည်း ပိုမိုပင် ပန်းနွမ်း နယ်သွားမှာသေချာပါတယ်။
တကယ်လို့ ကိုယ်ကအိပ်ရေးဝနေရင်တောင်မှ လေ့ကျင့်ခန်းလုပ်တဲ့အခါ သက်သောင့်သက်သာမရှိဘူးလို့ခံစားရရင်
ဆရာဝန်နဲ့ဆွေးနွေးပြသတိုင်ပင်သင့်ပါတယ်။
အပြေးပြိုင်ပွဲတွေ
ပါဝင်ယှဉ်ပြိုင်ပြီးချိန်
လွတ်လပ်ရေးနေ့လို
ပျော်ပွဲရွှင်ပွဲမျိုးတွေမှာ အပြေးပွဲစဉ်တွေလို ကိုယ်ကာယအားသုံးတဲ့ အားကစား ပြိုင်ပွဲတွေမှာ
ပါဝင်ယှဉ်ပြိုင်ပြီးရင် အဲဒီနေ့အတွက် လုပ်ရမယ့်လေ့ကျင့်ခန်းတွေကို ရှောင်သင့်ပါတယ်။
အထူးသဖြင့် မာရသွန်လို တာဝေးအပြေးပြိုင်ပွဲတွေပါဝင်ယှဉ်ပြိုင်ပြီးသွားရင်တော့ အနားယူဖို့
လိုအပ်နေပါလိမ့်မယ်။
အလုပ်များလွန်းခြင်း
တချို့ရက်တွေမှာ
ပုံမှန်ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့ မတတ်နိုင်လောက်အောင် အလုပ်တွေရှုပ်ပြီး ကသီကလင်နိုင်နေတတ်ပါတယ်။
ဒါတွေကနေ့တိုင်းဖြစ်နေမှာမဟုတ်တာကြောင့် တစ်ရက်တလေ ပုံမှန်လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်လည်း
ကိစ္စသိပ်မရှိပါဘူး။ အလုပ်တွေအရမ်းများလွန်းနေရင် စိတ်ပင်ပန်းမှု ဖြေဖျောက်နိုင်ဖို့အတွက်
အကောင်းဆုံးသောနည်းလမ်းကတော့ ကိုယ်ကာယလေ့ကျင့်ခန်းတွေမလုပ်ဘဲ သူငယ်ချင်းတွေနဲ့အတူ အချိန်ဖြုန်းတာပဲဖြစ်ပါတယ်။
ပွန်းပဲ့ဒဏ်ရာရနိုင်တာမျိုး
ကြိုပြင်ထားပါ
လေ့ကျင့်ခန်း
စတင်ပြုလုပ်ပြီးခါစမှာပဲဖြစ်ဖြစ် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်နေတာကနေ ဒီထက်ပိုပြင်းထန်တဲ့ အဆင်မျိုး
တက်ချင်လို့ပဲဖြစ်ဖြစ် အဲဒီအခါမှာ ကိုယ်လက်နာကျင်တာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီလိုအချိန်မှာ
စိတ်ဓာတ်မကျဘဲ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးပါမှ နောက်ပိုင်းရောက်ရင် နာတာကျင်တာတွေမရှိတော့မှာဖြစ်ပါတယ်။
တကယ်လို့ ကိုယ်လက်ကိုက်ခဲတာက ပုံမှန်ထက် ပိုမိုပြင်းထန်နေမယ်ဆိုရင်တော့ ကိုယ်အဆင့်မြှင့်တင်လိုက်တဲ့
လေ့ကျင့်ခန်းအသစ်က အရမ်းပြင်းထန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ့်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို
ပြန်လည်ဆန်းစစ်လေ့လာဖို့ လိုအပ်နေပြီဆိုတာ နားလည်ရပါလိမ့်မယ်။
တခြားအရေးကြီးအလုပ်တွေ
လုပ်ဆောင်ပြီးသွားချိန်
တစ်နေ့တာလုံး
ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြီဆိုရင်တော့ အဲဒီနေ့အတွက် လုပ်ရမယ့်လေ့ကျင့်ခန်းတွေကို
ရှောင်လိုက်တာအကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့ အလုပ်ကိုအသွား၊ ကားလမ်းပိတ်မှုပြဿနာကြောင့်
စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဆိုရင် အိမ်ရောက်တာနဲ့ ခြေပစ်လက်ပစ်အနားယူလိုက်သင့်ပါတယ်။
နောက်ပြီး တစ်နေ့တာအတွက် ခန္ဓာကိုယ်အားပြုလုပ်ကိုင်ရမယ့်အလုပ်တွေရှိရင်လည်း အဲဒီနေ့မှာ
ပုံမှန်လေ့ကျင့်ခန်းလုပ်တာကို ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို
ကိုယ်က အတတ်နိုင်ဆုံးထိန်းသိမ်းစောင့်ရှောက်နိုင်ရင် ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေက
အကျိုးရှိလာမှာ သေချာပါတယ်။
အဆုံးသတ်အနေနဲ့
ကောက်ချက်ချရရင် တစ်ရက်လောက်လေ့ ကျင့်ခန်းပျက်သွားတာကို သေမလောက်ကြောက်တဲ့စိတ်မျိုးမထားဖို့
အရေးကြီးပါတယ်။ ဒါဟာ ကိုယ်တစ်ယောက်တည်းမှာမှ ကွက်ဖြစ်တာမဟုတ်ဘဲ လူတိုင်းမှာဖြစ်နိုင်တာကိုထည့်တွက်ရင်
စိတ်သက်သာရာရပါလိမ့်မယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment