ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းလေးတစ်စုံဖြစ်ဖို့ မျက်တောင်ကော့ဆေး ဘယ်လိုသုံးမလဲ...












မိန်းကလေးတစ်ယောက်ကို ပထမဆုံးကြည့်လိုက်ရင် သတိထားမိဆုံးအရာက မျက်ဝန်းတစ်စုံပါ။ မျက်ဝန်းတစ်စုံက လူတစ်ယောက်ကို မှတ်မိလွယ်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လုံးဝိုင်းတဲ့မျက်ဝန်း၊ ရှည်သွယ်တဲ့မျက်ဝန်း၊ အနည်းငယ်မှေးနေတဲ့မျက်ဝန်း၊ ပြူးနေတဲ့မျက်ဝန်း၊ အခုလို အလှအပရေးရာတွေ ပေါများလာတဲ့ခေတ်ကြီးမှာတော့ ဘယ်လိုမျက်ဝန်းမျိုးဖြစ်နေပါစေ ရုပ်ဆိုးတဲ့မျက်ဝန်းတွေ လှပလာအောင်၊ နဂိုလှပပြီးသား မျက်ဝန်းတွေ ပိုပြီးလှသည်ထက်လှလာအောင် ဖန်တီးပေးနိုင်တဲ့ အကူပစ္စည်းတွေရှိ လာပါပြီ။ အဲဒီထဲကတစ်ခုကတော့ မျက်တောင်ကော့ဆေးပါ။ မျက်တောင်ကော့ဆေးက အလွယ် တကူသုံးလို့ရပေမယ့် Eye Shadow, Eye Liner တို့နဲ့ တွဲဖက်သုံးစွဲမယ်ဆိုတဲ့အခါ ဘယ်ပစ္စည်း အရင်သုံးမလဲဆိုတာက စဉ်းစားစရာဖြစ်လာပါပြီ။

ဘာအရင်သုံးမလဲ
မျက်တောင်ကော့ဆေးမသုံးခင် Eye Shadow ကို ဦးစွာသုံးဖို့ လိုပါတယ်။ အဲဒါမှ Eye Shadow အမှုန်လေးတွေက မျက်တောင်ကော့ဆေးအပေါ်မကျဘဲ မျက်တောင်ကိုပျစ်ခဲခြင်းကင်းစေပြီး မျက်တောင်တစ်ချောင်းချင်းကို ရှည်လျားလှပစေပါလိမ့်မယ်။
မျက်တောင်ကော့ပါ
မျက်တောင်ကော့ဆေးမသုံးခင်မှာ မျက်တောင်ကော့ပေးဖို့ လိုပါတယ်။ အဲဒါမှ မျက်ဝန်းကိုပိုပြီး ကျယ်ပြန့်သွားသယောင် ထင်ရစေပါလိမ့်မယ်။ မျက်တောင်ကော့ဆေးသုံးပြီးမှ မျက်တောင်မကော့မိဖို့ သတိပြုပါ။ အဲဒီလိုပြုလုပ်ခြင်းက မျက်တောင်တွေကို သဘာဝမကျဖြစ်စေပါတယ်။
ဘယ်လိုသုံးမလဲ
ရှည်လျားကော့ညွတ်ပြီး သဘာဝကျတဲ့ မျက်တောင်လေးတွေ ပိုင်ဆိုင်ဖို့အတွက် မျက်တောင်ကော့ဆေးသုံးတဲ့အခါ မျက်တောင်အရင်းမှအဖျားထိ တစ်ချက်တည်း ဆွဲတဲ့အနေအထားကို အသုံးပြုပါ။
မျက်တောင်တွေကပ်ညှိနေတဲ့အခါ
တစ်ခါတရံမှာ မျက်တောင်ကော့ဆေးကြောင့်ဖြစ်စေ၊ သုံးစွဲပုံ မမှန်ကန်တဲ့အတွက်ကြောင့်ဖြစ်စေ မျက်တောင်တွေက တစ်ခုနဲ့ တစ်ခု ရှုပ်ထွေးပြီး ကြည့်ရဆိုးစေပါတယ်။ ဒီလိုအခြေအနေမျိုးအတွက်ကတော့ မျက်တောင်ဖီးနိုင်တဲ့ ဘရပ်ရှ်အသေးစားလေးနဲ့ ရှုပ်ထွေးနေတဲ့ မျက်တောင်တွေကို ရှင်းလင်းနိုင်ပါတယ်။
ရှည်လျားတဲ့မျက်တောင်လေးတစ်စုံ ပိုင်ဆိုင်ချင်တယ်ဆိုရင်
ရှည်လျားကော့ညွတ်ပြီး ထင်ရှားတဲ့မျက်တောင်လေးတစ်စုံ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အနက်ရောင်မျက်တောင်ကော့ဆေးကိုသာ ရွေးချယ်ပါ။ အနက်ရောင်ကသာ မျက်တောင်တွေကို ထင်ရှားပေါ်လွင်စေပါလိမ့်မယ်။
မျက်တောင်ပါးသူတွေအနေနဲ့
မျက်တောင်ပါးသူတွေအနေနဲ့လည်း မျက်တောင်တုတပ်စရာ မလိုပါဘူး။ မျက်တောင်ကော့ဆေး မသုံးခင်မှာ Eye Shadow အမှုန့် အနည်းငယ်သုံးပေးလိုက်ပါ။ မျက်တောင်များကို ထူထဲသွားသယောင် ဖြစ်စေပါလိမ့်မယ်။
မျက်တောင်ကော့ဆေး တာရှည်ခံဖို့အတွက်
တာရှည်ခံပြီး မဲနက်ရှည်လျားတဲ့ မျက်ဝန်းလေးတစ်စုံ ပိုင်ဆိုင်နိုင်ဖို့အတွက် မျက်တောင်ကော့ဆေး မသုံးခင်မှာ Base Coat ဒါမှမဟုတ် Lash Primer တို့ကို ဦးစွာသုံးပေးပါ။ Primer အစား သာမန်သုံးနေကျ Eye Cream ကိုလည်း မျက်တောင်မှာ လိမ်းပေးနိုင်ပါတယ်။ ခြောက်သွေ့သွားမှ မျက်တောင်ကော့ဆေး သုံးလိုက်တဲ့အခါ မျက်တောင်ကော့ဆေးကြောင့် မျက်တောင်နဲ့ မျက်ခုံးအရေပြားထိခိုက်မှုကို သက်သာစေပါလိမ့်မယ်။
မျက်ဝန်းထောင့်ကိုမမေ့ဖို့ အရေးကြီးတယ်
မျက်တောင်ကော့ဆေး ပထမအဆင့်သုံးပြီးတဲ့အခါ မျက်လုံးကို အနည်းငယ်မှိတ်ပြီး မျက်ဝန်းရဲ့ အပြင်ဘက်ထောင့်စွန်းကို နောက်တစ်ကြိမ်အနည်းငယ်သုံးပေးဖို့ လိုပါတယ်။
ရေစိုခံမျက်တောင်ကော့ဆေး နေ့တိုင်းအသုံးမပြုပါနဲ့
ရေစိုခံမျက်တောင်ကော့ဆေးကို နေ့တိုင်းမသုံးစွဲဖို့လိုပါတယ်။ အဲဒီလိုမျက်တောင်ကော့ဆေးက ဖျက်တဲ့အခါ အချိန်ယူရပြီး အနည်းငယ်အားစိုက်ရတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ မျက်လုံးနဲ့ မျက်ဝန်းတစ်ဝိုက် နူးညံ့တဲ့အရေပြားကို ထိခိုက်လာစေနိုင်သလို မျက်ဝန်းတစ်ဝိုက်အရေးအကြောင်းတွေပါ ဖြစ်ပေါ်စေပါလိမ့်မယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment