အလှအပအကြောင်းပြောမယ်ဆိုရင်
မျက်ခုံးမွေးလေးတွေကလည်း မပါမဖြစ်ပါ။ မျက်နှာပေါ်မှာ သိပ်မထင်ရှားလှတဲ့ မျက်ခုံးမွေးလေးတွေက
အလှအပနဲ့ပတ်သက်ပြီး ဘာမှအရေးမပါဘူးလို့ ထင်စရာ ရှိတယ်။ ဒါပေမဲ့ အဲဒီမျက်ခုံးမွေးပုံစံကပဲ
လူတစ်ယောက်ရဲ့မျက်နှာအနေအထားကို ပြောင်းလဲသွားစေ တာပါ။ မျက်ခုံးမွေးလေးတွေက မျက်ဝန်းကို
ပုံစံချပေးတယ်။ ကိုယ့်ရဲ့စိတ်ထဲက ခံစားချက်ကို ဖော်ပြရာမှာ ထောက်ပံ့ပေးတယ်။ အဲဒီတော့
လှပပြီးဆွဲဆောင်မှုရှိတဲ့ မျက်ခုံးမွေးလေးပိုင်ဆိုင်ဖို့ ဘယ်လိုထိန်းသိမ်းကြမလဲ။
ပုံကြီးချဲ့မှန်အသုံးမပြုပါနဲ့
မျက်နှာကို
မိတ်ကပ်ခြယ်သတဲ့အခါဖြစ်စေ ကိုယ်တိုင်မျက်နှာအစိတ်အပိုင်းတစ်ခုခုကို ခြယ်သတဲ့ အခါ ပုံကြီးချဲ့မှန်ကို
မသုံးမိပါစေနဲ့။ အလင်းရောင်ကောင်းကောင်း မြင်ရတဲ့နေရာမှာ သာမန်မှန်ကိုသာ အသုံးပြုပါ။
ပုံကြီးချဲ့ကြည့်မှန်တွေက မျက်နှာအစိတ်အပိုင်းကို ပိုပြီး ကြီးမားသွားစေပြီး မျက်ခုံးအလှခြယ် သတဲ့အခါဖြစ်စေ၊
မျက်ခုံးမွေးနှုတ်၊ စိုက်တဲ့အခါဖြစ်စေ လွဲချော်သွားတတ်စေပါတယ်။ အဲဒါကြောင့် ပထမဆုံးအနေနဲ့
ပုံမှန်မှန်ကိုသာ အသုံးပြုပေးဖို့သတိရပါ။
ဇာဂနာကောင်းကောင်း အသုံးပြုပါ
မျက်ခုံးရဲ့အလှအပက
ကိုယ်အသုံးပြုတဲ့ ဇာဂနာပေါ်မှာလည်း မူတည်ပါတယ်။ အဲဒါကြောင့် မျက်ခုံးမွေးနှုတ်တဲ့အခါ
ဇာဂနာကောင်းကောင်းကိုသာ သုံးပေးဖို့လိုပါတယ်။ ထိပ်ဖျားမသေမသပ်ဖြစ်နေတဲ့ ဇာဂနာတွေက မျက်ခုံးမွေးသာမက
ဘေးမှအရေပြားကို ထိခိုက်ဒဏ်ရာ ရစေနိုင်ပါတယ်။ အဲဒါကြောင့် ချွန်ထက်ပြီးတိကျပြတ်သားတဲ့
ဇာဂနာကောင်းကောင်းကိုသာ သုံးစွဲပါ။
ဘယ်လိုပုံစံရွေးချယ်မလဲ
ဇာဂနာရွေးချယ်ပြီးနောက်မှာတော့
ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့် မျက်ခုံးပုံသဏ္ဍာန်ကို သေချာသိဖို့ လိုပါတယ်။ ကိုယ်က မျက်ခုံးမွေးခပ်ထူထူနဲ့
လိုက်ဖက်သလား ဒါမှမဟုတ် သေးသွယ်ပြီး တိကျပြတ်သားတဲ့ မျက်ခုံးပုံသဏ္ဍာန်နဲ့ လိုက်ဖက်သလား၊
ကိုယ်တိုင်ဆုံးဖြတ်ပါ။ တကယ်လို့ ဝေခွဲရခက်ခဲနေတဲ့အခါ နားလည်တဲ့အလှအပရေးရာပညာရှင်နဲ့
တိုင်ပင်ပါ။
သိပ်ပြီးအသေးစိတ်နေစရာမလို
မျက်ခုံးမွေးက
နေ့တိုင်းရိတ်နေဖို့ မလိုအပ်ပါဘူး။ ပြီးတော့ မသေသပ်ဘဲ ကျန်နေခဲ့တဲ့ အမွေးအမျှင်လေး
၂ ပင်၊ ၃ ပင်ဟာ တကယ်တော့ မျက်နှာရဲ့အလှအပကို ပျက်စီးသွားစေမှာမဟုတ်ပါဘူး။ အဲဒီအတွက်
သိပ်ပြီး အသေးစိတ်မနေပါနဲ့။
ဘယ်အချိန်မှာ မျက်ခုံးမွေးနှုတ်မလဲ
မျက်ခုံးမွေးက
ဘယ်အချိန်ဖြစ်ဖြစ် နှုတ်လို့ရတယ်လို့ ထင်စရာရှိပါတယ်။ တကယ်တမ်းတော့ ရေချိုးပြီးကာစ၊
မျက်နှာသစ်ပြီးကာစအချိန်တွေက အကောင်းဆုံးပါ။ ရေနဲ့ထိတွေ့ပြီးကာစမှာ အသားအရေက နူးညံ့ပျော့ပြောင်းနေတဲ့အတွက်
မျက်ခုံးမွေးနှုတ်တဲ့အခါ နာကျင်မှုကိုသက်သာစေပါတယ်။ အဲဒါကြောင့် မျက်ခုံးမွေးမနှုတ်ခင်မှာ
မျက်နှာသစ်ပေးတာအကောင်းဆုံးပါ။ တကယ်လို့ မျက်နှာမသစ်ရင်လည်း ရေနွေးစွတ်ထားတဲ့ အဝတ်သန့်သန့်ခပ်နွေးနွေးကို
မျက်နှာပေါ်မှာ အချိန်အနည်းငယ် အုပ်ထားပြီးမှ မျက်ခုံးအလှ ပြုပြင်နိုင်ပါတယ်။
မျက်ခုံးမွေး ဘယ်လိုနှုတ်မလဲ
မျက်ခုံးမွေးကို
ဇာဂနာသုံးပြီး နှုတ်မယ့်အခါ အဓိကနှုတ်ရမယ့် နေရာ(၃)နေရာရှိပါတယ်။ တကယ်လို့ မျက်ခုံးမွေးအတိုအရှည်
မညီညာသူများအနေနဲ့ မျက်ခုံးကို ရှင်းလင်းပေါ်လွင်စေဖို့ မျက်ခုံးမွေးအရှည်များကို နှုတ်ပေးပါ။
မျက်ဝန်းအလှကို ပိုပြီးပေါ်လွင်လိုပါက မျက်ခုံးရဲ့အောက်ခြေကို အဓိကထားပြီး နှုတ်ပေးပါ။
တကယ်လို့ မျက်ခုံးကို တိကျသေသပ်လိုသူများအနေနဲ့ကတော့ မျက်ခုံးအပေါ်ဘက်ကို အဓိကထားပြီး
နှုတ်ပေးနိုင်ပါတယ်။
တိကျတဲ့မျက်ခုံးရဲ့ ပုံသဏ္ဍာန်ဆိုတာ
မိတ်ကပ်ကျွမ်းကျင်ပညာရှင်များက
တိကျသေချာတဲ့မျက်ခုံးပုံဏ္ဍာန်က မျက်ဝန်းရဲ့အတွင်းဘက် အစွန်ဆုံးကနေစတင်ပြီး မျက်ဝန်းရဲ့အဆုံး
၎ ဒီဂရီခန့်မှာ အဆုံးသတ်ရမယ်ဆိုပြီးသတ်မှတ်ထားကြပါတယ်။
မျက်ခုံးမွှေးလေးတွေကို ဖီးပေးပါ
မျက်ခုံးမှာရှိနေတဲ့မျက်ခုံးမွေးလေးတွေကလည်း
ဆံကေသာတွေလိုပါပဲ။ ဆံကေသာထိန်းသိမ်းသလို မျက်ခုံးမွေးလေးတွေကိုလည်း ထိန်းသိမ်းဖို့လိုပါတယ်။
နေ့စဉ် မျက်ခုံးမွေးလေးတွေကို ဘီးအသေးလေးနဲ့ဖီးပေးပါ။ မျက်ခုံးတစ်ဝိုက် အရေပြားတစ်လျှောက်
သွေးလည်ပတ်မှုကောင်းပြီး မျက်ခုံးမွေးလေးတွေကို ပိုပြီး သန်စွမ်းစေပါလိမ့်မယ်။
အာဟာရဖြည့်ပေးပါ
ဆံသားလေးတွေလိုပဲ
မျက်ခုံးမွေးလေးတွေက အာဟာရဓာတ်လိုပါတယ်။ အဲဒါကြောင့် ညအိပ်ရာမဝင်ခင်မှာ သံလွင်ဆီကို
မျက်ခုံးမွေးလေးတွေပေါ်မှာ လိမ်းပြီး နှိပ်နယ်ပေးပါ။
Eyebrow Pencil ကို သုံးပေးပါ
မျက်ခုံးမွေးလေးတွေကို ရိတ်ပြီး အာဟာရဖြည့်ပေးရုံတင်
မပြီးသေးပါဘူး။ မိတ်ကပ်လိမ်းတဲ့အခါ ပိုပြီး အဆင်ပြေစေဖို့ တိကျသေချာတဲ့ မျက်ဝန်းလေးတစ်စုံပိုင်ဆိုင်ဖို့အတွက်
ကိုယ့်မျက်ခုံးအရောင်နဲ့ လိုက်ဖက်တဲ့ Eyebrow Pencil သုံးပြီး တိကျစွာပုံဖော်ပေးပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment