ကမ္ဘာပေါ်မှာ
အနက်ရှိုင်းအလေးနက်ဆုံး၊ လွှမ်းမိုးမှုအရှိဆုံးနဲ့ အရှိန်အ၀ါအကြီးမားဆုံး ဆက်ဆံရေး တစ်ခု ကိုပြောပြပါဆိုလျှင်
မိဘနဲ့သားသမီးဆက်ဆံရေးပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကောင်း ဆုံးတွေကိုပေးဆပ်သွားမယ်လို့
စဉ်းစားလိုက်တဲ့အချိန်ကစပြီး အဲဒီနှစ်ဦးကလှပတဲ့ ချစ်ခြင်းမေတ္တာကို ခံစားနေကြပါပြီ။
ဒါဟာ ချစ်သူရည်းစားတွေမှာတင်မဟုတ်ပါဘူး။ မိဘနဲ့ သားသမီးရဲ့ဆက်ဆံရေးမှာလည်း အရေးပါလှပါတယ်။
အခုပြောပြပေးမှာကတော့ သားသမီးနဲ့မိဘကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရရှိစေ ဖို့အတွက်
နည်းလမ်းလေးတွေဖြစ်ပါတယ်။
မိမိရဲ့ကလေးနဲ့
အချိန်များများကုန်ဆုံးပါ
အခုလို ယောက်ျားရော၊
မိန်းမပါ ရင်ပေါင်တန်းပြီး အလုပ်လုပ်နေတဲ့ခေတ်မှာ ကလေးတွေဟာ အဘိုး အဘွားတွေ၊ အဒေါ်တွေ၊
အိမ်အကူတွေနဲ့ ကျန်ရစ်ခဲ့ရတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကလေးရဲ့ စိတ်ထဲမှာ သူတို့မိဘတွေဟာ
သူတို့ကိုဂရုမစိုက်ဘူး၊ မချစ်မနှစ်သက်ဘူးဆိုတဲ့ စိတ်ကလေးဝင်လာ တတ်ပါ တယ်။ အဲဒါကြောင့်
ညအိပ်ရာမ၀င်ခင် အားလပ်ချိန်လေးလုပ်ပြီး ကလေးကိုပုံပြင်ပြောပြမယ်၊ တစ်နေ့ တာကျောင်းသွားရတဲ့အတွေ့အကြုံလေးတွေမေးမယ်၊
ကလေးရဲ့ သူငယ်ချင်းအကြောင်းလေးတွေမေးမယ်။ အဲဒီလိုလေးတွေပြုလုပ်ခြင်းဖြင့် သားသမီးနဲ့
အနေနီးစပ်မှုကို ပြန်လည်ရယူနိုင်ပါတယ်။
နူးညံ့စွာစကားပြောဆိုပါ
လူတိုင်းမှာ
လောဘ၊ ဒေါသ တွေရှိနေတဲ့အတွက်ကြောင့် အချိန်တိုင်းနူးညံ့ညင်သာစွာ စကားပြောဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ကလေးငယ်နဲ့ စကားပြောဆိုချိန်မှာတော့ အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ လူမှုရေး ကိစ္စကြောင့်ဖြစ်စေ၊
ဘယ်လောက်စိတ်ရှုပ်ပြီးဒေါသထွက်နေပါစေ ညင်သာစွာပြောဆိုပါ။ ဒေါသနှင့်ပြော ဆိုလိုက်မိပါက
မိမိကိုတဖြည်းဖြည်း ကြောက်ရွံ့လာပြီး ကလေးရဲ့စိတ်ထဲမှာ ဒဏ်ရာရတဲ့ အထိတောင်ဖြစ် သွားနိုင်ပါတယ်။
ကလေးအပေါ်မုန်းတီးခြင်း၊
အငြိုးထားခြင်းကိုရှောင်ရှားပါ
ကလေးကကိုယ့်ကို
မတော်တဆတစ်ခုခုလုပ်လိုက်မိလို့ဖြစ် စေ၊ ဧည့်သည်များအရှေ့မှာ တစ်ခုခုပြောမှားဆို မှားရှိမိလို့ဖြစ်စေ
ကလေးအပေါ်မုန်းတီးခြင်း၊ အငြိုးထားခြင်းကိရှောင်ရှားပါ။ မုန်းတီးမှုကြောင့် ကလေးနဲ့ ကိုယ့်ကြား
အနေအေးစေပြီး အလှမ်းဝေးနိုင်ပါတယ်။
ကလေးအပေါ်
အလိုလိုက်လွန်းခြင်းမလုပ်ပါနှင့်
မိဘတိုင်းသားသမီးကိုချစ်မြတ်နိုးတဲ့အတွက်
အလိုလိုက်ကြပါတယ်။ ကလေးက ပတ်ဝန်း ကျင်ကြောင့်ဖြစ်စေ၊
တစ်ခုခုကြောင့်ဖြစ်စေ ဆဲဆိုတတ်သွားတာတွေ၊ လူကြီးကို ကုတ်ဆွဲ၊ ကလေးသဘာဝ သူများတကာသင်ပေးထားတာလေးတွေကြောင့်
လူကြီးကိုပါးရိုက်တာ၊ လက်သီးလေးနဲ့ထိုးတာတွေက မိဘတွေ၊ အဘိုးအဘွားတွေအတွက်တော့ ချစ်စဖွယ်အမူအရာလေးတွေဖြစ်နေတတ်ပေမယ့်
သူစိမ်း အတွက်တော့ ကလေးဟာ ''ချဉ်ဖတ်''ဖြစ်သွားပါတယ်။ အဲဒါကြောင့် ဆဲဆိုတာတွေမလုပ်ဖို့၊
ရိုင်းစိုင်းတဲ့ အပြုအမူတွေမလုပ်ဖို့ကို ညအိပ်ရာဝင် နမူနာပုံပြင်လေးတွေပြောပြရင်း မိဘနဲ့သားသမီး
ပိုမိုအကျွမ်း ၀င်နိုင်ပါတယ်။
ကလေးငယ်ရဲ့
ဉာဏ်ရည်၊ အယူအဆတွေကို စောင့်ကြည့်စစ်ဆေးပါ
ကလေးတိုင်းက
ကောင်းမွန်တဲ့မိသားစုအသိုင်းအ၀ိုင်းကမွေးဖွားလာတာမဟုတ်တဲ့အတွက်ကြောင့် ကိုယ့် ကလေးနဲ့မတူတဲ့
ဆိုးသွမ်းတဲ့ကလေးတွေရှိနေနိုင်ပါတယ်။ ကလေးအချင်းချင်းပေါင်းဖက်မိပြီး သူငယ်ချင်း အဖြစ်
မကောင်းတဲ့အကျင့်စရိုက်တွေမကူးစက်လာနိုင်စေဖို့ ကိုယ့်ကလေးရဲ့ပတ်ဝန်းကျင်တိုင်းကို
သေချာစွာလေ့လာနေနိုင်ဖို့လိုအပ်ပါတယ်။
ဆုပေးသလို
ပြစ်ဒဏ်လည်းပေးပါ
ကလေးတွေက
ကျောင်းမှာဆုရလို့ဖြစ်စေ၊ ဆရာ ဆရာမက ချီးမွမ်းလိုက်လို့ဖြစ်စေ မိဘတွေကို ၀မ်းသာ အားရပြန်ပြောပြတတ်ကြပါတယ်။
အဲဒီအခါ ကလေးကိုပြန်ချီးမွမ်းပါ။ ကလေးက အဲဒီထက်ပိုကောင်းအောင် လုပ်ဆောင်ပြပါလိမ့်မယ်။
အဲဒီလိုပဲ အပြစ်တစ်စုံတစ်ခုပြုလုပ်တဲ့အခါမှာလည်း ဘာအပြစ်လုပ်လို့ ဒဏ်ပေးရတယ်ဆိုတာနားလည်အောင်ရှင်းပြပါ။
နောက်ထပ် မလုပ်ဖို့သတိပေးပါ။
ကိုယ်ကဂရုစိုက်တယ်ဆိုတာပြသဖို့အတွက်
မိမိရဲ့ကလေးနဲ့အတူ
(၂) ပတ်တစ်ကြိမ် သို့မဟုတ် တစ်လမှာ တစ်ကြိမ်လောက်အချိန်ယူပြီး ကစားကွင်း သွားတာမျိုး၊
မုန့်သွားစားတာမျိုးလုပ်ပေးပါ။ အဲဒီလိုပြုလုပ်ပေးခြင်းက ကလေးကဘာကြိုက်တယ်၊ ဘာမ ကြိုက်ဘူး၊
ဘယ်လိုစိတ်နေသဘောထားရှိတယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ အဲဒီလို အပြင်ထွက် လည် မုန့်ထွက်စားမယ့်နေ့ကို
မိမိရဲ့ ပြက္ခဒိန်မှာဖြစ်စေ၊ ဒိုယ်ယာရီမှာဖြစ်စေ မှတ်သားထားပါ။ ကလေးက မိဘနဲ့အတူ နောက်ထပ်အပြင်ထွက်ဖို့အတွက်
မျှော်လင့်နေတတ်ပါတယ်။
ကလေးနဲ့ကိုယ်
ပိုပြီးအကျွမ်းတ၀င်ရှိနေစေဖို့အတွက် ကလေးကိုသူကြိုက်တဲ့ ကာတွန်းနာမည်လေးတွေခေါ်တာမျိုး၊
မင်းသမီးနာမည်လေးတွေခေါ်တာမျိုး ပြုလုပ်ပေးပါ။ ဥပမာ- စင်ဒရဲလား လေးရေ၊ စနှိုးဝှိုက်လေးရေ၊
အွန်စောလေးရေ … စသည်ဖြင့်ပေါ့။ ကလေးကပိုမိုသဘောကျပြီး မိမိကိုပိုချစ်ခင်လာစေပါတယ်။
ကလေးအတွက်
ရုံးအလုပ်တွေနဲ့ ဘယ်လောက်ပဲမအားမလပ်ဖြစ်နေပါစေ အလုပ်ကပြန်လာတိုင်း ကလေးအတွက်မရိုးနိုင်တဲ့
Sprcial လေးတွေ ပြုလုပ်ပေးပါ။ ဥပမာ - ရောင်စုံသကြားလုံးလေး ၀ယ်လာတာတွေ၊ ရေခဲမုန့်ဝယ်လာတာတွေစသည်ဖြင့်ပေါ့။
(၂)ရက် (၃)ရက်လောက်လုပ်ပေးလိုက်ရင် ကလေးဟာမိဘတွေအိမ်ပြန်လာမယ့်အချိန်ကို စောင့်မျှော်နေတတ်စေပြီး၊
သားသမီးကို ဂရုစိုက်မှုပေါ်လွင်စေပါတယ်။
သားသမီးအတွက်
ပြက္ခဒိန်သီးသန့်ထားရှိပါ။ ကျောင်းမှာ ကလေးရဲ့ ကျောင်းကပွဲရက်၊ ပန်းချီပြိုင်ပွဲနေ့၊
အားကစားပြိုင်ပွဲနေ့၊ ဆုပေးပွဲနေ့၊ မွေးနေ့၊ မိဘဆရာတွေ့ဆုံပွဲနေ့ အစရှိတာလေးတွေကို
မှတ်သားထားပါ။ နေ့တိုင်းပြန်လှန်ကြည့်ပါ။ အဲဒီနေ့တွေမရောက်ခင်၊ ကလေးကမိမိကိုသတိမပေးခင်
ကိုယ်က ကလေးကို အလျင်ပြောပြခြင်းဖြင့် ကိုယ့်ရဲ့ဂရုစိုက်မှု၊ ကလေးအပေါ်ချစ်မြတ်နိုးမှုကိုဖော်ပြပါ။
ကိုယ်က တနင်္လာနေ့က သောကြာနေ့အထိ အလုပ်လုပ်နေရသူဖြစ်တဲ့အတွက် ကလေးရဲ့ကျောင်းပွဲတွေကို
သွားဖို့မဖြစ်နိုင် ရင်တောင် ဆုပေးပွဲ၊ မိဘဆရာတွေ့ဆုံပွဲ၊ ကိုယ့်ကလေးပါဝင်တဲ့ ပြိုင်ပွဲလေးတွေကို
သွားနိုင်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားပါ။ ကလေးကမိဘကိုမြင်ရင် ပိုပြီးအားတက်တယ်မဟုတ်လား။
ကလေးမွေးနေ့ပွဲကျင်းပပေးခြင်းကတော့
ကိုယ်က ကလေးအပေါ်မှာ ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာ ပြသနိုင်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။
မွေးနေ့ပွဲကျင်းပတယ်ဆိုလို့ အိမ်ကိုလူတွေအများကြီးဖိတ်ပြီး ပွဲလုပ်တာကိုပြောတာမဟုတ်ပါဘူး။
အိမ်မှာ မိသားစုစုံစုံညီညီလေးနဲ့ ကိတ်မုန့်လှီးမယ်၊ ပျော်ပျော်ရွှင်ရွှင်မုန့်လုပ်စားမယ်၊
ကိတ်မုန့်ကို ကိုယ်ကလုပ်ပေးနိုင်ရင်တော့ ကလေးအတွက် အတိုင်းအဆမရှိပျော်စရာပေါ့။ ကလေးသဘာဝ
ကျောင်းမှာသူငယ်ချင်းတွေကိုကြွားချင်မှာပဲလေ။
မိဘဆိုတာလည်း
တစ်ချိန်က တစ်စုံတစ်ယောက်ရဲ့ ကလေးငယ်ဖြစ်ခဲ့ဖူးပါတယ်။ ကလေးဆိုတာ မိသားစုတိုင်းအတွက်
လက်ဆောင်တစ်ခုဖြစ်သလို မိဘတိုင်းကလည်း ကလေးရဲ့ လက်ဦးဆရာဖြစ်တာကြောင့် ကလေးတွေရဲ့လိုအပ်ချက်ကို
စီမံဖြည့်စွမ်းပေးဖို့အတွက် လုံးဝတာဝန်ရှိပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment