လှပမှုရဲ့အခြေခံဖောင်ဒေးရှင်း ဘယ်လိုရွေးချယ်ကြမလဲ












ဖောင်ဒေးရှင်းဆိုတာ မိတ်ကပ်ပြင်ဆင်မှုရဲ့ အခြေခံအုတ်မြစ်ပါ။ ပန်းချီကား စုတ်ချက်တစ်ခုရဲ့ အလှအပက ကင်းဗက်စက္ကူပေါ်မှာ မူတည်သလို မျက်နှာပြင်ပေါ်က ရောင်စုံခြယ်ထားတဲ့အလှအပက အောက်ခံဖောင်ဒေးရှင်းပေါ် မူတည်ပါတယ်။ အဲဒီတော့ ဖောင်ဒေးရှင်းရွေးချယ်မှုက အရေးကြီးဆုံးပေါ့။ အရောင်မျိုးစုံ အာနိသင်ရလာဒ်မျိုးစုံနဲ့ ရွေးချယ်စရာတွေပေါများလာတဲ့အခါ ကိုယ့်အသားအရောင်၊ အသားအရေအမျိုးအစားနဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းရွေးချယ်ဖို့က အရေးကြီးပါတယ်။ အဲဒီတော့ ပြီးပြည့်စုံတဲ့လှပမှုရဲ့ အခြေခံဖောင်ဒေးရှင်းကို ဘယ်လိုရွေးချယ်ကြမလဲ။
သဘာဝကျကျအရောင်ကိုရှာပါ
ဖောင်ဒေးရှင်းရွေးချယ်တဲ့အခါ သဘာဝကျကျအရောင်ရွေးချယ်ဖို့က အဓိကကျပါတယ်။ အလွန်အကျွံ ဝါထိန်နေတဲ့လိမ္မော်ရောင်၊ ပန်းရောင်ထနေတဲ့ ဖောင်ဒေးရှင်းတွေကို ရှောင်ရှားပါ။ ဖောင်ဒေးရှင်းဆိုတာမျက်နှာ ကို လူရွှင်တော်တစ်ယောက်လို ဖြူဖွေးသွားစေဖို့ထက် ကိုယ့်မျက်နှာရဲ့သဘာဝအလှကို ထောက်ပံ့ပေးတဲ့ အလှဆိုတာ သတိပြုဖို့လိုပါတယ်။
နေရောင်ခြည်ဒဏ်ကာကွယ်တဲ့ အမျိုးအစားရွေးချယ်ပါ
နေရောင်ခြည်က အသားအရေကို အိုမင်းသွားစေပြီး အန္တရာယ်ဖြစ်စေပါတယ်။ အဲဒါကြောင့် နေရောင်ခြည်ဒဏ် ကာကွယ်နိုင်စွမ်းရှိတဲ့ ဖောင်ဒေးရှင်းမျိုးရွေးချယ်ပါ။ အရေပြားအလှပြုပြင် ပညာရှင်တွေကတော့ ဖောင်ဒေးရှင်းကို  UV Protection ဒါမှမဟုတ် နေရောင်ဒဏ်ကာကွယ်နိုင်စွမ်း ၁၅ဆနှင့်အထက် ပါဝင်တာကို ရွေးချယ်သုံးစွဲဖို့ တိုက်တွန်းပါတယ်။
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက်
အဆီပြန်တဲ့အသားရေပိုင်ရှင်တွေရဲ့အရေပြားက သာမန်ထက် အဆီတွေကိုပိုပြီး ထုတ်လုပ်ပါတယ်။ အဲဒါကြောင့် အဆီကို အခြေခံထုတ်လုပ်ထားတဲ့ဖောင်ဒေးရှင်းမျိုးကို ရှောင်ပါ။  အဆီပြန်တဲ့အရေပြားပေါ်မှာ အဆီကို အခြေခံထားတဲ့ ဖောင်ဒေးရှင်းအသုံးပြုတာက မိတ်ကပ်တွေကို ပြစ်ခဲသွားစေပါတယ်။ အဲဒါကြောင့် Oil-Free Formula, Matte Foundations လိုမျိုး ရွေးချယ်သုံးစွဲပါ။
ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက်
ခြောက်သွေ့တဲ့ အရေပြားပိုင်ရှင်တွေအနေနဲ့ အစိုဓာတ်ပါဝင်တဲ့ ဖောင်ဒေးရှင်းမျိုး ရွေးချယ်ပါ။ အဲဒီလို ဖောင်ဒေးရှင်းမျိုးကသာ မျက်နှာအရေပြားကို အစိုဓာတ်ဖြည့်ပေးနိုင်ပြီး အစက်များကိုဖုံးကွယ်ပေးပါလိမ့်မယ်။ အသားအရေကို အနည်းငယ်ပေါ့ပါးချင်သူတွေအနေနဲ့ Tinted Moistorizer ဒါမှမဟုတ် B.B Cream လိုမျိုး သုံးစွဲပေးနိုင်ပါတယ်။
သာမန်အသားအရေအတွက်
သာမန်အသားရေပိုင်ရှင်တွေကတော့ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ B.B Cream, Oil Based Foundation, Oil Free Formula ကြိုက်နှစ်သက်ရာကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။
ဖောင်ဒေးရှင်းတစ်မျိုးထဲက အလုပ်မဖြစ်ပါ
မိန်းကလေးတစ်ယောက်က အနည်းဆုံးဖောင်ဒေးရှင်းနှစ်မျိုး ဆောင်ထားသင့်ပါတယ်။ ရာသီဥတု အမြဲတမ်း ပြောင်းလဲနေတာဖြစ်တဲ့အတွက် အသားအရောင်ကလည်း အမြဲပြောင်းနေပါတယ်။ အဲဒါကြောင့် နွေရာသီမှာ အသားအရေကို အနည်းငယ် အညိုရောင်လေးသန်းစေဖို့ ဖောင်ဒေးရှင်းအညိုရောင်ကာလာလေး သုံးစွဲပေးပါ။ ဆောင်းရာသီအတွက်ကိုတော့ အနည်းငယ် အဝါရောင်သန်းနေတဲ့ ဖောင်ဒေးရှင်းမျိုး သုံးစွဲပေးတာ အကောင်းဆုံးဖြစ်ပါတယ်။
သဘာဝကျဖို့က အရေးကြီးတယ်
ဖောင်ဒေးရှင်းဝယ်တဲ့အခါ သတိပြုရမယ့်စည်းမျဉ်းစည်းကမ်းက တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ဖောင်ဒေးရှင်းအရောင်က သဘာဝကျနေဖို့ပါပဲ။ တကယ်လို့ ဖောင်ဒေးရှင်းလိမ်းခြယ်တဲ့အခါ မျက်နှာအရောင်နဲ့ လည်ပင်းအရောင် မတူညီရင်တော့ အသားအရေနဲ့ မလိုက်ဖက်တဲ့ ဖောင်ဒေးရှင်းအရောင်ကို ရွေးချယ်သုံးစွဲခြင်းဖြစ်ပါတယ်။
နမူနာပစ္စည်းစမ်းသုံးကြည့်ပါ
ခုလို ရွေးချယ်စရာတွေ စုံလင်တဲ့အခါမှာတော့ ဖောင်ဒေးရှင်းဝယ်ယူတဲ့အခါ အဝယ်မမှားစေဖို့အတွက် အရောင်းကောင်တာတွေမှာ နမူနာပစ္စည်းကို အချိန်ယူပြီး စမ်းသပ်ကြည့်ဖို့လိုပါတယ်။ ဖောင်ဒေးရှင်းအရောင်စမ်းသပ်တဲ့အခါ အလင်းရောင်အောက်မှာ စမ်းသပ်ဖို့  ဘယ်တော့မှမမေ့ပါနဲ့။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment