ဆံကေသာဆိုတာ
မိန်းကလေးတစ်ယောက် လှပမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆံကေသာ ရဲ့လှပမှု၊ ရုပ်ဆိုးအကျည်းတန်မှုဆိုတာ
ဘယ်တော့မှဖုံးကွယ်လို့မရပါဘူး။ အဲဒီအတွက် မိန်းကလေးတွေက မျက်နှာလှပအောင် ပြင်ဆင်ကြသလို
ဆံကေသာလှပဖို့လည်း ကြိုးစားကြတယ်။ ဆံပင်အရောင် ဆိုးကြတယ်။ ဆံပင်ကောက်တာ၊ ဖြောင့်တာတွေ
လုပ်ကြတယ်။ ဆံပင်ဆေးဆိုးတာ၊ ကောက်တာ၊ ဖြောင့်တာတွေမှာ အသုံးပြုတဲ့ဆေးသားတွေက ဘယ်လောက်ပဲကောင်းပါစေ
နူးညံ့တဲ့ဆံကေသာကို မကြာခဏထိတွေ့ရတဲ့အခါ ဆံကေသာက အလွန်ပျက်စီးလာပါတော့တယ်။ အဲဒီတော့
ဆံကေသာထိန်းသိမ်းသူတိုင်း အဓိကသိသင့်တဲ့ ဆံပင်ချွတ်ဆေးအကြောင်းဖော်ပြပေးလိုက်ပါတယ်။
ဆံကေသာအမျိုးအစားခွဲခြားပါ
ဆံကေသာကကျိုးကြေလွယ်၊
ခြောက်သွေ့လွယ်သူတွေအနေနဲ့ ချွတ်ဆေးက ဆံသားကိုပိုပြီး ဆိုးရွားစေပါလိမ့်မယ်။ ဆံကေသာအရောင်ချွတ်ခြင်းက
ဆံသားနဲ့ဦးရေပြားကအဆီတွေကို ခြောက်သွေ့ သွားစေပါတယ်။ အဲဒါကြောင့် ဆံပင်ချွတ်ဆေးမသုံးခင်မှာ
ကိုယ့်ဆံကေသာအခြေအနေကို ကိုယ်တိုင်သိထားဖို့လိုပါတယ်။
ဦးရေပြားကိုသတိပြုပါ
ချွတ်ဆေးဆိုတာ
ဘယ်လောက်ပဲပျော့ပျောင်းတယ် ပြောနေပါစေ။ နုနယ်တဲ့ဦးရေပြားအတွက်တော့ အလွန်ပြင်းထန်တဲ့ပစ္စည်းပဲ
ဖြစ်ပါတယ်။ ဦးရေပြားကို ဆိုးရွားစွာပျက်စီးစေနိုင်ပါတယ်။ တကယ်လို့ ဦးရေပြားမှာ ဒဏ်ရာအနာတရရှိနေသူတွေအနေနဲ့
ဒဏ်ရာအားလုံးပျောက်ကင်းသွားမှ ဆံပင်ချွတ်ဆေးကိုသုံးတာ အကောင်းဆုံးဖြစ်ပါတယ်။
ဦးစွာလေ့လာပါ
ဆံပင်အရောင်ဆိုးဖို့
ချွတ်ဆေးမသုံးစွဲခင်မှာ ကိုယ်တိုင်ချွတ်ဆေးနဲ့ပတ်သက်ပြီး လေ့လာဖို့လိုပါတယ်။ ဆံပင်ချွတ်ဆေးတိုင်းမှာ
ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးက မတူညီကြပါဘူး။ ပထမဦးစွာ အလှအပရေးရာမဂ္ဂဇင်း၊ စာစောင်တွေမှာပါဝင်တဲ့
ချွတ်ဆေးတွေအကြောင်း လေ့လာပါ။ ဘယ်ချွတ်ဆေးကောင်းတယ်ဆိုတာ အွန်လိုင်းစာမျက်နှာတွေပေါ်က
လေ့လာဖတ်ရှုပါ။ ဒါမှမဟုတ် စိတ်ချရတဲ့ နားလည်တတ်ကျွမ်းတဲ့ ဆံကေသာပညာရှင်၊ အရေပြားအထူးကုပညာရှင်တွေနဲ့
တိုင်ပင်ဆွေးနွေးပါ။ အားလုံးပြီးသွားတဲ့အခါ ကိုယ့်ရဲ့အသားအရေနဲ့ လိုက်ဖက်တဲ့ချွတ်ဆေးကိုရွေးချယ်ပါ။
အိမ်မှာချွတ်ဆေးအသုံးပြုတဲ့အခါ
ချွတ်ဆေးအသုံးပြုတဲ့လုပ်ငန်းက
လျှင်မြန်ပါတယ်။ ဒါပေမဲ့ အသုံးပြုရာမှာ သတ်မှတ်ထားတဲ့အချိန် ပမာဏ လွဲမှားသွားရင်တော့
ဆံကေသာကို ပျက်စီးဆုံးရှုံးစေပါတယ်။ အဲဒါကြောင့် အိမ်မှာကိုယ်တိုင်ချွတ်ဆေး အသုံးပြုသူတွေအနေနဲ့
ကိုယ်လုပ်ဆောင်နေရတဲ့ အလုပ်အပေါ်မှာ အာရုံစိုက်ထားဖို့ လိုပါတယ်။ တကယ်လို့ တစ်ယောက်တည်းပြင်ဆင်ရခက်တဲ့အခါ
ဘေးမှ သူငယ်ချင်းတစ်ဦးဦးရဲ့အကူအညီနဲ့ လုပ်တာအကောင်းဆုံး ပါပဲ။ ကိုယ့်ခေါင်းကို ကိုင်တွယ်နေရတာဖြစ်တဲ့အတွက်
အရေးကြီးဆုံးက အလင်းရောင်ကောင်းကောင်း မြင်နိုင်တဲ့နေရာမှာ ပြင်ဆင်တာ အကောင်းဆုံးဖြစ်ပါတယ်။
ဆံကေသာအပြောင်းအလဲရဲ့နောက်မှာ
ဆံပင်အရောင်ချွတ်ပြီးသူတွေအနေနဲ့
ကိုယ်နဂိုရှိပြီးသား မိတ်ကပ်ပြင်ဆင်မှု၊ အဝတ်အစား ဝတ်ဆင်မှုကိုပါ ပြောင်းလဲလာချင်လာမှာ
သဘာဝပဲဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ဆံကေသာအရောင် မပြောင်းလဲခင်မှာ ကိုယ့်ရဲ့ဖက်ရှင်၊
မိတ်ကပ်ပြင်ဆင်မှုအပိုင်းကို ညှိထားတာအကောင်းဆုံးဖြစ်ပါတယ်။
ဆံကေသာကိုပိုပြီးဂရုစိုက်ပါ
ဆံပင်အရောင်ချွတ်ပြီးတဲ့အခါ ဆံကေသာက
ယခင်ကနဲ့မတူဘဲ ကြမ်းတမ်းလာပါလိမ့်မယ်။ တစ်ခါတရံ အဖျားနှစ်ခွဖြစ်တာတွေ၊ ကျိုးကြေလွယ်တာတွေ
ဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် ဆံကေသာ ထိန်းသိမ်းမှုကို အမြဲမပျက် လုပ်ပေးဖို့လိုပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment