မော်ဒယ်လောကရဲ့ပန်းတိုင်က ဒီ Miss ဆိုတဲ့
သရဖူတစ်ခုကို ဆောင်းနိုင်ဖို့ အဓိကလေ… ထက်ထက်ထွန်း
အခုလတ်တလော ညီမအနေနဲ့ ဘာတွေလုပ်ဖြစ်လဲ။
လတ်တလောမှာတော့ အစ်မ မိုးဟေကိုနဲ့ ကြော်ငြာရိုက်နေပါတယ်။
ပြီးတော့ ရှိုးပွဲတွေသွားဖြစ်တယ်။ အခု Fashion Focus ရိုက်နေပါတယ်။
နောက်ထပ် ဘာတွေများ ဆက်လက်လုပ်ဆောင်ဖို့
ရည်ရွယ်ထားပါသလဲ။
ရှေ့ဆက် ရှိုးပွဲတွေကတော့ လျှောက်ဖြစ်နေမှာပါ။
နောက် သရုပ်ဆောင်နဲ့ ကြော်ငြာကတော့ အခြေအနေပေးရင် လုပ်ဖြစ်မှာပါ။
မိတ်ကပ်ကျတော့ ဘယ်လို ပြင်ဆင်လဲ။ ကိုယ်ကိုယ်တိုင်
ပြင်တာလား၊ မိတ်ကပ်ဆရာနဲ့ ပြင်တာလား။
မိတ်ကပ်ကို အရင်နေ့တွေက ကိုယ့်ဘာသာပြင်တာပါ။
ဒီနေ့က အားလုံးဆင်တူဆိုတော့ မိတ်ကပ် ဆရာကျော်မိုးက
sponsor ပေးတာပါ။
မြန်မာအနုပညာရှင်ထဲမှာရော ဘယ်သူ့ကို
သဘောကျလဲ။
မြန်မာအနုပညာရှင်ထဲမှာဆိုရင် မကြီးစိုးကို
သဘောကျပါတယ်။ နောက်ပြီး ကိုမြင့်မြတ်၊ ကိုကောင်းပြည့်တို့ကို သဘောကျပါတယ်။
ညီမအနေနဲ့ ဘယ်လိုအားကစားမျိုးကို လုပ်ဖြစ်လဲ၊
ဘယ်လိုကစားနည်းကိုကြိုက်လဲ။
အားကစားတော့ မလုပ်ဖြစ်ပါဘူး။ အကြိုက်ဆုံး
အားကစားကတော့ ရေကူးတာကို ကြိုက်ပါတယ်။
ဒီမော်ဒယ်တစ်ယောက်အဖြစ် Professional
ရပ်တည်သွားဖို့ အစီအစဉ်ရှိပါသလား။
ငယ်ငယ်တုန်းက ၀ါသနာပါတာကတော့ မင်းသမီးဖြစ်ချင်တာပါ။
ကိုယ်က ဒီအနုပညာလောကမှာ ဘာအဆက်အသွယ်မှလည်း မရှိဘူးလေ။ မော်ဒယ်က ပထမဆုံးခြေလှမ်းအနေနဲ့
အနုပညာလောကထဲကို ၀င်ရောက်ခဲ့တာပါ။
ပွဲတွေကော ဘယ်နှစ်ပွဲလောက် လျှောက်ပြီးသွားပြီလဲ။
ပွဲအတွေ့အကြုံလေးတွေလည်း ဝေမျှပေးပါဦး။
ပြိုင်ပွဲကတော့ (၃)ပွဲပြိုင်ဖူးပါတယ်။ ရှိုးတွေက
တော်တော်များနေတော့ သေချာမမှတ်မိတော့ပါဘူး။
ညီမက မကြီးစိုး (စိုးမြတ်သူဇာ)ကို ဘယ်လိုအချက်တွေကြောင့်
လေးစားအားကျခဲ့တာလဲ။
မကြီးစိုးက သရုပ်ဆောင်ပိုင်းမှာ တအားသဘာဝကျတယ်။
မကြီးက ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း သရုပ်ဆောင်နိုင်တယ်။ လုံးဝ Free Style ပဲ။ ကိုယ်နဲ့လည်း
သရုပ်ဆောင်ဖူးတော့ သေချာသိသွားတယ်။ Dialouge တွေကအစ သူ့စိတ်ကြိုက်၊ သူ့စိတ်ထဲရှိတဲ့အတိုင်း
သဘာဝကျကျ ပြောသွားနိုင်တယ်။ ကိုယ်လုံးကိုယ်ပေါက်နဲ့ ကိုယ်နေဟန်ထားလည်း ကျောက်မျက်ရတနာ
ကြော်ငြာတွေမှာဝတ်ပြီး ရိုက်ရင် ခန့်ညားတယ်ပေါ့နော်။ အရမ်းကြိုက်တယ်။ ညီမနဲ့လည်း Body
Frame ချင်းတူသလိုပဲ။
ညီမအနေနဲ့ ဒီလမ်းကို ရွေးချယ်ခဲ့ပြီဆိုတော့
ဘယ်လောက်ထိ လျှောက်လှမ်းမယ်လို့ ရည်မှန်းထားလဲ။
မော်ဒယ်လောကရဲ့ပန်းတိုင်က ဒီ Miss ဆိုတဲ့
သရဖူတစ်ခုကို ဆောင်းနိုင်ဖို့ အဓိကလေ။ ဒီ International ဆုတစ်ခုကိုလည်း မျှော်မှန်းထားပါတယ်။
ဒါကတော့ ရနိုင်တာ မရနိုင်တာ မသေချာပေမယ့် လည်း ကိုယ်ကတော့ မျှော်လင့်ထားတာပေါ့နော်။
အဲလို ဆုတစ်ခုကိုရဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားသွား မှာပါ။ ဒါကတော့ မော်ဒယ်အပိုင်းကိုပေါ့နော်။
အခု ဒီသရုပ်ဆောင်ပိုင်းမှာကတော့ သရုပ်ဆောင်တွေရဲ့ အဓိက Target က ရွှေစင်ရုပ်တုလေ။ အခု
ကားရိုက်ထားပါတယ်။ ဘယ်နှစ်ကားမှ မရှိသေးဘူးဆိုပေမယ့် တစ်နေ့ ဒီရွှေစင်ရုပ်တုကိုရရမယ်လို့လည်း
မျှော်လင့်ထားပါတယ်။
သီချင်းနားထောင်ရင် ဘယ်လိုသီချင်းမျိုးကို
ပိုပြီးနားထောင်ဖြစ်လဲ။
သီချင်းနားထောင်ဖြစ်တာကတော့ မြန်မာသီချင်းတွေပဲ
နားထောင်ဖြစ်တာများပါတယ်။ ကိုရီးယား သီချင်းတွေကတော့ နားထောင်ဖြစ်တာ နည်းပါတယ်။
မော်ဒယ်ဆိုတာ ဒီရုပ်ပိုင်းဆိုင်ရာ စံပြဖြစ်နေဖို့တင်မကဘဲ
စိတ်ပိုင်းဆိုင်ရာပါ စံပြဖြစ်နေအောင်လို့ ဘယ်လိုမျိုး လေ့ကျင့်ယူရပါသလဲ။
အခုဆိုရင် သမီး မော်ဒယ်လုပ်တယ်။ အဲဒါကို
တချို့လူတွေက အလှအပတစ်ခုတည်းနဲ့ လွယ် လွယ်ကူကူ ပိုက်ဆံရှာနေကြတယ်လို့ ထင်နေကြတယ်။ အဲလိုမျိုး
မထင်စေချင်ပါဘူး။ အလှအပတွေနဲ့ ပျော်ပါးပြီး ပျက်စီးနေကြတယ်လို့လည်း မထင်စေချင်ပါဘူး။
လှတယ်ဆိုတာကလည်း တဒင်္ဂပါပဲ။ ပျက်စီးသွားမယ့်အရာထဲမှာ အလှတရားလည်း ပါပါတယ်။ ကိုယ်က အနုပညာကို
မြတ်နိုးတာ၊ အနုပညာ ရှင်တစ်ယောက် ဖြစ်ချင်တာ။ အဲဒါကြောင့် လူတစ်ယောက်ကိုကြည့်ပြီဆိုရင်
သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြည့်ပြီး သူ့စိတ်ဓာတ်ကလည်း ဘယ်လိုပဲဖြစ်နေမှာပဲဆိုပြီး အလျင်စလို
ကောက်ချက်မချစေချင်ပါဘူး။ ပရိသတ်တွေက အနုပညာရှင်တွေကို ကြည့်ကြတယ်။ အတုယူကြတယ်။ အနုပညာရှင်တွေအားလုံးဟာလည်း
လှပြီးပျက်စီး နေတာမျိုးမဟုတ်ဘဲနဲ့ လမ်းကြောင်းမှန်ပေါ်မှာ လျှောက်လှမ်းနေတဲ့ အနုပညာရှင်တွေလည်း
ရှိပါတယ်။ အောင်မြင်မှုတစ်ခုကို သမာအာဇီဝနဲ့ ရယူနေတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း
ရယူနေတယ်။ အဲလိုစိတ်မျိုးတွေထားနိုင်အောင် ကိုယ့်ဘက်က ပြရမယ်လို့ ထင်ပါတယ်။ သူငယ်ချင်းတွေကြားမှာလည်း
မကောင်းတာကို မပြိုင်ဆိုင်ဘူး။ အဲလိုနဲ့ပဲ စိတ်ဓာတ်ကို လေ့ကျင့်ပြင်ဆင်ပါတယ်။
ပြီးတော့ ညီမ Body အတွက်ကော ဘယ်လို
Exercise မျိုးတွေ လုပ်ဖြစ်ပါသလဲ။
ညီမ အရင်တုန်းကတော့ Gym ဆော့ဖြစ်တယ်။ Gym
ဆော့ရတဲ့ အဓိကအကြောင်းအရင်းကတော့ လိုတာလေးတွေ ဖြည့်ဖို့ပေါ့နော်။ အခုကျတော့ Gym ဆော့ပြီးမှ
ပိုဝလာသလိုဖြစ်တော့ မဆော့တော့ဘူး။ ရပ်လိုက်တယ်။ ရပ်လိုက်ပြီးတော့ အစားအသောက်နဲ့ပဲ ထိန်းတော့တယ်။
အိမ်မှာ တစ်ခါတလေကျလို့ရှိရင် ခါးလေး ဘာလေး လှည့်တယ်။ အဲလောက်ပဲ လုပ်ဖြစ်တယ်။
အစ်မတို့ရဲ့ ဒီ Body Art အခန်းကဏ္ဍလေးမှာပါဝင်ရတဲ့အတွက်
ညီမလေးရဲ့ခံစားချက်လေးကိုလည်း ပြောပြပေးပါဦး။
စစချင်း Body Art ဆိုတော့ ပရိသတ်တွေ လက်မခံနိုင်မှာကို
တစ်ချက်စိုးရိမ်မိတယ်။ ဒါ အနုပညာ တစ်ခုကို သမီးဘက်က ရိုးရိုးသားသား တင်ပြတာပါ။ အားလုံး
လက်ခံနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ အစွန်း ရောက်ကြီး လုပ်သွားမှာလည်း မဟုတ်ပါဘူး။
စိတ်ထဲမှာ တစ်ချက်တော့ စိတ်ပူသွားမိပါတယ်။ အနုပညာကို ပြချင်တဲ့ ရည်ရွယ်ချက်လို့ပဲ မြင်စေချင်ပါတယ်။
ပရိသတ်အတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။
ထက်ထက်ထွန်းဆိုတာ ပရိသတ်ကြားထဲမှာ ထင်ထင်ရှားရှား
မရှိသေးပေမယ့် ပရိသတ်အတွက် အမြဲကြိုးစားနေမှာပါ။ ရောက်ရာအရပ် ရောက်ရာဒေသကနေ အမြဲအားပေးကြပါဦးလို့
ပြောချင်ပါတယ်။
မှော်ဝန်းသား (လမ်းဝေ)
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment