နေမကောင်းဖြစ်တာတောင် လှချင်ရင် ဒါလေးဖတ်ကြည့် …










ဘယ်အချိန်မဆိုလှချင်ပချင်ကြတာ မိန်းကလေးတွေရဲ့သဘာဝပါ။ အချိန်တိုင်း ဘယ်သူလှတယ် ပြောပြော၊ ကိုယ့်ကိုယ်ကိုယ်လှတယ်ဆိုပြီး ကျေနပ်ပီတီဖြစ်နေကြမှာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ လှချင်ပချင်နေပါစေ စိတ်တွေကရှုပ်ထွေးပြီး လှချင်ပချင်စိတ် ပျောက်စေနိုင်လောက်တဲ့အချိန်တစ်ခုရှိပါတယ်။ အဲဒါကတော့ နေမကောင်းဖြစ်တဲ့အချိန်ပါပဲ။ ခေါင်းတွေကကိုက်၊ နှာရည်တွေကစေး၊ မျက်ရည်ပူတွေ ကျနေတဲ့အချိန် နှပ်ချေးတွေ 'တဗျစ်ဗျစ်' ညှစ်နေရပြီး လူတွေကြားထဲမှာ နှပ်ညှစ်ဖို့ကလည်းခက်၊ တရှုံ့ရှုံ့ ဖြစ်နေတာကလည်း မနေတတ် ခွကျကျအချိန်မျိုးကြုံဖူးကြမှာပါ။ အဲဒီလိုအချိန်မျိုးကို ဘယ်လိုကျော် ဖြတ်ကြမလဲ။
ခပ်ဖျော့ဖျော့ဖောင်ဒေးရှင်း
အထူးသဖြင့် အေးချမ်းတဲ့ ဆောင်းရာသီမှာပေါ့။ နေကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နေရောင်ခြည်ကောင်းကောင်းမရ၊ အေးစက်စက်လေအေးတွေနဲ့ ရာသီဥတုဒဏ်ကြောင့် အသားအရေက ပင်ပန်းနွမ်းနယ်နေပုံပေါ်နေပါလိမ့်မယ်။ အဲဒီလိုအချိန်မျိုးမှာ အရောင်ခပ်ဖျော့ဖျော့ ဖောင်ဒေးရှင်းက အသားရေကို လန်းဆန်းပြီး နွေးထွေးနေသယောင်ဖြစ်စေပါလိမ့်မယ်။

အပြစ်အနာအဆာဖုံးမိတ်ကပ် (ကွန်ဆယ်လာ)
အေးချမ်းတဲ့အခါ အထူးသဖြင့် နှာစေးလိုနှပ်ညှစ်တက်တဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့ပြဿနာတစ်ခုကတော့ နှာခေါင်းထိပ်ပိုင်းက နီရဲနေတတ်ပါတယ်။ တစ်ခါတရံ အရေပြားအဖတ်များ လန်ပြီး ဒဏ်ရာတွေ အနာတရတောင် ဖြစ်စေပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက်ကတော့ နှာခေါင်းဝန်းကျင်တစ်ဝိုက်က အရေပြားကို ဖုံးဖိပေးနိုင်မယ့် ကွန်ဆယ်လာ ဒါမှမဟုတ် B.B Cream လေးလိမ်းထားပေးပါ။

ဖောင်းအစ်နေတဲ့မျက်ဝန်းတစ်စုံအတွက်
တစ်ခါတရံမှာ ဖျားနာနေတဲ့အတွက် မျက်ရည်ပူကျတာတွေ၊ မျက်ဝန်းတစ်ဝိုက်ညိုမည်းနေတာတွေ ကြုံဖူးမှာပါ။ အဲဒီလိုအခြေအနေတွေဖြစ်လာရင်တော့ သဘာဝအတိုင်း ကြည်လင်နေတဲ့မျက်ဝန်းလေးကို ပြန်လည်ရရှိစေနိုင်ဖို့အတွက် ပလက်စတစ်အိတ်တစ်လုံးထဲ ရေခဲ(၂)တုံးခန့်ထည့်ပြီး အပေါ်က အဝတ်သန့်သန့်နဲ့အုပ်ထားပါ။ ပြီးမှ ၄င်းအဝတ်ကို မျက်ဝန်းပေါ် (၁၀) မိနစ်ခန့် အုပ်ထားပေးပါ။

မျက်ဝန်းနီရဲတာတွေ ပျောက်ကင်းဖို့အတွက်
မျက်ရည်ပူတွေကျတဲ့အခါ မျက်စိကိုပွတ်တဲ့အတွက် မျက်လုံးက နီရဲလာတတ်ပါတယ်။ အဲဒီအတွက်ကတော့ မျက်ဝန်းကို အေးစေပြီး မျက်ဝန်းထဲက သွေးကြောမျှင်လေးတွေကို ပြန်လည်ကျဉ်းမြောင်း သွားစေမယ့် မျက်စဉ်းခပ်ဆေးလေးသာ သုံးပေးပါ။ မျက်စဉ်းခပ်ဆေး အသုံးပြုတဲ့အခါ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ လုပ်တာအကောင်းဆုံးဖြစ်ပါတယ်။

ရေ
ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ဖျားနာနေမကောင်းဖြစ်နေသူတွေအတွက် ပြဿနာတစ်ခုပါ။ ဖြူဖျော့ပြီး သွေးစုပ်အက်ကွဲနေတဲ့ နှုတ်ခမ်း၊ ဖွာလန်ကြဲ မွဲခြောက်ခြောက်ဖြစ်နေတဲ့ ဆံနွယ်၊ ဖျော့တော့ ခြောက်သွေ့နေတဲ့အရေပြားက လိုအပ်တဲ့ ရေဓာတ်လုံလောက်စွာ ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ရေများများသောက်ပေးပါ။ သာမန်သောက်သုံးနေကျထက် အစိုဓာတ်ထိန်းခရင်မ်ကို များများသုံးပေးပါ။ အသားအရေခမ်းခြောက်လာတဲ့အခါတိုင်း ဖြစ်နိုင်လျှင် ထပ်ကာတလဲလဲ ပြန်သုံးပေးပါ။

အပြာရောင် Eye Liner
နေမကောင်းဖြစ်နေချိန်မှာ အတတ်နိုင်ဆုံး မိတ်ကပ်မသုံးတာ အကောင်းဆုံးပါပဲ။ မဖြစ်မနေ အသုံးပြုရမယ့်အခါမျိုးမှာတော့ မျက်ဝန်းကို ခြယ်သပေးပါ။ မျက်ရည်ပူတွေ မကြာခဏကျနေတဲ့ အခါမျိုးမှာဆိုရင်တော့ ရေစိုခံမိတ်ကပ်လိုပစ္စည်းမျိုး သုံးစွဲပေးဖို့မမေ့ပါနဲ့။

မျက်တောင်ကော့ဖို့ မမေ့ပါနဲ့
လူတစ်ယောက်အလှကို အပေါ်လွင်စေနိုင်ဆုံးက မျက်ဝန်းဖြစ်ပါတယ်။ အဲဒီမျက်ဝန်းလေးတွေအလှကို ပိုပြီးပေါ်လွင်စေဖို့အတွက် မျက်တောင်ကော့ဆေးမသုံးခင်မှာ မျက်တောင်လေးတွေကို ကော့ဖို့မမေ့ပါနဲ့။ ကော့ပျံနေတဲ့ မျက်တောင်လေးတွေက မျက်လုံးလေးကိုပိုပြီး ကျယ်ပြန့်သွားစေပြီး မျက်ဝန်းအလှကို ပိုသတိထားမိသွားစေပါလိမ့်မယ်။

လိမ္မော်ရောင်
နေမကောင်းဖြစ်နေတဲ့အခါ အိပ်ရေးပျက်တာတွေ၊ စိတ်ဓာတ်ကျတာတွေ ကြုံဖူးမှာပါ။ အဲဒီလို စိတ်ညစ်ညူးနေချိန်မှာ မျက်ဝန်းတစ်ဝိုက် ညိုမည်းနေတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလို အရောင်အဆင်းတွေကို ဖုံးဖိပေးနိုင်ဖို့အတွက်ကတော့ လိမ္မော်ရောင်ရှိတဲ့ ကွန်ဆယ်လာ ဒါမှမဟုတ် လိမ္မော်ရောင် Eye Shadow လိုမျိုးကို သုံးစွဲပေးပါ။

ဖောင်ဒေးရှင်းသုံးတဲ့အခါ သတိပြု
နေမကောင်းဖြစ်နေတယ်ဆိုလို့ ၄င်းနေမကောင်းဖြစ်တဲ့အသွင်အပြင်ကို ဖုံးဖိပေးနိုင်ဖို့အတွက် ဖောင်ဒေးရှင်းကို အများကြီးသုံးဖို့ မလိုအပ်ပါဘူး။ တကယ်လို့ အသားအရေက အခြေအနေသိပ်ပြီး မဆိုးရွားတဲ့အခါ အပေါ်ကဖော်ပြထားတဲ့အတိုင်း ကွန်ဆယ်လာ ဒါမှမဟုတ် B.B Cream ကို သုံးပေး နိုင်ပါတယ်။ တကယ်လို့ အလွန်အကျွံဆိုးရွားနေရင်တော့ ဘာမှမလိမ်းဘဲ အသားအရေကို ခေတ္တအနားပေးထားတာ အကောင်းဆုံးဖြစ်ပါတယ်။

နှုတ်ခမ်းကိုလည်းမမေ့ပါနဲ့
တစ်ချိန်တုန်းက ဘယ်လောက်ပဲခပ်ဖျော့ဖျော့ နှုတ်ခမ်းအရောင်ကို နှစ်သက်ခဲ့သူဖြစ်ပါစေ၊ အခုလိုဖျားနာနေချိန်မှာတော့ အရောင်လေးကိုသာ အသုံးပြုပေးပါ။ အထူးသဖြင့် ပန်းဆီရောင်လိုမျိုးလေး သုံးစွဲပေးပါ။ မကြာခဏ အသုံးပြုပေးဖို့လည်း ဘယ်တော့မှ မမေ့ပါနဲ့။







--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment