ရှောင်မရလွှဲမရ အိုမင်းတဲ့ဘဝကို နုပျိုအောင်ဖြတ်သန်းဖို့










အသားအရေထိန်းပစ္စည်းတွေ ဘာကြောင့်သုံးကြတာလဲ။ ရည်ရွယ်ချက်ကလှချင်လို့ပါ။ လှချင်လို့ အသားအရေစိုပြေချင်လို့။ အဓိကအကြောင်းရင်းကတော့ အိုမင်းရင့်ရော်မှုကို ဖယ်ရှားပြီး နုပျိုလှပချင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်တဖြည်းဖြည်းကြီးပြင်းလာမှုရယ်၊ နေ့စဉ်စိတ်ဖိစီးလှတဲ့ ဘဝနေထိုင်မှုရယ် ပေါင်းစပ်လိုက်တဲ့အခါ အသားအရေက အိုမင်းရင့်ရော်ဖို့ အကြောင်းဖန်လာပါတယ်။ ရှောင်လွှဲမရပေမယ့် နုပျိုလှပမှုကို ဆွဲဆန့်ထားနိုင်တဲ့နည်းလမ်းကောင်းလေးတွေ ရှိတယ်ဆိုရင်ရော မသိချင်ကြဘူးလား။
နေရောင်ခြည်ကိုရှောင်ပါ
ပထမဆုံး အိုမင်းရင့်ရော်စေတဲ့အကြောင်းကတော့ နေရောင်ခြည်ပါပဲ။ နေ့စဉ် နေရောင်ခြည်ထိတွေ့မှုများခြင်းက အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန်နေရောင်ကာကွယ်ဆေးက အတိုင်းအတာတစ်ခုလောက်အထိ အသားအရေကို မပျက်စီးအောင်ထိန်းသိမ်းပေးနိုင်ပေမယ့် ဦးထုပ်၊ ထီးတို့လို အကာအကွယ်ပစ္စည်းတွေလည်း ဆောင်ထားဖို့လိုပါတယ်။
ဆေးလိပ်၊ အရက်လျှော့ချပါ
ဆေးလိပ်အရက်သောက်သုံးခြင်းကလည်း အိုမင်းရင့်ရော်မှုကို ဖြစ်ပွားစေတဲ့အကြောင်းရင်းတွေထဲက တစ်ခုပါ။ အသက်အရွယ် တဖြည်းဖြည်းရလာတာနဲ့အမျှ အသားအရေက ကိုလာဂျင်ထုတ်လုပ်ပေးနိုင်မှုတွေက လျော့နည်းလာပါတယ်။ အဲဒီအခါ ဆေးလိပ်၊ အရက်ပါသောက်သုံးတဲ့အတွက် အသားအရေပျက်စီးဖို့ ပိုပြီး အကြောင်းဖန်လာပါတော့တယ်။
အသားအရေထိန်းပစ္စည်း ကောင်းကောင်းသုံးပါ
အိုမင်းရင့်ရော်မှုကိုနှေးကွေးစေဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ အရည်အသွေးကောင်းတဲ့ အသားအရည်ထိန်းပစ္စည်းမျိုး အသုံးပြုဖို့ပါပဲ။ အသားအရေက အိုမင်းရင့်ရော်မှု စတင်တဲ့အခါ ကျီးခြေရာအမှတ်အသားလေးတွေက ပထမဆုံးဖြစ်ပေါ်လာပါတယ်။ အဲဒါကြောင့် ခရင်မ်၊ လိုးရှင်း၊ မိတ်ကပ် စတာတွေကို အသားအရေနဲ့လိုက်ဖက်အောင် မှန်ကန်စွာရွေးချယ်ဖို့ လိုအပ်ပါတယ်။
သဘာဝပစ္စည်းများသာအသုံးပြုပါ
နုပျိုစေဖို့ နောက်ထပ် နည်းလမ်းကောင်းကတော့ သဘာဝပစ္စည်းကိုသာ ရွေးချယ်အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဈေးကြီးပေးရတဲ့ နာမည်ကြီးအလှကုန်ဖြစ်နေပါစေ ဓာတုပစ္စည်းနဲ့ ထုတ်လုပ်ထားတာကို အသုံးပြုတာထက် သဘာဝပစ္စည်း အခြေခံထားတဲ့ပစ္စည်းမျိုး ရွေးပြီးသုံးစွဲပေးပါ။
ငါးများများစားပေးပါ
ခန္ဓာကိုယ်ပြင်ပကနေ ထိန်းသိမ်းမှုလုပ်သလို ခန္ဓာကိုယ်တွင်းကနေလည်း ကာကွယ်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ အဲဒါကတော့  အိုမီဂါ ၃ အက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့ ငါးများများစားပေးဖို့ပါပဲ။ အခုလို ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေများလာချိန်မှာတော့ လတ်ဆတ်သန့်ရှင်းတဲ့အသား၊ ငါးတွေလည်း ရှားပါးလာပါပြီ။ အဲဒါကြောင့် ကိုယ်စားသုံးမယ့် အသား၊ ငါးကို လတ်ဆတ်သန့်ရှင်းစေဖို့ကလည်း အဓိကအရေးကြီးပါတယ်။
အစိုဓာတ်ဖြည့်ပေးပါ
အိုမင်းရင့်ရော်မှုကို ဖြစ်စေတာ အသားအရေခမ်းခြောက်မှုလည်း ဖြစ်ပါတယ်။ အဲဒီအတွက် အသားအရေပုံမှန်အစိုဓာတ်ထိန်းပေးဖို့က ရေများများသောက်ပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးများများစားပေး ပါ။ အသားအရေခမ်းခြောက်လာတယ်လို့ ခံစားရတိုင်း အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ သံလွင်ဆီ၊ အုန်းဆီတို့က အသားအရေစိုပြေစေဖို့ သဘာဝအကောင်းဆုံးအဆီတွေပဲ ဖြစ်ပါတယ်။
မိတ်ကပ်လိမ်းခြယ်မှုကလည်း အရေးကြီးပါတယ်
မိန်းကလေးတွေအနေနဲ့ မိတ်ကပ်လိမ်းတဲ့အခါ အလွန်အကျွံမဖြစ်စေတဲ့ သဘာဝကျကျ မိတ်ကပ်လိမ်းခြယ်နိုင်မှုကလည်း အရေးပါလှပါတယ်။ အရောင်ရင့်တွေကို သုံးစွဲတာထက် ကိုယ့်မျက်နှာနဲ့ လိုက်ဖက်မယ့်အရောင်နုလေးတွေ ရွေးချယ်သုံးစွဲပေးပါ။
အိပ်စက်မှုမှန်ကန်ပါစေ
အိပ်စက်အနားယူတဲ့အခါ အသားအရေက လျော့တွဲကျပြီး အရေးအကြောင်းတွေဖြစ်စေပါတယ်။ အဲဒီအတွက် အိပ်စက်အနားယူတဲ့အခါ အတတ်နိုင်ဆုံး ပက်လက်အနေအထားမျိုး အိပ်စက်အနားယူပါ။ စိတ်ဖိစီးမှုလျော့ချပါ။
စိတ်ဖိစီးမှုက အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ အဓိကအချက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒါကြောင့် နေ့စဉ်ဘဝနေထိုင်မှုမှာ တတ်နိုင်သလောက် အပူအပင်ကင်းစွာနေထိုင်တာကလည်း အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါလိမ့်မယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment