“စုန်ရေဆန်ရေ စီးဆင်းစေ”












သားသမီးနဲ့မိဘကြားမှာ ၀တ္တရားကိုယ်စီရှိကြပါတယ်။ အဲဒီလိုပြောတော့ ရေးတော့ မိဘဘက်ကချည်း ရေးတော့မှာပဲ။ စာဟောတော့မယ်။ မိဘတရားတွေနာရတော့မယ်လို့တွေးရင်း ခေတ်စကားနဲ့ ငြီးငွေ့ကြမလားပဲ။ တဖက်သတ်အမြင်မဟုတ် ဝေဖန်ရေးမဟုတ်ဘဲ သတိပြုဆင်ခြင်စရာလေး ဝေမျှစေချင်ယုံသက်သက်ပါ။ မိဘဘက်ကလုပ်ပေးရတာကို စုန်ရေလို့ခေါ်ရင် သားသမီးဘက်က ပြန်လည်သိတတ်နားလည်ပေးတာကို ဆန်ရေခေါ်ကြပါတယ်။

PH 7 စုန်ရေဖြစ်စေချင်
မိဘက သားလေးသမီးလေး မမွေးခင်ကနေ သေတဲ့အထိ ငါ့သားလေး ငါ့သမီးလေး ခြင်ယင် မှက်ရန်က ကင်းရဲ့လားကနေ စားသောက်နေထိုင်မှုအ၀၀ကို ကိုယ်လက်လုံခြုံအေးချမ်းစိတ်ချရတဲ့ဘ၀ကို တွန်းပို့ပေးချင် စောင့်ရှောက်ချင်တတ်ပါတယ်။ ကိုယ့်ထက်တော်သော ကောင်းသော ကိုယ့်ဘ၀ထက်မြင့်သော ကိုယ်မှားခဲ့တာတွေ မမှားစေချင်သော ကိုယ်မရဖူးတဲ့ ဆုလဒ်တွေ ပျော်ရွှင်မှုတွေကို ရစေချင်သော လူအများအလယ် တင့်တယ်စေချင်သော ဆန္ဒတွေဟာ မိဘတိုင်းရဲ့ရင်မှာ ကိန်းဝပ်နေတတ်ပါတယ်။

လူသားမိဘမဆိုနဲ့ တိရစ္ဆာန် မိဘများတောင် ကိုယ်ကိုက်ချီလာတဲ့အစာကို သားသမီးကိုချကျွေး၊ ကိုယ့်သားသမီးကို ရန်ပြုအန္တရာယ်ကျရောက်လာမယ့်ဘေးက အသေပေးပြီးကာကွယ်ပေးခဲ့ကြပုံတွေကို တိရစ္ဆာန်လောကမှာတောင် တွေ့နေတတ်ပါတယ်။ သို့သော် ဆန္ဒတွေလွန်ကဲလာရင်လည်း ချစ်သူနဲ့အချစ်ခံရသူကြား ပဋိပက္ခအသွင်ဆောင်လာတတ်ပါတယ်။ ချစ်တယ်ဆိုတဲ့ ကောင်းစေချင်တဲ့ ဦးတည်ချက်ထက် မိမိရဲ့အတွင်းစိတ် မသိစိတ် အတ္တလွန်ကဲမှုကြောင့် သားသမီးမှာ ကောင်းကျိုးထက်ဆိုးကျိုးမရောက်ဖို့ကိုတော့ မိဘဘက်က ဆင်ခြင်ရမှာလေးတွေလည်းရှိပါတယ်။ စုန်ရေဟာ သန့်ရှင်းကြည်လင်တဲ့ စုန်ရေဖြစ်ရပါမယ်။ 

ဒါကြောင့်လည်း မကောင်းမေတ္တာကောင်းရာညွှန်လတ်လို့ ပါတာပဲဖြစ်ပါလိမ့်မယ်။ ဥပမာပေါ့ တစ်နေ့က သတင်းတစ်ခုမှာတွေ့ပြီး ဂျာနယ်တစ်စောင်မှာပါတဲ့ သတင်းတစ်ပုဒ်ကိုဖတ်ပြီး မရှင်းသန့်တဲ့စုန်ရေအဖြစ် စိတ်မကောင်းဖြစ်ရပါတယ်။ သတင်းမှာပါတဲ့ အကြောင်းအရာက တစ်နေ့ ကို ဘီယာ(၃)ခွက်သောက်နိုင်တဲ့ (၂)နှစ်အရွယ် ကလေးအကြောင်းပါ။ သတင်းထဲမှာဖတ်ရတာက မိဘတွေက ကညနရုံးမှာ ပွဲစားလုပ်ပါသတဲ့။ မိဘတွေနဲ့အတူ ဘီယာဆိုင်ထိုင်ရင်း ဒီလိုသောက်တတ်လာတာဆိုပဲ။ 

ဒီကလေးရဲ့အကြောင်း မိဘအကြောင်း စဉ်းစားရင် ဒီကလေးရဲ့ဘ၀ဖြောင့်ကြောင်းကတော့ မျှော်ကြည့်စရာကိုမလိုပါဘူး။ ဒီအတိုင်းထားရင် ကြီးရင် အရွယ်ရောက်ရင် ဘယ်နှယ့်ဖြစ်မလဲ။ ဒါကြောင့် စုန်ရေဟာလည်း သန့်ရှင်းသော မော်ဒန်စကားနဲ့ပြောရရင် PH7 စုန်ရေဖြစ်ဖို့လိုတယ်။ အကယ်၍မှ PH7 စုန်ရေမဖြစ်ရင် ဟိုစကားပုံလိုပဲ ''သားသမီးကို ငယ်ကတည်းက မဆုံးမသော် မိဘတလီ ရန်သူမည်၏'' တဲ့။ ဒီလိုပါပဲ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အရာရာ အစစဟာ လက်ဦးဆရာမည်။ လိုက်နာပုပစရိယ မိနဲ့ဘဆိုသလို ရှေ့ကလမ်းပြကောင်းဖို့လည်း လိုပါကြောင်း အကြံပြုပါစေ။

မမေ့လျောသင့်တဲ့ဆန်ရေ
မိဘက သားသမီးအပေါ်ထားတဲ့ မေတ္တာဆို စုန်ရေ သားသမီးက မိဘကို လုပ်ကျွေးပြု စုစောင့်ရှောက်ခြင်းက ကျေးဇူးဆပ်ခြင်း ဆန်ရေလို့ဆိုကြတယ်။ သားသမီးက မိဘကို ကျေးဇူးဆပ်တာ ဘ၀ဖြောင့်ကြောင်း မင်္ဂလာတစ်ပါးပါပဲ။ မိဆိုးဖဆိုးတွေမရှိဘူး မကြားဖူးဘူးလို့ မဆိုလိုသော်လည်း ရှိကောင်းရှိခဲ့ရင်တောင် ကိုယ့်ကို လူ့လောကအလယ် ရှင်သန်ခွင့်ပေးတဲ့မိဘကို အသက်ရှင် သန်ခွင့်ပေး တာလေးတစ်ခုထဲနဲ့တောင် မိဘကျေးဇူးက ဆပ်မကုန်ဘူးဆိုကြပါတယ်။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်စကားအရဆိုရင် ''အကြွေးတကာ့ အကြွေးထဲမှာ မေတ္တာကြွေး မကျေမှာ အကြောက်ဆုံးပဲတဲ့'' ဟုတ်ပါတယ်။ မေတ္တာကြွေးကို ကြေအောင်မဆပ်ရင် မေတ္တာဆူးတတ် ပါတယ်။ မေတ္တာဆူးတယ်ဆိုတာ အကောင်အထည်သာမမြင်ရတာ ဘ၀လမ်းကြောင်းမှာ ဆူးငြောင့် ခလုတ်တွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရခြင်းဟာ အတိတ် ပစ္စုပန်မှာ မိဘမျက်ရည်တစ်စက် သားသမီး တစ်သက် ဆိုတဲ့စကားလိုပဲ ပူလောင်လှပါတယ်။ ဒီတော့ မိဘနဲ့ သားသမီးကြား ၀တ္တရားကိုယ်စီရှိကြပါတယ်။ ဒီနေ့ခေတ်မှာ စာရေးသူအပါအ၀င် သားသမီးအတော်များများဟာ တစ်နေ့တာကို အလုပ်ထဲမှာပဲကုန်ဆုံးကြပါတယ်။ 

အလုပ်ရဲ့ဖိအား၊ သွားလာရတဲ့ခရီးလမ်း အဆင်မပြေမှုစတဲ့ စတဲ့ အဆင်မပြေမှုနဲ့အတူ တစ်ပတ်လုံးလုံးမှာ တစ်ရက်တောင် နားရက်မရှိတဲ့ များစွာသော ကိစ္စတွေကြား မိဘကို အချိန်ပေးနိုင်တာ သိပ်ကိုနည်းလာပါတယ်။ အဖေ အမေကိုတွေ့ရမယ်၊ တွေ့ချင်တယ်လို့စိတ်ရှိပေမယ့် ဖိစီးနှိပ်စက်မှုကြားက ရုန်းမထွက်နိုင်တဲ့အခါ အမေအဖေကို အချိန်မပေးနိုင်၊ ဖုန်းမပြောနိုင်ဖြစ်ရပါတယ်။ သားသမီးတွေရဲ့အပြန်ကို လည်မော့စောင့်ရင်း ကိုယ့်သားသမီးအတွက် ကိုယ့်ဘ၀ရဲ့အချိန်အားလုံးကိုပေးထားပေမယ့် ခေတ်စနစ်အရပဲဖြစ်ဖြစ် မပြေလည်မှုအရပဲဖြစ်ဖြစ် အချိန်မပေးနိုင်တဲ့ သားသမီးတွေလည်း အမြောက်အမြားပါပဲ။

ကျွန်မတို့ ဒီအခက်အခဲကို ကျော်ဖြတ်ပြီး မိဘကို ကိုယ်ကတပြန်တလှည့် ကျေးဇူးပြုကြမလဲ။ တစ်လလုံးရဲ့ တစ်ရက်၊ တစ်ရက်ရဲ့ တစ်နာရီဖုန်းသော်လည်းကောင်း၊ အတူနေပေးတာသော်လည်းကောင်း လုပ်ပေးနိုင်အောင် ကြိုးစားကြရမယ်။ 

စာရေးသူအပါအ၀င် အားလုံးအတွက်တော့ အတန်ငယ် အကြပ်အတည်း အခက်အခဲရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ မိဘအတွက် ဖုန့်ဝယ်ပို့တာ၊ တကူးတက အချိန်ဖြုန်းတီးပြီး အတူထမင်းစားတာ၊ ဖုန်းထဲမှာ ကိုယ့်အမေမိဘက ရောက်တတ်ရာရာပြောတာမျိုးတွေကို လိုက်လျောစိတ်ရှည် နားထောင်တာမျိုး ဖန်တီးလုပ်ဆောင်ပေးကြရပါလိမ့်မယ်။ ဒါဆိုရင် အမေမိဘနဲ့ သားသမီးကြား မဟာရန်မဖက်ရင်ထဲရောက်တဲ့ အပြန်အလှန်ထားတဲ့ မေတ္တာရေတွေ စုန်ချီဆန်ချီစီးဆင်းလို့ သားသမီးရဲ့ဝန်တာတစ်စိတ်တစ်ပိုင်း ကျေရာကျေကြောင်း ဖြစ်စေမယ်လို့ပြောကြားရင်း အကြံပြုပါရစေ။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment