မနက်စောစောထခြင်းနဲ့ အောင်မြင်ခြင်းလမ်းစ










ဘ၀မှာနယ်ပယ်ကဏ္ဍအသီးသီးအလိုက် အောင်မြင်နေတဲ့သူအများစုမှာ တွေ့ရှိလေ့ရှိတာက မနက်စောစောထလေ့ရှိတာပါပဲ။ ဒီလိုမနက်စောစောထပြီး လုပ်စရာရှိတဲ့အလုပ်တွေကို ဇွဲလုံ့လရှိရှိနဲ့ လုပ်ဆောင်မယ်ဆိုရင် ကိုယ်လည်းတစ်နေ့မှာ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ရာ ခိုင်နှုန်းများမှာဖြစ်ပါတယ်။ ဒီလိုမနက်စောစောထခြင်းရဲ့ အကျိုးကျေးဇူးက ရက်ပိုင်းအတွင်း မသိသာနိုင်ပေမယ့် လအနည်းငယ်အကြာမှာတော့ ကိုယ်သတိထားမိလောက်တဲ့အထိ ထူးထူးခြားခြား အကျိုးပေးလာပါလိမ့်မယ်။ မနက်စောစောထပြီး ဘာတွေလုပ်ရမလဲဆိုရင်တော့…

မနက်စောစောထပါ
ဒီလို မနက်စောစောထဖို့က သာမန်လူတိုင်းအတွက် ခက်ခဲနိုင်တာအမှန်ပါပဲ။ ဒါပေမဲ့ ကိုယ်က အောင်မြင်ချင်တယ်ဆိုရင်တော့ အဲဒီအခက်အခဲတွေကို အရင်ဆုံးကျော်ဖြတ်ဖို့လိုအပ်ပါတယ်။ မနက် ၅ နာရီ၊ ၅ နာရီခွဲလောက်ထပြီး နေ့သစ်ကို စိတ်သစ်လူသစ်နဲ့ကြိုဆိုနိုင်မယ်ဆိုရင် အဲဒီတစ်နေ့တာအတွင်း ကြုံတွေ့လာမယ့်အခက်အခဲတွေကိုလည်း ရင်ဆိုင်ဖြေရှင်းဖို့ ခွန်အားတွေပိုင်ဆိုင်လာနိုင်ပါတယ်။ တစ်နေ့တာအတွင်းအလုပ်တွေပိုလုပ်ချင်တယ်ဆိုရင် မနက် ၅ နာရီလောက်ထ အလုပ်လုပ်၊ ၇ နာရီလောက်မှာ မနက်စာစား ဒါဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းဖို့ နီးစပ်နေပါပြီ။ လက်ရှိအမေရိကန်သမ္မတအိုဘားမားတောင် မနက် ၄ နာရီ ခွဲ ၅ နာရီလောက် ထလေ့ရှိတယ်လို့ သိရပါတယ်။

မနက်စောစောအလုပ်လုပ်ခြင်းရှောင်ပါ
ကိုယ်က မနက်စောစောထမယ်ဆိုရင် ခန္ဓာကိုယ်ကလည်း လန်းဆန်းတတ်ကြွနေပြီး အလုပ်လုပ်ဖို့အတွက် အကောင်းဆုံးခွန်အားတွေရှိနေနိုင်တယ်လို့ ယူဆရပေမယ့် တကယ်တမ်းမှာတော့ တစ်နေ့တာလုံး လုပ်ရမယ့်ကိစ္စတွေအတွက် မနက်စောစောမှာ အားအင်အပြည့်ဖြစ်နေအောင်လုပ် ထားသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအားသာချက်ကို ပိုမိုထင်ရှားစေသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ အရလည်း ပိုမိုတိုးတက်လာနိုင်ပါတယ်။

 မနက်စောစောထပြီး ကိုယ့်ရဲ့တစ်နေ့တာလုံးလုပ်ဆောင်ရမယ့်အလုပ်တွေကို စာရင်းဇယားနဲ့ အတိအကျ တွက်ချက်လုပ်ဆောင်ဖို့ ကြိုတင်ပြင်ဆင်ရာမှာလည်း ပိုမိုအားဖြည့်ပေးနိုင်ပါတယ်။  မနက်စောစောမှာ အလုပ်လုပ်တာထက် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပန်းခြံထဲမှာ လမ်းလျှောက်ထွက်တာမျိုး၊ ယောဂကျင့် တာမျိုး လူတွေက ပိုမိုအသုံးဝင်လာနိုင်ပြီး အဲဒါတွေကို တစ်နာရီလောက်လုပ်ပေးခြင်းအားဖြင့် တစ်နေ့ တာလုံး ကြုံတွေ့ရမယ့် အခက်အခဲပြဿနာတွေအတွက် ကိုယ့်ဘက်ကရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့်ရှိနိုင် ပါတယ်။

မနက်စာစားပါ
မနက်စာက လူတိုင်းအတွက် အရေးပါတယ်ဆိုတာ အားလုံးနီးပါးသိပေမယ့် အောင်မြင်သူတိုင်းကလည်း ဘယ်လောက်အလုပ်ရှုပ်ရှုပ် မနက်စာကိုတော့ အချိန်ပေးစားသုံးလေ့ရှိပါတယ်။ ဒီလို မနက် စာကိုကောင်းကောင်းစားခြင်းအားဖြင့် ကိုယ့်ကိုအားဖြစ်စေပြီး ဦးနှောက်နဲ့ခန္ဓာကိုယ်တွင်း သွေးလည်ပတ် လှုပ်ရှားမှုတွေကိုပါ ပိုမိုအားကောင်းစေပါတယ်။ တကယ်လို့ ကိုယ်က ညစာနောက်ကျမှစားဖြစ်တယ်ဆိုရင် မနက်စောစောစီးးစီး မနက်စာမစားသင့်ပေမယ့် အိပ်ရာကနိုးပြီး နာရီအနည်းငယ်အကြာမှာတော့ မနက်စာစားသုံးသင့်ပါတယ်။ အဲဒီလိုမနက်စာစားရာမှာလည်း ဦးနှောက်နဲ့ခန္ဓာကိုယ် သွေးလည်ပတ် မှုကိုပိုမိုအားကောင်းစေတဲ့ အစားအသောက်တွေကို ပိုမိုစားသုံးသင့်ပြီး တကယ်လို့ကိုယ်က မနက်စာ မစားဖြစ်ရင် တစ်နေ့တာလုံး အလွယ်တကူ စိတ်ဆိုးဒေါသထွက်လေ့ရှိပါတယ်။\

တိတ်ဆိတ်ခြင်းမှာပျော်ဝင်ပါ
အခုလိုလူဦးရေထူထပ်လာတဲ့ကာလမျိုးမှာ ကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေနိုင်တဲ့ အချိန်တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ ဆိုတာ အတော်လေးခက်နေပါပြီ။ မနက်စောစောထဖြစ်တယ်ဆိုရင်တော့ အဲဒီအချိန်လေးကို ပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပြီး တစ်ယောက်တည်းလေ့ကျင့်ခန်းလုပ်၊ တစ်ယောက်တည်းမနက်စာစားနေချိန်မှာတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိတ်အေးအေးချမ်းချမ်းရှိနေလို့ ကိုယ့်ရဲ့စိတ်ကိုပါ ငြိမ်းချမ်းစေနိုင်ပါတယ်။ 

မနေ့ကအရာတွေကို အနောက်မှာထားခဲ့ပါ
ဒီအချက်ကလည်း အရေးပါတဲ့အချက်အဖြစ်ပါဝင်နေပြီး မနက်စောစောအိပ်ရာကနိုးချိန်မှာ မနေ့ကကိုယ့်ရဲ့ ဆုံးဖြတ်ချက်အမှားတွေ၊ ဆုံးရှုံးမှုတွေ၊ ရွေးချယ်မှုအမှားတွေနဲ့ပတ်သက်လို့ စိတ်ဆင်းရဲခံပြီး ပြန်လည် စဉ်း စားနေမယ်ဆိုရင် ကိုယ်ပဲစိတ်ဒုက္ခရောက်ရမှာပါ။ မနေ့ကပြဿနာတွေအတွက် ကိုယ့်ဘက်ကမှားနေမယ် ဆိုရင် ပြန်လည်တောင်းပန်ဖို့ ၀န်လေးနေစရာမလိုသလို ကိုယ့်ဘက်ကမမှားဘူးဆိုရင်တောင် အဲဒီပြဿနာ ကိုမေ့လိုက်တာက အကောင်းဆုံးပါပဲ။ အဲဒီပြသသနာတွေ အရှုံးတွေအစား နေ့သစ်မှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုအသစ်တွေအတွက် အဆင်သင့်ဖြစ်နေဖို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။ အတိတ်ကာလမှာ ဖြစ်ပျက်ခဲ့သမျှကို ဘယ်သူမှပြန်လည်ပြင်ဆင်နိုင်မှာမဟုတ်ပေမယ့် အနာဂတ်မှာတော့ ပိုမိုကောင်းမွန်တဲ့ ဘ၀ပိုင်ဆိုင်နိုင်ဖို့ ကိုယ်ကိုယ်တိုင်ကပဲ လုပ်ဆောင်နိုင်တယ်ဆိုတာ နားလည်လက်ခံထားရပါလိမ့်မယ်။

ယုံကြည်မှုရှိပါ
ဒီအချက်ကတော့ အောင်မြင် သူတိုင်းရဲ့ လက်စွဲဖြစ်ပြီး ဒီလိုယုံကြည်မှုရှိတာက ကိုယ့်ရဲ့စိတ်ဓာတ်ပိုင်းကိုပါ တစ်နည်းတစ်ဖုံတွန်းအားပေးနိုင်စွမ်းရှိပါတယ်။ မနက်စောစောအိပ်ရာကနိုးတာနဲ့ အကြံဉာဏ်သစ်တွေ အတွေးအခေါ်သစ်တွေဝင်လာဖို့အတွက် ကိုယ့်ရဲ့ဦးနှောက်ကို မထိန်းချုပ်ထားဘဲ ၀င်လာသမျှ အတွေး တိုင်းကို ယုံကြည်မှုနဲ့ပိုင်းခြားဆင်ခြင်နိုင်ဖို့လိုအပ်ပါတယ်။ နေ့တစ်နေ့ကို ယုံကြည်မှုနဲ့စတင်နိုင်ပြီ ဆိုရင်တော့ အဲဒီနေ့မှာကိုယ့်အတွက် ကောင်းကျိုးတွေပေါ်ပေါက်လာနိုင်ဖို့က ရာခိုင်နှုန်းများလာပါလိမ့်မယ်။

အပြင်ထွက်လမ်းလျှောက်ပေးပါ
ဘယ်သူမှမရှိတဲ့လမ်းမထက်မှာ အေးမြလတ်ဆတ်တဲ့ မနက်ခင်းလေကိုရှူရှိုက်ပြီး လမ်းလျှောက်ရ တာလောက် ကောင်းမွန်တာမရှိနိုင်ပါဘူး။ ပတ်ဝန်းကျင်က ငြိမ်သက်အေးချမ်းနေသလို အဲဒီအချက်က ကိုယ့်ရဲ့စိတ်ကိုပါ အေးချမ်းလာစေနိုင်ပါတယ်။ ဒီလိုအပြင်ထွက်လမ်းလျှောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအရ ကိုယ်လက်လှုပ်ရှားမှုသဘော သက်ရောက်နိုင်သလို စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုကိုလည်းရှာဖွေနိုင်မှာဖြစ်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment