တကယ်လို့ကိုယ်က
အသက် ၂၀ ကျော်ဆယ်ကျော်သက်အရွယ်စွန်းတဲ့အထိ မိဘရင်ခွင်ရိပ်မှာ ခိုလှုံမယ် ဆိုရင်လည်း လုံလောက်တဲ့အကြောင်းပြချက်တွေ
အများအပြားရှိနေပါတယ်။ မိဘတွေကလည်း ကိုယ့်သား သမီးတွေကို ဘယ်အရွယ်ရောက်ရောက် ကလေးတစ်ဦးလိုပဲ
သဘောထားလေ့ရှိတာကြောင့် ကိုယ်က အသက် ၂၀ ကျော်တဲ့တိုင် မိဘရင်ခွင်ရိပ်မှာ ခိုလှုံချင်တယ်ဆိုရင်လည်း
မိဘတွေအတွက် ပြဿနာ မရှိနိုင်ပါဘူး။ ဒီလိုအသက်ကြီးတဲ့အထိ မိဘနဲ့အတူနေပြီး မိဘရဲ့ကျွေးမွေးပြုစုမှုအောက်မှာဆက်ရှိနေလို့
ပတ်ဝန်းကျင်က မေးငေါ့လာရင်လည်း သူတို့အနေနဲ့ ကိုယ့်ရဲ့အခြေအနေကို ခရေစေ့တွင်းကျ မသိတာကြောင့်
ကိုယ်ကပဲနားလည်ပေးသင့်ပါတယ်။
အဲဒီလိုမေးငေါ့နေတဲ့ပတ်ဝန်းကျင်ကလူတွေကို ကိုယ့်ရဲ့အကြောင်းသိလာစေဖို့
ရှင်းပြရမှာဖြစ်ပြီး အသက်ကြီးတဲ့အထိ မိဘရဲ့ရင်ခွင်ရိပ်မှာ ခိုလှုံနေရတဲ့အကြောင်းပြချက်ကောင်းတွေကိုလည်း
သူတို့ သိအောင် ကိုယ်ကရှင်းပြရမှာဖြစ်ပါတယ်။
အကြွေးလျှော့ချခြင်း
အသက် ၂၀ ကျော်တဲ့အရွယ်အထိ
မိဘရဲ့လုပ်စာကိုထိုင်စားနေရတဲ့ အကြောင်းအချက်တွေ များစွာရှိတဲ့ အနက် အထင်ရှားဆုံးအချက်ကတော့
ကိုယ့်မှာတင်နေတဲ့ကြွေးမြီတွေလျှော့ချခြင်းပဲဖြစ်ပါတယ်။ ကိုယ်က အသက် ၂၁၊ ၂၂ ရောက်နေတာတောင်မှ
အကြောင်းအမျိုးမျိုးကြောင့် များပြားလှတဲ့အကြွေးတွေတင်နေရင် မိဘအိမ်ပြန်ပြီး ကိုယ့်ရဲ့ကုန်ကျစရိတ်တွေလျှော့ချခြင်းအားဖြင့်
ကြွေးမြီတွေကို တစ်ဖက်တစ်လမ်းကနေ လျှော့ချနိုင်မှာဖြစ်ပါတယ်။
မှန်ကန်တဲ့အလုပ်ရှာဖွေခြင်း
မိဘတွေနဲ့အတူနေထိုင်ရင်း
အလုပ်လုပ်ကာ မိဘတွေကိုရှာဖွေကျွေးမွေးနေတဲ့သားသမီးတွေ အများ အပြားရှိသလို မိဘရင်ခွင်အောက်မှာ
ခိုလှုံရင်းမှန်ကန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရှာဖွေနေတဲ့ သားသမီးတွေအများအပြားရှိပါတယ်။
အဲဒီလို အမြဲတမ်းအလုပ်ရှာဖွေနေရင်း အချိန်ပိုင်းအလုပ်တွေ ဝင်လုပ်ကာ မိဘအတွက် တစ်ဖက်တစ်လမ်းက၀င်ငွေရအောင်လည်း
ရှာဖွေကျွေးမွေးနေတဲ့ သားသမီးတွေ ရှိပါတယ်။ တစ်ခါတလေမှာ ကိုယ့်ဘ၀တစ်ခုလုံးအတွက် သင့်တော်မှန်ကန်တဲ့အလုပ်ရဖို့ဆိုတာ
အချိန် ကာလအားဖြင့် နှစ်အတန်ကြာတတ်ပြီး အဲဒီလိုအချိန်မျိုးမှာ အလုပ်ရှာဖွေလို့ ကုန်ကျလာတဲ့ စရိတ်တွေပြန် ကာမိအောင်
အချိန်ပိုင်းအလုပ်တွေလည်း ၀င်လုပ်သင့်ပါတယ်။ အဲဒီလိုလုပ်ပေးခြင်းအားဖြင့် ကိုယ်လည်း ဘ၀တစ်ခုလုံးအတွက်
သင့်တော်မယ့်မှန်ကန်တဲ့အလုပ်ရှာဖွေနိုင်ဖို့ လုံလောက်တဲ့အချိန်ရရှိမှာဖြစ်ပါတယ်။
အနာဂတ်အတွက်ငွေစုခြင်း
ကိုယ်ကကျောင်းပြီးသွားလို့
လုပ်ငန်းခွင်ထဲရောက်နေပြီဆိုရင်တောင်မှ ရှေ့ဆက်လျှောက်လှမ်းရမယ့်ဘ၀မှာ သက်သောင့်သက်သာဖြစ်စေနိုင်ရေးအတွက်
ကြိုတင်ငွေစုခြင်းကလည်း မိဘအရိပ်အောက်မှာ ခိုလှုံရခြင်း ရဲ့ အကြောင်းအချက်တစ်ခုဖြစ်ပါတယ်။
ကိုယ့်ရဲ့ဝင်ငွေကို မိဘဆီအပ်သင့်တာအပ်၊ ကိုယ့်ဘ၀အနာဂတ် အတွက် စုသင့်တာစုရမှာဖြစ်ပါတယ်။
ဒီလိုမှငွေမစုနိုင်ဘူးဆိုရင် အကြောင်းအရာတစ်ခုခုကြောင့် ပြဿနာ တက်လာတဲ့အခါ ဖြေရှင်းဖို့
ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်တတ်ပါတယ်။
မိဘအရိပ်အောက်ကနေ မထွက်ခွာခင် ကိုယ့်ဘက်က ငွေကြေးပိုင်းနဲ့ပတ်သက်လို့
ပြီးပြည့်စုံနေဖို့ အရေးကြီးပြီး ဒီလိုမဟုတ်ဘဲ မပြည့်မစုံနဲ့ဘ၀တစ်ခုတည်ဆောက်လို့ ပြဿနာတစ်ခုခုတက်လာပြီဆိုရင်
မိဘတွေဆီပဲ ပြန်အပူကပ်ရတာမကောင်းပါဘူး။ မိဘတွေဘက်ကလည်း ကိုယ့်ရင်ခွင်အောက်မှာ ခုံလှုံနေ ရင်း
အနာဂတ်အတွက် ငွေကြေးစုဆောင်းနေတဲ့ သားသမီးတွေကို ခွင့်လွှတ်နားလည်ပေးမှာဖြစ်ပြီး ကိုယ့်သားသမီးတွေအနာဂတ်လှပအောင်
ကိုယ့်ဘက်ကတတ်နိုင်သလောက် ၀ိုင်းဝန်းကူညီပံ့ပိုးပေးမှာလည်းသေချာပါတယ်။
အလုပ်လိုအပ်ချက်ကြောင့်နေထိုင်ရခြင်း…
တကယ်လို့
ကိုယ့်အလုပ်ကခရီးမကြာခဏထွက်နေရတဲ့အလုပ်မျိုးဆိုရင် ကိုယ့်ဘာသာကိုယ် တစ်ယောက် တည်းနေပြီး
ကိုယ့်အိမ်ကို ပစ်ထားတာမျိုးဖြစ်လာနိုင်ပါတယ်။
ကိုယ်က ခရီးမကြာခဏထွက်နေလို့ အိမ်မှာမနေဖြစ်ဘူးဆိုရင် မိဘအိမ်မှာသွားနေတာက ပိုအဆင်ပြေနိုင်ပါတယ်။
အလုပ်လိုအပ်ချက်ကြောင့် ခရီးဝေးမှာအိမ်ငှားရပြီဆိုရင် ကုန်ကျစရိတ်ပိုမိုမြင့်မားလာမှာဖြစ်ပြီး
အဲဒီအတွက်ကြောင့်မိဘအိမ်မှာပဲနေပြီး ငွေကိုခြိုးခြံချွေတာဖို့လိုအပ်ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း…
၂၀၁၀ ခုနှစ်ကဖြစ်ပွားခဲ့တဲ့
ကမ္ဘာ့စီးပွားပျက်ကပ်က အခုဆိုရင် နိုင်ငံအများစုနလန်ပြန် ထူလာနိုင်ပြီဖြစ်ပေ မယ့် အရင်လို
စီးပွားရေးအင်အားအကောင်းဆုံးအနေအထားကိုတော့ ပြန်မရောက်သေးပါဘူး။ အဲဒီတော့ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း
ရှားပါးနေဆဲဖြစ်ပြီး အလုပ်မရှိဘဲဘ၀ကိုဖြတ်သန်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဲဒီတော့
အလုပ်မရမချင်း မိဘအရိပ်အောက်မှာ ခိုလှုံတာက အသင့်တော် ဆုံးဖြစ်ပြီး မိဘနဲ့ဆွေမျိုးသားချင်းတွေကလည်း
ဒီအချက်ကိုနားလည်သဘောပေါက်ပေးမှာပါ။
မိဘတွေအပေါ်
ဝန်ပိမှုလျော့နည်းစေခြင်း
ဒီအချက်နဲ့ပတ်သက်လို့
အငြင်းပွားလာနိုင်ပေမယ့် အလုပ်မရှိအကိုင်မရှိဖြစ်နေတုန်း အပြင်မှာနေတာထက် မိဘအိမ်မှာနေတာက
ကိုယ့်မိဘတွေကို ၀န်ထုပ်ဝန်ပိုးဖြစ်မှု ပိုမိုနည်းပါးစေပါတယ်။ အသက် ၂၀ ကျော် အရွယ် သားသမီးအများစုဟာ
အပျံသင်ခါစအရွယ်မှာ မိဘရင်ခွင်အရိပ်ကိုခြေစုံကန်ပြီးဘ၀ သစ်တည်ဆောက်ဖို့ ကြိုးစားလေ့ရှိပေမယ့်
အများစုကတော့အဆင်မပြေလို့ မိဘအိမ်ပြန်ရောက်လာရင် ပြဿနာတွေပါ ပါလာတတ်ပါတယ်။
ဒီတော့ မိဘတွေကလည်း
အဲဒီပြဿနာတွေကိုဖြေရှင်းရတာနဲ့ ကိုယ့်ကြောင့်ဝန်ထုပ်ဝန်ပိုးပိုဖြစ်ရပါတယ်။ တကယ်လို့
ကိုယ်ကအလုပ်မရှိတဲ့အချိန် မိဘအိမ်မှာပဲနေမယ်ဆိုရင် ကိုယ့်အတွက်ကုန်ကျစရိတ်က ပိုမို နည်းပါးမှာဖြစ်ပြီး
ဒီတော့ မိဘတွေဘက်ကလည်း ကိုယ့်အတွက်ကြောင့် ၀န်ထုပ်ဝန်ပိုးထမ်းစရာ မလိုတော့ ပါဘူး။
ပညာဆက်လက်သင်ကြားခြင်း…
တက္ကသိုလ်ကျောင်းတွေအနက်
အသက်မွေးဝမ်းကျောင်းဆိုင်ရာတက္ကသိုလ်တွေက ကျောင်းပြီးဖို့နှစ် အတန်ကြာစောင့်ဆိုင်းရတတ်ပါတယ်။
အဲဒီအချိန်မှာ ကိုယ်ကလည်း ကျောင်းတစ်ဖက်နဲ့ အချိန်ပြည့် ၀န်ထမ်းအဖြစ် အလုပ်လုပ်ဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ဘဲ အများဆုံးအနေနဲ့ ကျောင်းပိတ်ရက်မျိုးတွေမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်တာလောက်ပဲဖြစ်နိုင်ပါတယ်။
ဒါတောင် ကိုယ့်ရဲ့ကျောင်းစာကိုမထိခိုက်စေဖို့ အတော်လေးကြိုးစားရမှာဖြစ်ပါတယ်။ အဲဒီတော့
မိဘတွေနဲ့အတူနေပြီး ကျောင်းသင်ခန်းစာကို အပြည့်အ၀အာရုံစိုက်တာက ကိုယ့်ရဲ့ရည်မှန်းချက်ပြည့်ဝလာနိုင်မှာဖြစ်သလို
ကျောင်းပြီးသွားချိန်မှာ မိဘတွေကိုလည်း ပြန်လည်လုပ်ကျွေးနိုင်မှာဖြစ်ပါတယ်။
ကိုယ်ပိုင်မိသားစုတစ်ခုစတင်ခြင်း…
တချို့လူငယ်တွေက
အသက် ၂၀ ကျော်အရွယ်နဲ့ ကိုယ်ပိုင်မိသားစုတည်ဆောက်နေတာမျိုး ဖြစ်နေပါပြီ။ အသက်ငယ်ငယ်နဲ့အိမ်ထောင့်တာဝန်မနိုင်မနင်းထမ်းဆောင်နေရလို့
ငွေရေးကြေးရေးပိုင်းနဲ့ တခြားသော လူမှုရေးစိန်ခေါ်မှုတွေက ကိုယ့်ကိုအပြင်းထန်ဆုံးရိုက်ခတ်လာပါလိမ့်မယ်။
ဒီအတွက်ကြောင့် အတွေ့အကြုံ ကြွယ်ဝတဲ့ မိဘအရိပ်အောက်မှာခိုလှုံရင်း ကိုယ့်ရဲ့မိသားစုအခြေကျလာအောင်အချိန်ပေးတာကလည်း
နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့ကိုယ်က ကလေးတွေဘာတွေရလာပြီဆိုရင်လည်း မိဘတွေရဲ့လမ်းညွှန်မှုအောက်မှာ
ကိုယ့်ကလေးကို အကောင်းဆုံးထိန်းကျောင်းပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။
ကိုယ်ကလူလားမြောက်တဲ့အရွယ်ရောက်လာတဲ့အချိန်အထိ
မိဘအရိပ်အောက်မှာ ခိုလှုံတာဟာ ကိုယ့်မိဘတွေအပေါ်မှာဘဲ မူတည်ပါတယ်။ အဲဒီလိုမိဘအရိပ်အောက်မှာ
ခိုလှုံနေတုန်းပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုမှန်သမျှကို ကိုယ့်ဘက်ကကြံ့ကြံ့ခံနိုင်ဖို့လိုအပ်ပြီး
မိဘတွေအိုမင်းမစွမ်းဖြစ်လာချိန်မှာ ပြန်လည်ကြည့်ရှုဆောင်မဖို့တော့ လိုအပ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment