အမြဲလိုမောပန်းနွမ်းနယ်နေတာဘာကြောင့်များလဲ








အိပ်ရေးဝဝမအိပ်ခြင်းက တစ်နေ့လုံး မောပန်းနွမ်းနယ်ခြင်းဖြစ်စေတတ်တာ အတော်များများ သိထားကြ မှာဖြစ်ပြီး အိပ်ရေးမဝခြင်းက မောပန်းနွမ်းနယ်မှုဖြစ်စေတဲ့ အဓိကအချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အိပ်ရေးမ၀ခြင်းအပြင် ကိုယ့်ရဲ့စွမ်းအင်ကိုကုန်ခန်းစေမယ့် တခြားအချက်တွေလည်း အများအပြား ရှိနေပါ တယ်။ တကယ်လို့ကိုယ်က ည တိုင်း ၆ နာရီကနေ ၈ နာရီကြား အိပ်ရင်တောင်မှ အဲဒီနေ့မှာ မောပန်းနွမ်း နယ်ခြင်းတွေ ခံစားနေရတဲ့အခါ ဘယ်အချက်တွေကြောင့် ဖြစ်မလဲဆိုတာ လေ့လာကြည့်ချင်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း
လူတော်တော်များများက စိတ်ပင်ပန်းနွမ်းနယ်နေချိန်မှာ ပုံမှန်ပြုလုပ်နေကျ ကာယလေ့ကျင့်ခန်းတွေကို ကျော်သွားလေ့ရှိပါတယ်။ အဲဒီလို ပြုလုပ်ခြင်းဟာစိတ်ဓာတ်ပြန်လည်တတ်ကြွလာအောင် မစွမ်းဆောင်နိုင် သလို ကိုယ့်ရဲ့စွမ်းအင်ကို ချွေတာရာလည်းမရောက်ပါဘူး။ ဂျော်ဂျီယာတက္ကသိုလ်ရဲ့ စစ်တမ်းကောက်ယူ မှုတွေ အရ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာဟာ ကိုယ်ခန္ဓာရဲ့ ခံနိုင်ရည်စွမ်းအားကိုပါမက စိတ်ဓာတ်ခွန်အား ကိုပါ တတ်ကြွစေတယ်လို့သိရပါတယ်။

 နောက်ပြီး အဲဒီလိုပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့နှလုံးနှင့်သွေးကြောများစနစ်ကို အထောက်အပံ့ပေးနိုင်သလို ကြွက်သားတွေအတွက် အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေရရှိဖို့လည်း ပိုမိုလွယ်ကူစေပါတယ်။ အဲဒီတော့  ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်ရမယ့်ဟာတွေကို ဖျက်သိမ်းဖို့ စဉ်းစားတဲ့ အခါ ဒီအချက်တွေကိုပြန်လည်သတိရဖို့ လိုအပ်ပါတယ်။ 

ကိုယ်ခန္ဓာမှရေဓာတ်များကုန်ခန်းခြင်း
အာဟာရဗေဒပညာရှင်တွေရဲ့အဆိုအရ သွက်လက်ကျန်းမာတဲ့ အမျိုးသမီးတွေမှာ ကိုယ်ခန္ဓာ ရေဓာတ် ကုန်ခန်းခြင်းက ၁.၅ ရာ ခိုင်နှုန်းအောက်မရောက်ဘူးလို့ သိရပါတယ်။ ကိုယ်ခန္ဓာမှာ ရေဓာတ်ကုန်ဆုံးခြင်း က ခန္ဓာကိုယ်တွင်းရှိ သွေးပမာဏကိုလျော့နည်းစေပြီး အဲဒီလိုသွေးပမာဏလျော့နည်းလာတာနဲ့အမျှ ခန္ဓာကိုယ်အနှံ့ရှိ သွေးတွေကို စုပ်သွင်းတဲ့နှလုံးရဲ့ အလုပ်လုပ်ပုံကလည်း သဘာဝမကျဖြစ်လာတတ် ပါတယ်။ ရေဓာတ်ကုန်ခန်းခြင်းက သွေးအတွင်းရှိ အောက်ဆီဂျင်ပမာဏကိုလည်း နည်းပါးစေပြီး ကိုယ်လက်လှုပ်ရှားမှုနည်းနည်းပြှုလုပ်လိုက်တာနဲ့ မောပန်းနွမ်းနယ်ခြင်းခံစားရတတ်ပါတယ်။ 

နံနက်စာမစားခြင်း
စွမ်းအင်ကို ကုန်ခန်းစေတဲ့ နောက်ထပ်အချက်တစ်ခုကတော့ နံနက်စာပုံမှန်မစားသုံးခြင်းဖြစ်ပါတယ်။ တကယ်လို့ကိုယ်ကနံနက်စာကို ကောင်းကောင်းမွန်မွန်နဲ့ အာဟာရမျှမျှတတစားမယ်ဆိုရင် တစ်နေ့လုံး လန်းဆန်းတတ်ကြွနေနိုင်ပါတယ်။ နေ့တစ်နေ့ရဲ့ပထမဆုံးအစားအစာက အဲဒီတစ်နေ့လုံးအတွက် ကိုယ့်ရဲ့ အကောင်းဆုံးလောင်စာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီလိုနံနက်စာစားသုံးရာမှာလည်း ပရိုတိန်း ဓာတ်ပါဝင်တဲ့အစားအစာတွေနဲ့ အစေ့အစံတွေများများပါဝင်တဲ့ အစားအစာတွေကို ဦးစားပေးစားသုံးသင့်ပါတယ်။ 

တိုလီမိုလီအစားအစာများစားခြင်း
တိုလီမိုလီအစားအစာတွေက ကိုယ့်ကိုကျန်းမာရေးအတွက်အသုံးဝင်နိုင်တဲ့ အစားအစာတွေထက် ပိုမို ဆွဲဆောင်စေနိုင်တာမှန်ပေမယ့် တကယ်တမ်းစားသုံးသင့်တဲ့အစားအစာတွေတော့မဟုတ်ပါဘူး။ အဲဒီ အစားအစာတွေမှာ ကစီဓာတ်နဲ့ သကြားတွေအများအပြားပါဝင်ပြီး သွေးလည်ပတ်မှုကို ကျဆင်းစေနိုင်လို့ ကိုယ့်ရဲ့ခံနိုင်ရည်အားကလည်း ကျဆင်းစေနိုင်ပါတယ်။ အဲဒီလို တိုလီမိုလီအစားအစာတွေကို တစိုက် မတ်မတ်စားသုံးမယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုဖြစ်စေရုံသာမက အ၀လွန်ခြင်းတို့လို တခြားဘေးထွက် ဆိုးကျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ အဲဒီလို အစားအစာတွေအစား ကျန်းမာရေးအတွက်သင့်တော်တဲ့ ဆော်မွန်ငါး၊ ဆန်လုံးညို၊ ဆလတ်ရွက်၊ အာလူးစတဲ့အစားအစာတွေကို စားသုံးသင့်ပါတယ်။

သံဓာတ်မလုံလောက်ခြင်း
သံဓာတ်မလုံလောက်တာကလည်း ကိုယ့်ကိုစိတ်ကသိကအောက်ဖြစ်စေသလို ကိုယ်ခံအားလည်းနည်းစေ ပါတယ်။ ကြွက်သားနဲ့ ဆဲလ်တွေဆီလုံလောက်တဲ့အောက်ဆီဂျင်မရောက်ရှိတဲ့အတွက် မောပန်းနွမ်း နယ်ခြင်းခံစားရလာပြီး သံဓာတ်ပြည့်ဝစေရေးအတွက် တို့ဟူး၊ ပဲတောင့်ရှည်၊ အဆီနည်းတဲ့အသားတို့ကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

အပြီးပြည့်စုံဆုံးဖြစ်အောင် ကြိုးစားခြင်း
ဘာပဲလုပ်လုပ်အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်တာက ကောင်းမွန်တဲ့အချက်ဖြစ်ပေမယ့် အရာရာ တိုင်းကို အပြီးပြည့်စုံဆုံးဖြစ်အောင်ကြိုးပမ်းခြင်းက ကိုယ့်ရဲ့စိတ်ကိုပါ ပင်ပန်းနွမ်းနယ်စေပါတယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကန့်သတ်ချက်နဲ့ လိုအပ်တာထက်ပိုမိုပြီး အလုပ်တွေပိုလုပ်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပဲရလိမ့်မယ်ဆိုတာနားလည်လက်ခံထားရပါလိမ့်မယ်။ မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေထားရှိပြီး အဲဒီရည်မှန်းချက်မပြည့်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကျေနပ်အားရခြင်းမရှိတော့ဘဲ ပင်ပန်းနွမ်းနယ်သလိုပါ ခံစားရစေပါတယ်။ 

အိပ်ရာမ၀င်ခင်အရက်သောက်ခြင်း
အရက်သောက်တာက ကောင်းကောင်းအိပ်ပျော်စေတယ်လို့ ထင်မှတ်ထားသူတွေဟာ တကယ်တော့အကြောင်းပြချက်ပေးတာပါပဲ။ တကယ်တမ်းမှာတော့ အယ်လ်ကိုဟောက ကိုယ့်ရဲ့အဓိက အာရုံကြောနဲ့ဆိုင်တဲ့စနစ်တွေကို လျှော့ချပေးပြီး အချိန်တစ်ခဏလေးပဲစိတ်ကိုငြိမ်သက်စေပါတယ်။ အဲဒီနောက် ဟော်မုန်းဓာတ်တွေ တဖြည်းဖြည်းများလာတာနဲ့အမျှ ညလယ်လောက်ရောက်ရင် အလိုလိုအိပ်ယာကနိုးလာပြီး ပြန်အိပ်မရတဲ့ပြဿနာနဲ့ပါ ရင်ဆိုင်ရလာနိုင်ပါတယ်။ အဲဒီလိုဆိုရင် အိပ်ရေးမ၀တဲ့ဒဏ်က နောက်တစ်နေ့လုံးမှာ ကိုယ့်ကိုဒုက္ခပေးနိုင်ပါလိမ့်မယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment